လူတွေရဲ့ အပြောင်းအလဲတွေကို သဘောပေါက်ဖို့ လိုပါတယ်။
Thurein Tun
 

ကိုယ့်ဘေးနားက လူတွေရဲ့ စိတ်အခြေအနေ သဘောသဘာဝတွေကို သိထားတဲ့အခါ တော်ရုံနဲ့ စိတ်ဆင်းရဲမှု မဖြစ်တော့ပါဘူး။ ပျော်အောင်နေတတ်လာပါတယ်။ လူတွေနဲ့ ဆက်ဆံတဲ့အခါ သင့်ဘက်က စိတ်မဆင်းရဲအောင် ဒီအချက်လေးတွေ သိထားသင့်ပါတယ်။

၁ - သင်ထင်သလောက် လူတွေက ဂရုမစိုက်ပါဘူး

အခြားလူတွေများ ဘယ်လိုထင်မလဲဆိုတာ လူတွေ အမြဲတမ်းပူပန်နေရတဲ့ ကိစ္စပါ။  သူတို့မျှော်လင့်တဲ့အတိုင်း ဖြစ်ပါ့မလားတို့ဆိုတာကလည်း စိတ်ကျဉ်းကျပ်စေတဲ့ အကြောင်းအရင်းတွေပါပဲ။ တကယ်တော့ လူတွေဟာ သူတို့ပြသနာနဲ့ သူတို့ ရှုပ်ထွေးနေတာပါ။ ဘယ်လောက် အံ့အားသင့်စရာကိစ္စရပ်ပဲ ဖြစ်ဖြစ် ရက်ပိုင်းလောက်ပဲ စိတ်ဝင်စားကြတာပါ။ လကျော်သွားပြီဆိုရင်တော့ ဘယ်သူမှ ဂရုမစိုက်ကြတော့ပါဘူး။ သင့်ဘက်က လုပ်သင့်တာ၊ လုပ်ရမှာကို လုပ်သွားရုံပါပဲ။

 

၂ - အမြဲပြောင်းလဲတယ်

ကိုယ်နဲ့သိတဲ့လူတွေဟာ အမြဲတမ်းဒီပုံစံအတိုင်းရှိရမယ်လို့ ထင်မိနေတတ်ကြပါတယ်။  လွန်ခဲ့တဲ့ လေးငါးနှစ်ကအတိုင်းပဲ အမြဲရှိနေမယ်လို့ တွေးခေါ်မှတ်ယူထားတတ်ကြပါတယ်။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ လူဟာ နေ့စဉ်နေ့တိုင်း ပြောင်းလဲနေတာ ဖြစ်ပါတယ်။ ဒါကြောင့် လူတွေရဲ့ အပြောင်းအလဲတွေကို သဘောပေါက်ဖို့ လိုပါတယ်။ ဘာကိုမှ ဆုပ်ကိုင်မထားဖို့ လိုပါတယ်။

၃ - နှိုင်းယှဉ်ခြင်း

ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတော့ ကိုယ့်ကိုယ်ကိုယ် သူများနဲ့ နှိုင်းယှဉ်တာကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဆင်းရဲမှုက ပိုဆိုးလာပါတယ်။ လူတွေမှာ တစ်ဖက်လူ သူတို့ကို ဘယ်လိုထင်စေချင်တယ်ဆိုတဲ့ ပုံရိပ်မျိုးရှိပါတယ်။ ဒီလိုပုံရိပ်မျိုးကို ဆိုရှယ်မီဒီယာပေါ်မှာ ပုံဖော်ကြတာ ဖြစ်ပါတယ်။ လက်တွေ့ဘဝ တကယ်ရင်းနှီးတဲ့ သူငယ်ချင်းမရှိပေမယ့်  ဆိုရှယ်မီဒီယာပေါ်မှာ အရမ်းချစ်တဲ့သူငယ်ချင်းတွေရှိတယ်ဆိုတဲ့ ပုံမျိုးတွေ တင်တတ်ကြပါတယ်။ ဒီအခါမှာ ကိုယ့်ကိုယ်ကိုယ် သူများနဲ့နှိုင်းယှဉ်တတ်တဲ့ အကျင့်ရှိသူတွေဟာ ဒီလိုလူမျိုးတွေကိုကြည့်ပြီး အမြဲခံစားနေရမှာ ဖြစ်ပါတယ်။

 

၄ - အကြံညဏ်တွေလိုချင်လိမ့်မယ်

လူတွေဟာ အကြံညဏ်တွေလိုချင်နေလိမ့်မယ်လို့ မထင်ပါနဲ့။ သူတို့ ပြသနာတွေကြုံတွေ့နေရပြီး ဖြေရှင်းရမယ့်နည်းကို မသိကြဘူးလို့ မထင်ပါနဲ့။ သူတို့က သူတို့ကြုံတွေ့နေရတဲ့ ပြသနာကို နားထောင်ပေးမယ်သူ၊ ခံစားနားလည်ပေးမယ့်သူမျိုးကို လိုချင်နေတာပါ။ ဒါကြောင့် သင့်ဘက်က လူတွေကို လမ်းပြပေးမယ်၊ ဖြေရှင်းနည်းတွေကို ပါးစပ်နဲ့ လှိုင်လှိုင်ပြောပေးမယ်ဆိုတာမျိုး မလုပ်မိဖို့ လိုပါတယ်။

Photos & Source: Lifehack


Author


က္က