အဲ့လိုတွေ မပြောဘူးဆိုရင်ပဲ ကျေးဇူးတင်မိပါလိမ့်မယ်။

အမြဲတမ်းပျော်နေတယ်ဆိုတာ ဘယ်သူရှိမှာလဲ။ စိတ်ညစ်တဲ့အချိန်တွေ၊ ဘာမှမလုပ်ချင်တော့လောက်အောင် စိတ်ဓာတ်ကျနေချိန်တွေ အားလုံး ကြုံဖူးတယ်။ ဒါပေမဲ့လည်း ကိုယ်လုပ်စရာရှိတာတော့ ဟန်မပျက် ကြိုးစားလုပ်နေရချိန်မှာ ကိုယ့်ကို ဒါတွေပြောလာရင်တော့ စိတ်ဓာတ်ကျရာကနေ စိတ်တိုသွားတော့တာပါပဲ။ ဒါကို ကြုံဖူးသူတွေမှ သိပါလိမ့်မယ်။

 

၁။ စိတ်ညစ်ပုံမရပါဘူး

စိတ်ညစ်တယ်ဆိုရင် ဘာမှမလုပ်ရတော့ဘဲနဲ့ တငိုငို၊ တရယ်ရယ်နဲ့ မစားမသောက်ဘဲ နေရမှာလား။ ကိုယ်က အရွယ်ရောက်နေပြီလေ။ တာဝန်တွေ ဝတ္တရားတွေရှိနေလို့ မနည်းအံကြိတ်ပြီးလုပ်နေရတာကို ဒီလိုလာပြောရင် စိတ်က မကြည်ချင်တော့ဘူး။

၂။ စပ်စုတာ

တော်ရုံကိစ္စနဲ့ စိတ်ညစ်တာမဟုတ်ဘဲ ကိစ္စကြီးကြီးမားမားကို ကြာရှည်ခံစားနေရလို့သာ စိတ်ဓာတ်ကျတဲ့အထိ ဖြစ်နေရတာပါ။ ဖွင့်ပြောဖို့မလွယ်လို့ မျိုသိပ်ခံစားရတာများပြီး စိတ်ညစ်နေတာ။ ဒါကို အတင်းမသိချင်ပါနဲ့။

 

၃။ မလုပ်ချင်တဲ့အရာတွေ

စိတ်ဓာတ်ကျတာကို သက်သာစေမယ့် နည်းလမ်းတွေကို လုပ်ကြည့်ဖို့ အကြံပေးတာတော့ ကျေးဇူးတင်ပါတယ်။ အတင်းအကျပ်တော့ မတိုက်တွန်းပါနဲ့။ လူက မနည်းရပ်တည်နေရတာမို့လို့ပါ။ စိတ်ထောင်းကိုယ်ကြေဘဝ မရောက်ချင်ပါဘူး။

၄။ ပျော့ညံ့လွန်းတယ်

စိတ်က သူ့ဘာသာသူ ခံစားနေတာကို ပြစ်တင်စကားတွေနဲ့ မထိုးနှက်ပါနဲ့လား။ ဒီလိုပြောလိုက်လို့ အားတက်လာမယ်လို့လည်း မထင်ပါနဲ့။ ပိုပြီးဝမ်းနည်းရပါတယ်။

 

၅။ သူများနဲ့ယှဉ်တာ

ကိုယ့်ထက် အခြေအနေဆိုးတဲ့လူ၊ ကိုယ့်လောက် အခြေအနေမဆိုးတဲ့လူတွေနဲ့လည်း လာပြီး နှိုင်းယှဉ်မပြပါနဲ့။ လူတိုင်းမှာ ဘဝကိုယ်စီရှိတယ်ဆိုတာ ကောင်းကောင်းကြီး သိပါတယ်။ အဆင်ပြေအောင်လို့လည်း ကြိုးစားပြီး နေနေပါတယ်။ နှိုင်းယှဉ်ပြီး အပြောခံရမှသာ ပိုဆိုးသွားမှာမို့လို့ အဲ့လိုတွေ မပြောဘူးဆိုရင်ပဲ ကျေးဇူးတင်မိပါလိမ့်မယ်။



က္က