ခွေးလေးတွေဆိုတာ သခင်အပေါ်သစ္စာအရှိဆုံးအိမ်မွေးတိရစ္ဆာန်လေးတွေပါပဲ။
Thiha Htun


ခွေးလေးတွေဆိုတာ သခင်အပေါ်သစ္စာအရှိဆုံးအိမ်မွေးတိရစ္ဆာန်လေးတွေပါပဲ။ သူတို့က ကျွန်တော်တို့တွေရုံးကပြန်လာရင် ထွက်ကြိုမယ်။ ကျွန်တော်တို့နဲ့အတူလမ်းလျှောက်ထွက်မယ်။ ကျွန်တော်တို့အလုပ်တွေများလွန်းလို့ စိတ်ဖိစီးမှုတွေများနေချိန်မှာ သူတို့က ကျွန်တော်တို့ကိုအမြီးလေးတနန့်နန့်နဲ့နှစ်သိမ့်ပေးမယ်။ တကယ်တော့ ခွေးလေးတွေဆိုတာ အိမ်ထောင်ပြုစရာမလိုဘဲ ရလာတဲ့သားသမီးလေးတွေလိုပါပဲ။ ကျွန်တော့်လိုပဲ ခွေးချစ်တတ်တဲ့သူတွေအတွက် လူကြိုက်အများဆုံး ခွေးမျိုးစိတ်လေးတွေ အကြောင်း မျှဝေပေးလိုက်ပါတယ်နော်။
၁။ Labrador retriever



Labrador retriever ခွေးမျိုးလေးတွေက ကိုယ်အလေးချိန် ပျမ်းမျှ ပေါင် (၅၀) ကနေ ၈၀ ပေါင်ကြားမှာရှိပါတယ်။ သူတို့လေးတွေကို အနည်းဆုံး တစ်နေ့ (၂) ကြိမ်လောက်အမွှေးရှင်းပေးဖို့လိုပြီး တစ်ပတ်တစ်ခါလောက်တော့ grooming လုပ်ပေးဖို့လိုပါတယ်။ သူတို့လေးတွေကိုနေ့စဉ်လမ်းလျှောက်ထွက်ပေးဖို့လိုပါတယ်။ ပြီးတော့ သူတို့တွေက အိမ်က ကလေးတွေနဲ့လည်း ယဉ်ပါးပါတယ်။ တစ်ခုရှိတာက သူတို့ကိုလေ့ကျင့်ပေးဖို့တော့ခက်ပါတယ်။ သူတို့ရဲ့ပျမ်းမျှသက်တမ်းက (၁၀) နှစ်ကနေ (၁၃) နှစ်ကြားမှာရှိပါတယ်။
၂။ German Shepherd



German Shepherd (ဂျာမန်သိုးထိန်းခွေး) တွေကတော့ ပျမ်းမျှကိုယ်အလေးချိန် ပေါင် (၉၀) ဝန်းကျင်ရှိတတ်ပြီး သူတို့ကိုလည်း အမြဲလိုလို အမွှေးရှင်းပေးဖို့ လိုအပ်ပါတယ်။ Grooming ကတော့ တစ်ပတ်မှာ (၂) ကြိမ်လောက်လုပ်ပေးရင်ရပါပြီ။ သူတို့ကိုလည်း နေ့စဉ်လမ်းလျှောက်ထွက်ပေးဖို့ လိုပါတယ်။ German Shepherd (ဂျာမန်သိုးထိန်းခွေး) ကြီးတွေက ကလေးတွေနဲ့လည်း ယဉ်ပါးပါတယ်။ သူတို့ဟာလည်း လေ့ကျင့်ပေးရခက်ခဲတဲ့ ခွေးမျိုးစိတ်ထဲမှာ ပါပါတယ်။ သူတို့ရဲ့သက်တမ်းကတော့ အသက် (၉) နှစ်ကနေ (၁၃) နှစ်လောက်ထိ ရှိပါတယ်။
၃။ Golden Retriever



