ဒီအချက်လေးတွေကို သေချာလုပ်ဆောင်မယ်ဆိုရင် အချစ်တွေ ခိုင်မြဲနေမှာပါ။

ကိုယ့်ရဲ့လက်ရှိချစ်သူနဲ့ပဲ တစ်ဘဝလုံးကုန်ဆုံးချင်တာ မိန်းကလေးအများစုရဲ့ အိပ်မက်မဟုတ်လား။ ဒါကြောင့် ကိုယ့်ရဲ့ချစ်သူနဲ့ အချစ်တွေခိုင်မြဲသထက် မြဲအောင် ဘယ်လိုညှိနှိုင်းပြီး လက်တွဲလို့ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 



၁။ရယ်မောပျော်ရွှင်ပါ 

နှစ်ဦးသားမှာ တစ်ယောက်ယောက်က ဟာသဉာဏ်ရွှင်သူဖြစ်ရင်ပိုကောင်းပါတယ်။ ရယ်မောပျော်ရွှင်ခြင်းက ချစ်သူနှစ်ဦးကြားတင်းမာမှုတွေကို လျှော့ချပေးပြီး စိတ်လက်ပေါ့ပါးစေပါတယ်။ လေ့လာချက်တွေအရ ရယ်မောပျော်ရွှင်နေတဲ့ စုံတွဲတွေဟာ တခြားစုံတွဲတွေထက် ပိုမိုခိုင်မြဲကြကြောင်းတွေ့ရပါတယ်။ ဒီတော့ ချစ်သူနဲ့ ဟာသလေးတွေ ပြောပြီး နှစ်ဦးကြား ရယ်မောပျော်ရွှင်စရာ‌လေးတွေ ဖန်တီးပါ။ 

၂။ဟန်ဆောင်တာတွေလျှော့ပါ 

ဟန်ဆောင်တာတွေက စိတ်မသက်မသာမှုတွေကို ခံစားရစေပါတယ်။ ပိုက်ဆံရှိချင်ယောင်ဆောင်တာ ၊ စိတ်အဆင်ပြေချင်ယောင်ဆောင်တာ ၊ မခံစားရသယောင်ယောင် ဟန်ဆောင်နေတာတွေဟာ ကိုယ့်ကိုလည်း စိတ်မသက်မသာခံစားရသလို ချစ်သူနှစ်ဦးကြား ဝေးကွာနေသလိုပါ ခံစားရပါလိမ့်မယ်။ ဒါ့ကြောင့် ချစ်သူရှေ့မှာ ဟန်ဆောင်တာတွေ လျှော့ပါ။ ချစ်သူကိုလည်း ဟန်မဆောင်ဖို့ ပြောထားပါ။ 

spsp.org

၃။ဖြစ်တည်မှုကို လက်ခံပါ 

အရှိအတိုင်းကို လက်ခံတတ်ဖို့လည်း လိုအပ်ပါတယ်။ လောကမှာ ပြီးပြည့်စုံနေတဲ့သူရယ်လို့ မရှိတဲ့အတွက် ကိုယ်ကသာ တကယ်ချစ်နေမိပြီဆိုရင် သူ့ရဲ့ အရှိအတိုင်း၊ သူ့ရဲ့ ဖြစ်တည်မှုတိုင်းကို လက်ခံတတ်ဖို့လိုပါတယ်။ ကိုယ်လက်ခံနေရုံနဲ့လည်း မပြီးသေးပါဘူး။ သူကလည်း ကိုယ့်ရဲ့ အရှိအတိုင်း ၊ ကိုယ့်ရဲ့ ဖြစ်တည်မှုတိုင်းကို လက်ခံတတ်တဲ့ သူကော ဟုတ်ရဲ့လားဆိုတာ ဆန်းစစ်ပါ။ 

