အသည်းကွဲနေချိန်မှာ ဒီလိုရူးနှမ်းတဲ့အမှားတွေကို ကျူးလွန်မိတတ်ကြပါတယ်။
Thiha Htun


"လမ်းခွဲချိန်နောက်ပိုင်းမှာ ပင့်သက်တွေရှိုက်ရင်းသာ ကိုယ်စီကြေကွဲလို့နေရင်းနဲ့သာ~~~~" ဟန်ထွန်းသီချင်းလေးတောင်ရှိပါသေးတယ်။ လမ်းခွဲခြင်းဆိုတာ သူ့အချိန်တန်ပြီဆိုရင် မလွဲမသွေလက်ခံရမယ့် အရာတစ်ခုဖြစ်သလို လူ့ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းကြီးထဲမှာ နေနေသေးသရွေ့ကတော့ မလွဲမသွေ ကြုံတွေ့နေရဦးမယ့်အရာတစ်ခုလည်းဖြစ်ပါတယ်။

လမ်းခွဲချိန်ရောက်ပြီဆိုရင် နာကျင်ခံစားမှုတွေကို ဘယ်လိုကိုင်တွယ်ကြမလဲ။ ကျွန်တော်တို့အများစုကတော့ လမ်းခွဲချိန်ရောက်ရင် အသည်းကွဲတဲ့ဝေဒနာကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ညံ့ဖျင်းကြပါတယ်။

separation.jpg

အသည်းကွဲပြီဆိုရင် တီဗွီကြည့်နေရင်း စိတ်နှလုံးကိုထိခိုက်စေတဲ့ သီချင်းတွေလာဖွင့်ရင် တီဗွီကို ရီမုနဲ့ကောက်ပေါက်မိတာတို့၊ ညကြီးသန်းခေါင် Ex ကိုဖုန်းထဆက်ပြီး ပြဿနာရှာမိတာတို့၊ Facebook ပေါ်မှာ ရည်းစားဟောင်းဘာတွေတင်ထားလဲ သွားချောင်းမိတာတို့လုပ်မိတတ်ကြပါတယ်။

အဲဒီအချိန်တုံးကတော့ ဒါတွေကိုမလုပ်သင့်မှန်းမမြင်ခဲ့ကြပေမယ့် နည်းနည်းသွေးအေးသွားပြီ၊ စိတ်အနည်ထိုင်သွားပြီ ဆိုတဲ့အချိန်ရောက်မှ "အဲဒီတုံးကဘာတွေလုပ်ခဲ့မိပါလိမ့်" ဆိုပြန်တွေးပြီး ရှက်တတ်ကြတာပါ။

ကောင်းမွန်တဲ့ လမ်းခွဲခြင်းဆိုတာ ဘယ်လိုမျိုးလဲ။ အသည်းကွဲတာကိုဘယ်လို ကိုင်တွယ်ကြမလဲ။ နောင်တချိန်မှာ နောင်တရမယ့်အရာတွေမလုပ်မိအောင် အသည်းကွဲနေချိန်မှာ လုပ်မိတတ်တဲ့အမှားလေးတွေကိုရှောင်ကြဉ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ့်ကိုယ်ကိုလိမ်ညာတာ

ကျွန်တော်တို့ရဲ့ဦးနှောက်တွေက နှလုံးသားကနာကျင်နေကြောင်းသတင်းပို့လာတဲ့သတင်းပို့ချက်တွေကို မခံနိုင်တော့တဲ့အခါ ဦးနှောက်ရဲ့ Denial လို့ခေါ်တဲ့စနစ်က ထပြီးအလုပ် လုပ်ပါတော့တယ်။ အရာအားလုံး အဆင်ပြေနေပါတယ် လို့မိမိကိုယ်ကိုလိမ်ညာမိပါတော့တယ်။

ကြားဖူးနေကျစကားတစ်ခွန်းလိုပါပဲ။ လောကမှာ သူများကိုလိမ်ညာမိတာထက် ကိုယ့်ကိုယ်ကိုယ် လိမ်ညာမိတာက ပိုဆိုးပါတယ်။ ဒါကြောင့် အသည်းကွဲနေချိန်မှာ ပိုမိုမနာကျင်စေချင်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ်ညာနေတာကိုရပ်လိုက်ပါ။ ကျွန်တော်တို့တွေ နာကျင်မှုကိုရှောင်လွဲလို့မရပါဘူး။

