Crush က ကိုယ့်ကိုသူငယ်ချင်းလိုပဲ သဘောထားနေတာ ခံရခက်တဲ့ဝေဒနာပါပဲ။
Thiha Htun
 

ခင်ဗျားဟာချစ်စရာကောင်မလေးတစ်ယောက်နဲ့စတွေ့မယ်။ သူကလည်း ခင်ဗျားနဲ့စကားပြောရတာကိုသဘောကျမယ်။ ခင်ဗျားပြောတဲ့ဟာသတွေကိုရယ်မောမယ်။ ဒီလိုနဲ့ခင်ဗျားလည်းဖီးလ်တွေတက်ပြီး ဖွင့်ပြောဖို့ကြိုးစားမယ်။ ဒါပေမယ့်ရနေတဲ့အခွင့်အရေးလေးတွေကိုုဆုံးရှုံးသွားမှာကြောက်ပြီး ဖွင့်မပြောဖြစ်ဘူး။ ဒီလိုနဲ့အချိန်တွေသာကြာလာတယ်။ သူငယ်ချင်းအဆင့်ကရှေ့မတက်ဘူး။ နောက်ဆုံးမှာပြောမှဖြစ်တော့မယ်ဆိုပြီးဖွင့်ပြောကြည့်လိုက်တဲ့အခါ သူကခင်ဗျားကိုပြန်ပြောမယ်။ "သူငယ်ချင်းလိုပဲဆက်နေကြရအောင်ဟာ။" ဒီလိုနဲ့ခင်ဗျားဟာ Friend Zone ထဲရောက်သွားပါတော့တယ်။ တနည်းအားဖြင့် သူငယ်ချင်းအဆင့်မှာပဲနေရပါတော့တယ်။ Friend Zone ဆိုတာ ရွံ့နွံအိုင်ကြီးတစ်ခုလိုပါပဲ။ သတိမမူမိခင်မှာနစ်သွားပြီး သတိပြုမိချိန်မှာတော့ ရုန်းထွက်ဖို့ သိပ်နောက်ကျသွားပါပြီ။

မိန်းကလေးတွေ ကိုယ့်ကို Friend Zone ထဲ ထည့်ရတဲ့အကြောင်းရင်း

မိန်းကလေးတွေက ကိုယ့်ကိုဖွင့်ပြောလာတဲ့ယောကျ်ားလေးတစ်ယောက်ကို Friend Zone ထဲထည့်ရတဲ့အကြောင်းရင်း (၂)ခုပဲရှိပါတယ်။ ပထမတစ်ခုကတော့ သူ့ရဲ့ taste နဲ့မကိုက်ညီလို့ပါ။ မိန်းကလေးတွေ ဘယ်လိုလူမျိုးကိုမှ ဘဝလက်တွဲဖော်အဖြစ်စဉ်းစားမယ်ဆိုပြီး ကြိုတင်စိတ်ကူးထားတဲ့အချက်တွေက တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ တချို့က အရပ်မြင့်မြင့်၊ လူကောင်ထွားထွားကိုမှ သဘောကျမယ်။ တချို့က စာကြမ်းပိုးရုပ်လေးတွေနဲ့ နည်းပညာသမားတွေကိုမှ သဘောကျမယ်။ တချို့ကအသားဖြူမှ လက်တွဲမယ်လို့စိတ်ကူးထားတယ်။ စသဖြင့် စသဖြင့် မိန်းကလေးတွေရဲ့စိတ်ကူးက တစ်ယောက်နဲ့တစ်ယောက်မတူညီနိုင်ပါဘူး။ ဒါကြောင့် မိန်းကလေးတစ်ယောက် ကိုယ့်ကိုငြင်းလိုက်ပြီး Friend Zone ထဲထည့်လိုက်ရင် "ငါ့မှာဘာအားနည်းချက်များရှိလို့လဲ" ဆိုတွေးပြီး စိတ်ဓာတ်ကျမနေသင့်ပါဘူး။ သူ့ရဲ့စိတ်ကူးထဲက ဖူးစာရှင်ပုံရိပ်နဲ့ ခင်ဗျားနဲ့ ထပ်တူမကျတာလို့ပဲတွေးပြီး ရှေ့ဆက်လျှောက်သင့်ပါတယ်။ ဒုတိယတစ်ခုကတော့ ခင်ဗျားမှာသူမကြိုက်တဲ့အချက်တွေရှိနေလို့ ခင်ဗျားကိုသူငယ်ချင်းလို့ပဲသဘောထားတာပါ။ ဒါဆိုရင် သူ့ရဲ့စိတ်ကိုပြောင်းလဲကြည့်ဖို့ အောက်ပါနည်းလမ်းလေးတွေနဲ့ ခင်ဗျားကြိုးစားကြည့်နိုင်ပါသေးတယ်။