၄။သူတပါးနဲ့ နှိုင်းယှဉ်တာရှောင်ပါ 

ဘယ်သူငယ်ချင်းစုံတွဲကတော့ ဘယ်လို ၊ ဘယ်သူကတော့ သူ့ရည်းစားကို ဘယ်လို လက်ဆောင်တွေပေးတာ ၊ ဘယ်သူ့ရည်းစားက ချမ်းသာတာ စသဖြင့် သူတပါးနဲ့ လိုက်လံနှိုင်းယှဉ်နေတာမျိုးတွေ မလုပ်မိဖို့လိုပါတယ်။ သူများတွေဆီမှာလည်း ကိုယ်မမြင်နိုင်တဲ့ အားနည်းချက်တွေ ရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် ချစ်သူနှစ်ဦးကြားမှာ ရန်စကားတွေ ဖြစ်စေမယ့် သူတပါးနဲ့ နှိုင်းယှဉ်တာတွေ မလုပ်မိစေဖို့ လိုပါတယ်။ 

၅။ကိုယ်ပိုင်အချိန်လေးတွေ ထားရှိပါ 

ဘယ်လိုပဲ နှစ်ကိုယ့်တစ်စိတ်တွေ၊ နှစ်ယောက်တစ်ဘဝတွေ ဖြစ်နေပါစေ၊ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်လေးတွေကိုလည်း လေးစားတတ်ဖို့လိုပါတယ်။ သူငယ်ချင်းတွေနဲ့ သွားတွေ့တာ ၊ ကိုယ့်ဝါသနာတွေ လုပ်ဆောင်တာ ၊ မိသားစုကို အချိန်ပေးတာ စတဲ့ တရားလွန်မဟုတ်တဲ့ ကိုယ်ပိုင်အချိန်လေးတွေလည်း ရှိနေသင့်ပါသေးတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်ကို လေးစားတန်ဖိုးထားသလို ချစ်သူရဲ့ ကိုယ်ပိုင်အချိန်လေးတွေကိုလည်း လေးစားတန်ဖိုးထားတတ်ရပါမယ်။ 

၆။တစ်ယောက်ကို တစ်ယောက် အချိန်ပေးပါ 

အပေါ်မှာ ကိုယ်ပိုင်အချိန်လေးတွေထားဖို့ ပြောခဲ့ပေမယ့် တစ်ယောက်ကို တစ်ယောက်အချိန်ပေးဖို့လည်း လိုအပ်ပါတယ်။ တစ်ယောက်တည်းက အချိန်တွေပေးပြီး အသည်းအသန်ဖြစ်နေတာမျိုးကလည်း လုံးဝမကောင်းပါဘူး။ နှစ်ယောက်စလုံးက တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားပြီး အချိန်ပေးတတ်ဖို့လည်း လိုပါတယ်။ ဘဝတက်လမ်းတွေ၊ အလုပ်တွေ၊ မိသားစုတွေ ကိုယ့်ကိုယ်ပိုင်အချိန်တွေလည်း ထားသင့်သလို နှစ်ယောက်အတူတူ မုန့်ထွက်စားတာ ၊ ရုပ်ရှင်ကြည့်တာ ၊ ဈေးဝယ်ထွက်တာ စတဲ့ အတူရှိနေတဲ့အချိန်လေးတွေကို ချစ်ကြည်နူးပျော်ရွှင်စွာဖြတ်သန်းပါ။

၇။သဝန်တိုစိတ်တွေကို ချိန်ညှိပါ 

တချို့သမီးရည်းစားဆက်ဆံရေးတွေမှာ တစ်ယောက်ကို တစ်ယောက် သဝန်တိုစိတ်တွေ အရမ်းများပြီး အချိန်နဲ့အမျှ ဘယ်သူနဲ့ သွားတာလဲ ၊ ဘာလုပ်နေတာလဲ ၊ ဘာလို့ စာမပို့တာလဲ စတဲ့ မေးခွန်းပေါင်းများစွာနဲ့ သဝန်တိုစိတ်မချတဲ့ စိတ်တွေ လွန်ကဲနေတတ်ပါတယ်။ ဒီလို သဝန်တိုစိတ်လွန်ကဲနေတာတွေက ကိုယ့်ကိုလည်း ပူလောင်စေသလို ၊ တစ်ဖက်သားကိုလည်း စိတ်ရှုပ်ထေွးစေပါတယ်။ ဒါ့ကြောင့် နှစ်ဦးကြားမှာ ယုံကြည်မှုတည်ဆောက်ပြီး သဝန်တိုစိတ်တွေကို ချိန်ညှိဖို့တော့ လိုပါမယ်။ 