Golden လို့လူသိများတဲ့ Golden Retriever ကြီးတွေကတော့ ပျမ်းမျှကိုယ်အလေးချိန် (၅၅) ပေါင်နဲ့ (၇၅) ပေါင်ကြားမှာ ရှိပါတယ်။ သူတို့ကိုလည်း အမြဲလိုလိုအမွှေးရှင်းပေးဖို့လိုပါတယ်။ Grooming ကတော့ တစ်ပတ် (၂) ကြိမ်လောက်လုပ်ပေးသင့်ပါတယ်။ သူတို့ရဲ့ သက်တမ်းက ပျမ်းမျှ (၁၀) နှစ်ကနေ (၁၃) နှစ်လောက်ထိ ရှိပါတယ်။ Golden ကြီးတွေကတော့ ကလေးလေးတွေနဲ့ ဆော့ရတာ နှစ်သက်ပါတယ်။ သူတို့ကိုလေ့ကျင့်ပေးရတာတော့ နည်းနည်းခက်ခဲပါတယ်။ Golden ကြီးတွေကတော့ ခုန်ပေါက်ပြေးလွှား ဆော့ကစားနေရတာကိုနှစ်သက်ပါတယ်။
၄။ Beagle



Beagle ခွေးမျိုးစိတ်ကတော့ ကိုယ်အလေးချိန် (၁၈) ပေါင်မှ ပေါင် (၃၀) ကြားပဲရှိပါတယ်။ သူတို့ကို အမြဲအမွှေးရှင်းပေးနေဖို့တော့ မလိုပါဘူး။ Beagle လေးတွေကလည်း လမ်းလျှောက်ထွက်ရတာကိုနှစ်သက်ကြပါတယ်။ Grooming ကတော့ တစ်ပတ်မှာတစ်ခါ လုပ်ပေးရင်လုံလောက်ပါပြီ။ Beagle လေးတွေကတော့ အသက်ရှည်တယ်ပြောလို့ရပါတယ်။ (၁၂) နှစ်ကနေ (၁၅) နှစ်လောက်ထိ နေနိုုင်ပါတယ်။ ကလေးလေးတွေနဲ့လည်းယဉ်ပါးပြီး အကောင်းဆုံးတစ်ချက်ကတော့ လေ့ကျင့်ပေးရလွယ်ကူပါတယ်။
၅။ Bulldog



Bulldog ကြီးတွေကို ကွယ်လွန်သူရုပ်ရှင်သရုပ်ဆောင် ဒွေးသရုပ်ဆောင်သွားတဲ့ ကွေကာကြော်ငြာတစ်ခုမှာ မြင်ဖူးကြမှာပါ။ သူတို့က ကိုယ်အလေးချိန် (၅၅) ပေါင်ဝန်းကျင်ပဲရှိပါတယ်။ အမြဲလိုလိုအမွှေးရှင်းပေးဖို့တော့လိုအပ်ပြီး တစ်ပတ်တစ်ကြိမ်လောက်တော့ Grooming လုပ်ပေးသင့်ပါတယ်။ Bulldog ကြီးတွေက အပျင်းကြီးတော့သူတို့ကို ခဏလောက်လမ်းလျှောက်ထွက်ပေးရင်ရပါပြီ။ ကလေးလေးနဲ့ ယဉ်ပါးပြီးလေ့ကျင့်ပေးရလည်း လွယ်ကူပါတယ်။ သက်တမ်းကတော့ ပျမ်းမျှ (၈) နှစ်နဲ့ (၁၂) နှစ်ကြားမှာရှိပါတယ်။
၆။ Yorkshire Terrier