၁။ အခြေအနေကိုအေးအေးဆေးဆေးပဲ လက်ခံလိုက်ပါ

ခင်ဗျားကိုအခွင့်အရေးပေးဖို့ သွားမတောင်းပန်ပါနဲ့။ သူ့ရဲ့သိစိတ်က ခင်ဗျားနဲ့သူငယ်ချင်းအဆင့်ထက်ပိုမတက်ချင်ကြောင်းဖော်ပြနေပေမယ့် ခင်ဗျားပြောင်းလဲရမှာသူမရဲ့မသိစိတ်ကိုပါ။ ဒီတော့ သူမအပေါ်အာရုံထားနေတဲ့စိတ်ကို ခင်ဗျားရဲ့ရှိပြီးသားအရည်အချင်းတွေကိုမြှင့်တင်ဖို့နဲ့ မရှိသေးတဲ့အရည်အချင်းတွေကိုရှိလာအောင်လုပ်ဖို့ပေါ်မှာပဲ အာရုံပြောင်းထားလိုက်တာကမှ ဒူးထောက်ပြီးအသနားခံနေတာထက် သူမရဲ့အချစ်ကိုရနိုင်ခြေပိုများပါတယ်။

 

၂။ ကိုယ့်ရဲ့တက်လမ်းတွေကို ကြိုးစားမြှင့်တင်ပါ

ဘယ်သူမှတော့ မွေးကတည်းက အစစအရာရာပြည့်စုံမနေပါဘူး။ ဒီနေ့ထက်မနက်ဖြန်တိုးတက်အောင်ကြိုးစားနေခြင်းကသာ ခင်ဗျားအပေါ်ထားတဲ့သူမရဲ့အမြင်ကိုပြောင်းလဲစေနိုင်မှာပါ။ ဒါတင်မကသေးပါဘူး။ ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင်ကြိုးစားနေတာက ချောင်တစ်ချောင်မှာထိုင်ဆွေးနေတာထက်တော့ ပိုကောင်းပါသေးတယ်။ Gym ကိုသွားပြီး ဘီယာဗိုက်ဖြစ်စပြုနေတဲ့ ဗိုက်လေးကို အရင်ဖြုတ်ဖို့ကြိုးစားပါ။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအသောက်တွေကိုစားပါ။ ခင်ဗျားကိုသူမ ငြင်းလိုက်စဉ်ကထက် ရုပ်ပိုင်းဆိုင်ရာကော၊ အသိပညာပိုင်းဆိုင်ရာမှာပါပိုသာတဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။ နောက်ဆုံးတော့ မိန်းမက မိန်းမပါပဲ။ သူတို့လည်း ကိုယ့်အတွက်သူပြောင်းလဲနေပါလားဆိုတဲ့ ဖီးလ်ကိုကြိုက်ပါတယ်။ ဒီလိုနဲ့ခင်ဗျားရဲ့အရည်အချင်းတွေကိုသူအသိအမှတ်ပြုလာရပါလိမ့်မယ်။