၈။ပွင့်လင်းစွာ ဆက်ဆံပါ 

ချစ်သူနှစ်ဦးကြားမှာ ပွင့်လင်းမှုက အဓိက သော့ချက်ပါပဲ။ ပွင့်လင်းမှုမရှိတဲ့ ချစ်သူနှစ်ဦးမှာ ဟန်ဆောင်နေရတာတွေ ပါလာပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ်က ဘယ်လိုပြုမူဆက်ဆံခံရတာကို မကြိုက်သူလဲ၊ ဘယ်လို စကားအပြောအဆိုမျိုးကို မနှစ်သက်သူလဲ ၊ ချစ်သူကရော ဘယ်လိုအရာမျိုးကို မကြိုက်နှစ်သက်သူလဲ စသဖြင့် ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးထားတာက တစ်ယောက်အကြောင်း တစ်ယောက် ပိုမိုသိနားလည်လာပြီး အချစ်တွေလည်း ပိုတိုးလာစေပါတယ်။ 

istock.com

၉။အပေးအယူမျှတပါ

ချစ်သူနှစ်ဦးကြားမှာ တစ်ယောက်ကချည်းပဲ ပေးနေပြီး တစ်ယောက်ကချည်းပဲ ယူနေတာမျိုးဖြစ်နေရင်လည်း ကြာလာရင် အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး၊ စားသောက်ဆိုင်မှာ ငွေရှင်းတာကအစ လက်ဆောင်ပေးနေတာတွေအဆုံး တစ်ဖက်ကချည်းပဲ ပေးနေလို့တော့ မရပါဘူး။ ငွေကြေးကိစ္စတွေတင်မှမဟုတ်ပါဘူး။ တခြားနေရာတွေမှာလည်း တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှမျှတတရှိမယ်ဆိုရင် နှစ်ဦးသားကြားမှာ နားလည်မှုတွေ ပိုမိုတည်ဆောက်ယူနိုင်မှာပါ။ 

၁၀။မာနတွေကုိ လျှော့ချထားပါ 

ချစ်သူနှစ်ဦးကြားမှာ မာနဆိုတာ မထားသင့်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ မာနတွေ ထားရှိမိလို့ ချစ်ရက်နဲ့ လမ်းခွဲလိုက်ရတာမျိုးတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒီတော့ အစကတည်းက တစ်ယောက်အကြောင်း တစ်ယောက်သိအောင် ကြိုးစားမယ်။ နားလည်မှုတွေ တည်ဆောက်ယူထားမယ်ဆိုရင် မာနတွေလည်း လျှော့ထားပြီးသားဖြစ်သွားမှာပါ။ 

ဒီ ၁၀ချက်ကတော့ ချစ်သူနှစ်ဦးကြားမှာ အချစ်တွေ တည်ဆောက်ပြီး တွဲလက်တွေ ပိုမိုခိုင်မြဲစေမယ့် အချက်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေက တကယ်တော့ လွယ်မယောင်နဲ့ အတော်ခက်ပါတယ်။ တစ်ယောက်တည်းကလည်း လိုက်နာကျင့်သုံးနေလို့ မရပါဘူး။ ချစ်သူနှစ်ယောက်စလုံးက အတိုင်အဖောက်ညီညီ လိုက်နာကျင့်သုံးမှသာ နှစ်ဦးသားကြား ပျော်ရွှင်ကြည်နူးမှုတွေ ရရှိပြီး အချစ်တွေ ပိုမိုဖြောင့်ဖြူးနိုင်ကြမှာဖြစ်ပါတယ်။ 

ချစ်သူတိုင်း ပျော်ရွှင်ကြည်နူးစွာနဲ့ တွဲလက်တွေ ခိုင်မြဲနိုင်ကြပါစေ။



ဆက်စပ်အကြောင်းအရာများ



က္က