Terrier ခွေးပုလေးတွေကတော့ အကောင်သေးသလောက်စွာတဲ့နေရာမှာ နာမည်ကြီးပါပဲ။ သူတို့ရဲ့ကိုယ်အလေးချိန်က (၄) ပေါင်နဲ့ (၇) ပေါင်ကြားပဲရှိပါတယ်။ အမွှေးရှင်းပေးစရာသိပ်မလိုတဲ့ကောင်လေးတွေလည်း ဖြစ်ပါတယ်။ သူတို့ကို တစ်နေ့တစ်ခါလောက် အမွှေးဖြီးသင်ပေးရင် လုံလောက်ပါပြီ။ ဒီကောင်လေးတွေကိုလည်း အိမ်အနီးအနားမှာ ခဏတဖြုတ်လောက် လမ်းလျှောက်ပေးရင်ရပါပြီ။ ဒီကောင်လေးတွေကစွာတော့ ကလေးတွေနဲ့တော့ မတည့်ပါဘူး။ ပျမ်းမျှသက်တမ်းက (၁၀) နှစ်နဲ့ (၁၆) နှစ်ကြားမှာ ရှိပါတယ်။
၇။ Boxer



Boxer တွေရဲ့ကိုယ်အလေးချိန်ကတော့ ပေါင် (၅၀) နဲ့ (၈၀) ကြားမှာရှိပါတယ်။ အမွှေးရှင်းပေးစရာလည်း သိပ်မလိုဘဲ တစ်ပတ်တစ်ခါလောက် ဖြီးသင်ပေးရုံလောက်ပါပဲ။ သူတို့ကိုတော့ နေ့စဉ်လမ်းလျှောက်ထွက်ပေးသင့်ပါတယ်။ ကလေးတွေနဲ့လည်း ယဉ်ပါးပြီး လေ့ကျင့်ပေးရတာလည်း လွယ်ကူပါတယ်။ သက်တမ်းကတော့ ပျမ်းမျှ (၁၂) နှစ်ဝန်းကျင်လောက်ရှိပါတယ်။
၈။ Poodle



Poodle ခွေးလေးတွေကတော့ (၄၅) ပေါင်နဲ့ ပေါင် (၇၀) ကြားလောက်ပဲ လေးပါတယ်။ အမွှေးရှင်းပေးစရာသိပ်မလိုဘဲ တစ်ပတ်တစ်ခါလောက်တော့ ဖြီးသင်ပေးသင့်ပါတယ်။ ခုန်ပေါက်ပြေးလွှားရတာကိုနှစ်သက်ပြီး ကလေးတွေနဲ့လည်း ရင်းနှီးလွယ်ပါတယ်။ သက်တမ်းကတော့ (၁၀) နှစ်နဲ့ (၁၃) နှစ်ကြားမှာရှိပါတယ်။
၉။ Dachshund



ဒီကောင်လေးတွေကတော့ (၁၀) ပေါင်နဲ့ ပေါင် (၃၀) ဝန်းကျင်လောက်ပဲရှိပါတယ်။ လူတွေနဲ့ယဉ်ပါးခြင်း သိပ်မရှိသလို ကလေးတွေနဲ့လည်း မတည့်ပါဘူး။ လေ့ကျင့်ပေးရတာတော့ လွယ်ကူတဲ့ကောင်လေးတွေပါ။ သူတို့ကို တစ်ပတ်တစ်ခါ အမွှေးဖြီးသင်ပေးရင်လုံလောက်ပါတယ်။ သက်တမ်းကတော့ (၁၀) နှစ်နဲ့ (၁၃) နှစ်ကြားမှာရှိပါတယ်။
၁၀။ German Shorthaired Pointer



ကိုယ်အလေးချိန် (၄၅) ပေါင်ကနေ ပေါင် (၇၀) ကြားမှာရှိတဲ့ ဒီဂျာမန်မျိုးစိတ် မွှေးတိုခွေးကြီးတွေဟာ ကလေးလေးတွေနဲ့ ယဉ်ပါးတဲ့ကောင်ကြီးတွေ ဖြစ်ပါတယ်။ ပြေးလွှားခုန်ပေါက်ကစားရတာကို နှစ်သက်ကြပြီး သင်ကြားလေ့ကျင့်ပေးရတာလည်း လွယ်ကူပါတယ်။ သက်တမ်းကတော့ ပျမ်းမျှ (၁၂) နှစ်နဲ့ (၁၄) နှစ်ကြားမှာရှိပါတယ်။

Source: DailyInfographic

Author


က္က