နောက်ဆုံးအဆင့်ကိုရောက်ရင် အေးဆေးဖြစ်သွားပြီ။

ကိုယ့်အနားမှာ မရှိတော့တဲ့အချစ်ကို ပြန်လာနိုးနိုး မျှော်လင့်စောင့်စားရတာ သိပ်ကိုနာကျင်စရာကောင်းပါတယ်။ ဒါပေမဲ့ မလွမ်းဘဲလည်း မနေနိုင်ပြန်ဘူး။ လွမ်းမိတိုင်းလည်း ကြေကွဲဝမ်းနည်းနေရတဲ့အဖြစ်ကနေ ရုန်းထွက်လိုက်ပါတော့။



 

ပြန်မလာချင်တော့တဲ့လူကို လက်လွှတ်လိုက်ပါ။ သူမရှိဘဲနဲ့ မနေနိုင်ဘူးဆိုတာ ကိုယ့်စိတ်ကို ညာနေမိလို့ပါ။ သူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ရှင်သန်ရမယ့်ဘဝမှာ မရနိုင်တော့တဲ့အရာကို လက်လွှတ်လိုက်တာ အကောင်းဆုံးလို့ ပြောချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုချစ်ပါ၊ ဆုံးရှုံးသွားတာတွေကို လက်လွှတ်ပြီး ရှေ့ဆက်ကြရမှာပဲမဟုတ်လား။ ဘယ်လိုစိတ်မျိုးနဲ့ သူ့ကိုလက်လွှတ်ကြမလဲ ?

၁။ ငြင်းဆန်

သူမရှိရင် မဖြစ်ဘူးဆိုတဲ့အတွေးကို ငြင်းဆန်လိုက်ပါ။ သူတကယ်ပြန်မလာတော့ဘူးဆိုတာကို ကိုယ့်စိတ်က လက်မခံချင်နေသေးတာ ဖြစ်ပါလိမ့်မယ်။ ဖုန်းထဲက သူ့ပုံလေးတွေကို မကြာခဏထုတ်ကြည့်တာမျိုး လုပ်နေမိတယ်မဟုတ်လား။ ပြန်မလာတော့တဲ့လူတစ်ယောက်ကို မျှော်မနေပါနဲ့တော့။ သူမရှိလည်း ကိုယ်ကရပ်တည်နိုင်ပါတယ်။

၂။ ဒေါသ

ပူဆွေးပြီးရင် နောက်တစ်ဆင့်ကတော့ ဒေါသဖြစ်လာတာပဲ။ တကယ်ကို ပြီးပြတ်သွားပြီဆိုတာ ကိုယ့်စိတ်က လက်ခံလိုက်ချိန်မှာတော့ ကိုယ်ချစ်ခဲ့ ကောင်းခဲ့တာတွေကို ပြန်နောင်တရမိလာတယ်။ အဲ့ဒီမှာတင် သူ့ကိုစိတ်ဆိုး ဒေါသဖြစ်မိတော့တာပါပဲ။

 

၃။ ညှိနှိုင်း

ဒီအဆင့်ကိုလည်း ဖြတ်ကျော်ရပါဦးမယ်။ သူနဲ့ပြန်ဆက်နိုးနိုးဆိုပြီး ကိုယ့်ဘက်ကညှိနှိုင်းတာတွေ လုပ်ကြည့်မိသေးတယ်။ စိတ်က လုံးဝမပြတ်သေးဘူး။ ကိုယ်လည်း ပြောင်းလဲပါ့မယ်လို့ ကတိတွေသွားပေးနေမိတယ်။ ဒီအချိန်မှာ ပြန်အဆင်ပြေသွားတာလည်း ရှိနိုင်တယ်။ ဒါပေမဲ့ မထိုက်တန်တဲ့လူဆိုရင်တော့ ကိုယ့်ရဲ့အဖိုးတန်နေ့ရက်တွေကို သူ့အတွက် မစတေးလိုက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ပိုချစ်ပါ။

၄။ စိတ်ဓာတ်ကျ

ဝမ်းနည်းတယ်၊ ဒေါသထွက်တယ်၊ ပြန်အလျှော့ပေးပြီး ညှိနှိုင်းတယ်။ သူ့ဘက်က ဘာမှထူးမလာတော့ဘူး။ ဒါမှမဟုတ် တခြားလူတစ်ယောက်နဲ့ တွေ့နေပြီဆိုရင်တော့ ကိုယ်က စိတ်ဓာတ်ကျသွားပါပြီ။ အစားအစားချင်တော့ဘူး၊ အိပ်မပျော်တော့ဘူး။ ဒါမှမဟုတ် ဆန့်ကျင်ဘက်ဖြစ်တဲ့ အစားတွေမတရားစားနေမိတာ၊ အိပ်ရာထဲကမထဘဲ ခွေခေါက်နေလိုက် အိပ်ပျော်လိုက် ဖြစ်နေတာမျိုးတွေ ကြုံလာရပါတယ်။ ဒီအချိန်မှာ စိတ်ပျော်အောင်ထားနိုင်ဖို့ လိုပါတယ်။ ရေခဲမုန့်လေးစားပြီး အကြိုက်ဆုံးသီချင်းလေးတွေ နားထောင်နေပါ။ ရေချိုးဇလုံထဲမှာ ဆပ်ပြာမြှုပ်တွေအများကြီးနဲ့ စိမ်နေပြီး စိတ်ကိုပြေလျော့အောင်လုပ်ပါ။

 

၅။ လက်ခံလိုက်ပြီ

ကဲ......... နောက်ဆုံးအဆင့်ကို ရောက်သွားပါပြီ။ အပေါ်မှာ ရေးထားတာတွေ တစ်ခုပြီးတစ်ခု ကျော်ဖြတ်လာနိုင်ခဲ့ပြီမဟုတ်လား။ အဲ့တာတွေအားလုံး ဖြစ်ပြီးချိန်မှာတော့ အချိန်ကာလတစ်ခုလည်း ကြာသွားပါပြီ။ နာကျင်ကြေကွဲခဲ့ရတယ်၊ အမှားတွေလည်း လုပ်ခဲ့မိတယ်။ ကိစ္စမရှိဘူး ခုချိန်ထိတော့ အသက်ရှင်နေသေးတာပဲလေ။ ကိုယ့်ခြေလှမ်းတိုင်းမှာ ကိုယ့်စိတ်တိုင်းကျဖြစ်အောင် ဖန်တီးရတော့မယ့်အချိန်ကို ရောက်လာပါတော့တယ်။ ကိုယ့်ဘဝအတွက် ဘယ်သူကမှ ဖြည့်ဆည်းပေးစရာမလိုဘူး ကိုယ်တိုင်ပဲအရေးကြီးတယ်လို့လည်း နားလည်လက်ခံလိုက်ချိန်မှာ ပူဆွေးစရာတွေလည်း မကျန်တော့ပါဘူး။ နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကိုယ်သာ ချစ်ရမယ်လို့ လက်ခံလိုက်ပါတော့တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က