၃။ အရင်အတိုင်းပဲဆက်ဆံပါ

သူ ခင်ဗျားကိုမငြင်းလိုက်ခင်ကအတိုင်း ပုံမှန်ပဲဆက်နေသွားပါ။ ရုပ်ရှင်တူတူကြည့်တာတို့၊ ဂိမ်းတူတူဆော့တာတို့၊ သူလိမ်းတာတဲ့မိတ်ကပ်ကအရမ်းထူပြီး ကြည့်ရဆိုးနေကြောင်းစနောက်တာတို့ပေါ့။ သူ ခင်ဗျားကို ငြင်းရတဲ့ရည်ရွယ်ချက်ထဲမှာ ခင်ဗျားနဲ့သူငယ်ချင်းလို နေနေရတာလေးကိုမစွန့်လွှတ်ချင်တာလည်း ပါကောင်းပါနိုင်ပါတယ်။ ဒီတော့ ခင်ဗျားတို့ကြားမှာတစ်မျိုးကြီးဖြစ်မနေအောင် ပုံမှန်အတိုင်းပဲ ဆက်နေပေးပါ။ သူဈေးဝယ်ထွက်ရင်နောက်ကလိုက်ပေးတာကလည်း ခင်ဗျားကိုအမှတ်တက်စေမှာပါ။

 

၄။ တခြားလူတွေနဲ့လည်း ပျော်ပျော်ရွှင်ရွှင်နေပါ

မိန်းကလေးတိုင်းမှာ မနာလိုဝန်တိုစိတ်ဆိုတာရှိပါတယ်။ ကိုယ်ပြန်မကြိုက်နိုင်ရင်သာရှိမယ်။ ကိုယ့်ကိုဖွင့်ပြောဖူးတဲ့ယောကျ်ားလေးတစ်ယောက် တခြားမိန်းကလေးတစ်ယောက်နဲ့ ပလူးနေတာကို ဘယ်မိန်းကလေးမှ သဝန်မတိုပဲ မရှိပါဘူး။ သူတို့ကိုယ်တိုင်လည်းဘာလို့အဲလိုဖြစ်ရလဲဆိုတာကို နားလည်မှာမဟုတ်ပါဘူး။ ဒီတော့ သူ့ရဲ့သဝန်တိုစိတ်လေးကို နည်းနည်းဆွပေးဖို့ တခြားမိန်းကလေးတွေနဲ့လည်း ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမောနေပါ။ ခင်ဗျားသာ တခြားမိန်းကလေးတွေနားမှာပေါ့ပေါ့ပါးပါး ဖြစ်နေမယ်ဆိုရင် သူ့ရဲ့စိတ်နဲ့ ခံစားချက်ကို သူကိုယ်တိုင်ပြန်မေးခွန်းထုတ်လာရပါလိမ့်မယ်။

၅။ သူမကြိုက်တာတွေကို မသိမသာပြင်ပါ

Friend Zone ရဲ့အားသာချက်တစ်ခုကတော့ ခင်ဗျားနားမှာ သူဟန်ဆောင်နေမှာမဟုတ်ပါဘူး။ သူ့ရဲ့ကြိုက်တဲ့အချက်၊ မကြိုက်တဲ့အချက်တွေကို သူကိုယ်တိုင်ခင်ဗျားကိုပြောပြလာမှာဖြစ်လို့ သူ့ရဲ့မသိစိတ်ထဲမှာ နေရာရလာအောင် သူမကြိုက်တဲ့အချက်တွေကိုသူ့ရှေ့မှာမလုပ်မိအောင် ရှောင်ရှားပါ။ သူကြိုက်တာတွေကိုသူရှေ့မှာများများလုပ်ပေးပါ။ သူ့ရဲ့မသိစိတ်ထဲမှာ ခင်ဗျားနေရာရသွားပြီဆိုရင် သူ့ရဲ့စိတ်ကူးထဲက စိတ်ကူးယဉ်ရည်းစားဆိုတာကြီး တကယ်လက်တွေ့ဖြစ်မလာတဲ့အခါ ခင်ဗျားဟာသူ့ရဲ့ပထမဦးစားပေး စဉ်းစားပေးရမယ့်သူဖြစ်လာပါလိမ့်မယ်။

Friend Zone ဆိုတာကြီး ဘယ်လောက်နက်တယ်ဆိုတာ ကြုံဖူးသူမှသာ သိနိုင်မှာပါ။ ယောကျ်ားလေးတိုင်း Friend Zone ဘေးမှ လွတ်မြောက်ကြပါစေလို့။


Author


က္က