နာကျင်စရာတွေကြုံလာတဲ့အခါ ကျွန်တော်တို့တွေ နာကျင်တတ်ပါတယ်။ ဒါဟာကျွန်တော်တို့ ခန္ဓာဗေဒရဲ့တစ်စိတ်တပိုင်းပါပဲ။ ဒီတော့နာကျင်မှုကိုရှောင်လွှဲနေမယ့်အစား ခေါင်းအုံးကိုလက်သီးနဲ့ထိုးပါ။ လူရှင်းတဲ့မြစ်ကမ်းဘေး သွားအော်ပါ။ ဒါမှမဟုတ် ဘေးအိမ်က ကြောင်ကိုအော်လွှတ်ပါ။

နောက်တစ်ခုက ငိုပါ။ ငိုတယ်ဆိုတာ လူသားဆန်ခြင်းရဲ့သင်္ကေတပါပဲ။ ယောကျ်ားလေးတွေလည်း ငိုနိုင်ပါတယ်။ ငိုတာနဲ့ပျော့ညံ့တာ ဘာမှမဆိုင်ပါဘူး။ ဒီလိုလုပ်တာကို "ပူဆွေးခြင်း" လို့ခေါ်ပြီး အသည်းကွဲခြင်း ဝေဒနာကိုပျောက်ကင်းစေတဲ့အထိရောက်ဆုံးနည်းလမ်းတစ်မျိုးပါပဲ။

ဟန်ဆောင်လိမ်ညာနေတာတွေကိုရပ်ပြီး ထုံထိုင်းနာကျင်မှုတွေကို ဖြတ်တောက်လိုက်ပါ။ ပျော်ရွှင်မှုအစစ်အမှန်က ခင်ဗျားကိုစောင့်ကြိုနေပါတယ်။

 

၂။ "သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်" သွားလုပ်တာ

ခင်ဗျားရဲ့ရည်းစားဟောင်း သူ့ရဲ့ရည်းစားအသစ်နဲ့တွဲသွား တွဲလာလုပ်တာကို ခင်ဗျားလက်ပိုက်ကြည့်နေနိုင်လား။ အဲဒီလိုလက်ပိုက်ကြည့်နေတာကလည်း ခင်ဗျားကိုနည်းနည်းလေးမှ မနာကျင်စေဘူးလား။ ဒါဆိုရင်တော့ ရည်းစားဟောင်းနဲ့ ပျော်ပျော်ကြီး သူငယ်ချင်းအဖြစ်ဆက်နေသွားနိုင်ပါတယ်။

သွေးအေးပြီ၊ အနည်ထိုင်ပြီဆိုရင် သူငယ်ချင်းအဖြစ်ဆက်နေသွားတာ ဘာမှမဖြစ်ပေမယ့် ပူပူနွေးနွေး လမ်းခွဲပြီးချိန်မှာ သူငယ်ချင်းလိုပဲ ဆက်နေဖို့ကြိုးစားတာက မိုက်မဲမှုပါပဲ။ အချိန်တစ်ခုယူပါ။ ပြတ်ပြီးပြီးချင်းတော့ ခင်ဗျားအသေချစ်ခဲ့တဲ့ မိန်းမ/ယောကျ်ားတစ်ယောက်ကို သူငယ်ချင်းအဖြစ် ဆက်ထားနိုင်ဦးမှာမဟုတ်တာ အသေအချာပါပဲ။

၃။ ကလဲ့စားချေဖို့ကြိုးစားတာ

ပြတ်ပြီးသားရည်းစားဟောင်းကို ကလဲ့စားချေဖို့ကြိုးစားတာက မစားရတဲ့အမဲ သဲနဲ့ပက်သလိုပါပဲ။ အဲဒီလိုလုပ်လိုက်လို့ ခင်ဗျားရဲ့စိတ်ကျေနပ်မှုကို ရရှိစေမှာမဟုတ်ပါဘူး။ ကလဲ့စားချေခြင်းက ခင်ဗျားရဲ့နာကျင်မှုတွေကို ပိုမိုတိုးပွားစေမယ်။ ပိုဆိုးတာက ခင်ဗျားကိုယ်ခင်ဗျားသူတို့အဆင့်ထိ ချလိုက်သလိုပါပဲ။ ဒီတော့ ခင်ဗျားအနေနဲ့ သစ္စာအဖောက်ခံရတယ်ဆိုရင်တောင် ကလဲ့စားချေဖို့ စဉ်းစားမနေပါနဲ့။ ခွင့်လွှတ်လိုက်ပါ။ ခွင့်မလွှတ်နိုင်ရင်တောင် မေ့ပစ်လိုက်ပါ။ ဒါကသာခင်ဗျားကိုငြိမ်းချမ်းစေပါတယ်။

၄။ အွန်လိုင်းမှာလိုက်ချောင်းတာ

လူမှုကွန်ရက်က တချို့အရာတွေကိုပိုလွယ်စေသလို တချို့အရာတွေကိုပိုခက်စေပါတယ်။ အရင်တုံးက သမီးရည်းစားပြတ်ဆဲရင် ပြန်သွားချောင်းဖို့ဆိုတာ သူ့အိမ်ထိသွားချောင်းမှရပေမယ့် ဒီခေတ်မှာတော့ လူမှုကွန်ရက်ဆိုတာကြီးရှိနေသရွေ့ အကောင့်တုနဲ့ပြန်သွားချောင်းလို့ရနေပါတယ်။ သွားမလုပ်ပါနဲ့။

နောက်တစ်ခုက ခင်ဗျားအသည်းကွဲတဲ့အကြောင်းတွေကို Facebook ပေါ်မှာမတင်ပါနဲ့။ ခဏတာ စိတ်ကျေနပ်မှု ရနိုင်ပေမယ့် တစ်ချိန်မှာခင်ဗျားဒါတွေကိုပြန်နောင်တ ရပါလိမ့်မယ်။ ပြတ်ပြီဆိုတာနဲ့ ရည်းစားဟောင်းကို Unfriend, Unfollow, Block သာတန်းလုပ်လိုက်ပါ။

ရည်းစားဟောင်း သူ့နောက်ဘဲနဲ့ ပျော်မြူးနေတာကို ညကြီးသန်းခေါင်တွေ့လိုက်ရတာလောက် အလုပ်ပျက်အကိုင်ပျက်ဖြစ်စေတာ မရှိတော့ပါဘူး။ ဖြစ်နိုင်ရင် Facebook account ကို တစ်ပတ်လောက် Deactivate လုပ်ထားလိုက်တာ အကောင်းဆုံးပါပဲ။

 

၅။ လက်မြှောက်အရှုံးပေးလိုက်တာ

"ငါ သူ့လိုလူနောက်တစ်ယောက် ထပ်မတွေ့နိုင်တော့ဘူး" "ငါက သူနဲ့မထိုက်တန်ဘူး" "ငါကရုပ်ဆိုးတယ်" စတဲ့အတွေးတွေကို ခေါင်းထဲအရောက်မခံပါနဲ့။ အသည်းကွဲနေချိန်မှာ ရည်းစားဟောင်းကို ဒေါကန်မိတာ သဘာဝပါ။ ပြတ်ဆဲရခြင်းဆိုတာ နှစ်ဖက်စလုံးမှာအမှားရှိနိုင်ပါတယ်။

ငါ့ကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီးလက်မြှောက်အရှုံးပေးလိုက်တာ မကောင်းပါဘူး။ အသည်းကွဲပြီးနောက်ပိုင်းမှာ ရက်အနည်းငယ်စိတ်ဓာတ်ကျနေနိုင်ပေမယ့် စိတ်ကျရောဂါတော့အဖြစ်မခံပါနဲ့။ ဖူးစာရှင်အစစ်ကိုရှာတွေ့ဖို့ ခြေလှမ်းတစ်လှမ်းတိုးလိုက်တယ်လို့ပဲ သဘောထားလိုက်ပါ။

Source: The Daily Positive


Author


က္က