ဒီခေတ်ကြီးမှာ သူငယ်ချင်းအုပ်စုထဲမှာပဲ အချင်းချင်းပြန်ကြိုက်ကြတာက သိပ်ထူးဆန်းလှတော့တဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။
 

ဒီခေတ်ကြီးမှာ သူငယ်ချင်းအုပ်စုထဲမှာပဲ အချင်းချင်းပြန်ကြိုက်ကြတာက သိပ်ထူးဆန်းလှတော့တဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမယ့် ပြတ်သွားပြီဆိုရင်တော့ နည်းနည်းတော့နေရထိုင်ရခက်တဲ့ ဖြစ်ရပ်လေးတွေ သူငယ်ချင်းအုပ်စုကြားမှာရှိလာမှာပါ။

သမီးရည်းစားအခန်းကဏ္ဍရပ်စဲသွားပြီဆိုတာနဲ့ သူငယ်ချင်းတွေပုံမှန်ဆုံဖြစ်တဲ့ပွဲတွေကို ရှောင်တာတွေဘာတွေ ဖြစ်လာပါတယ်။ သူငယ်ချင်းအုပ်စုထဲက တခြားသူငယ်ချင်းတွေကတော့ အခြေအနေကိုပုံမှန်အတိုင်းထိန်းသိမ်းဖို့ ရယ်ရယ်မောမောစကားလေးတွေဆိုပြီး ကြိုးစားထိန်းသိမ်းကြမှာပါပဲ။ ဒါပေမယ့် ဒါဟာလည်း လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။

တချို့တွေဆိုရင် ရည်းစားနဲ့ပြတ်တာနဲ့ သူငယ်ချင်းအုပ်စုတစ်ခုလုံးကို စွန့်ခွာသွားတဲ့သူတွေတောင်ရှိပါတယ်။ ဒါပေမယ့် အမှန်အတိုင်းပြောရရင် ဒါဟာမှန်ကန်တဲ့လုပ်ရပ်တစ်ခုတော့ မဟုတ်ပါဘူး။ လူတစ်ယောက်နဲ့ ဆက်ဆံရေးရပ်စဲတာနဲ့ အသိုင်းအဝိုင်းတစ်ခုလုံးကို စွန့်ခွာသွားစရာမလိုပါဘူး။ ဒါဟာကလေးလည်းဆန်ပါတယ်။ အဲဒီအစား သူငယ်ချင်းချစ်သူလေးနဲ့ ပြတ်ဆဲသွားရင် ဆက်ဆံရေးကို ပုံမှန်အတိုင်းထိန်းသိမ်းဖို့ အောက်ပါနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

၁။ ပုံမှန်အတိုင်းဆက်ဆံပါ

b610c2c349.jpg 

ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ပဲ ပြတ်ခဲ့သည်ဖြစ်စေ...သူငယ်ချင်းတွေအားလုံး အတူတူရှိနေချိန်မှာတော့ ဘာမှမဖြစ်သလို ပုံမှန်လေးပဲနေလိုက်ပါ။ နောက်ပြီး သူငယ်ချင်းတွေက စနောက်လာရင်တောင် အိုဗာကြီးတွေ မတုံ့ပြန်ပါနဲ့။ ခင်ဗျားလုပ်ဖို့လိုအပ်တာက အေးအေးဆေးဆေးနဲ့ ပုံမှန်သူငယ်ချင်းတွေလိုပဲ ဆက်နေသွားဖို့ပါပဲ။ နောက်ပြီး အရမ်းကြီး serious လည်းမဖြစ်ပါနဲ့။ သူငယ်ချင်းတွေနဲ့ ပုံမှန်ပဲ စနောက်နေလိုက်ပါ။ ဒါက သူငယ်ချင်းကြားမှာ ရှိုးတိုးရှန့်တန့်နဲ့တစ်မျိုးကြီးဖြစ်နေခြင်းကို ရှောင်ရှားနိုင်မှာပါ။

၂။ အတိတ်ကို အတိတ်မှာပဲချန်ထားခဲ့ပါ

walking-alone-233266.jpg 

ကျားပေါက်ရဲ့ "ဝေးသွားလဲ" သီချင်းထဲကလိုုပဲပေါ့။ "ငါတို့ရဲ့အတိတ်ကို အတိတ်မှာချန်ထားခဲ့~~~~" ဆိုသလိုပါပဲ။ ပြီးခဲ့တဲ့ ပတ်သက်မှုတစ်ခုမှာ ဘယ်သူ့ဘက်ကပဲ ဖောင်းခဲ့သည်ဖြစ်စေ။ ကိုယ့်ဘက်ကတော့ ပြန်ပြီးအစမဖော်ပါနဲ့။ ချစ်လို့တွဲခဲ့ကြတာပဲ။ ပြတ်သွားတော့လည်း အေးအေးဆေးဆေးပဲ ဆက်နေသွားလိုက်ရုံပဲပေါ့။ ဒါကြောင့်ပြီးခဲ့တာတွေအားလုံးကို အတိတ်မှာပဲထားခဲ့လိုက်ပါ။ ခင်ဗျားနဲ့ခင်ဗျားရဲ့ Ex ရဲ့ ပတ်သက်မှုအကြောင်းတွေထိုင်ပြောပြီး သူငယ်ချင်းတွေကြားမှာ ဒရာမာကွက်တွေချိုးမနေသင့်ပါဘူး။

၃။ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုတွေကို ရှောင်ရှားပါ

တွဲခဲ့ဖူးတဲ့ရည်းစားတွေဆိုတော့ ယောင်ရမ်းပြီး လက်ကိုလှမ်းကိုင်မိတာတို့၊ ပုခုံးကိုလှမ်းတို့ထိတာတို့လို ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုတွေကို ရှောင်ရှားပါ။ အကျင့်ပါနေတော့ စိတ်ထဲကမပါဘဲ ရုတ်တရက်လုပ်လိုက်မိတာ ဆိုရင်တောင် ပြီးခဲ့တဲ့ ပတ်သက်မှုတစ်ခုမှာ စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲကြပြီးပြီဆိုတော့ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုတွေကို ရှောင်ရှားတာအကောင်းဆုံးပါပဲ။ ရှင်းရှင်းပြောရရင် သူငယ်ချင်းထက်ပိုတဲ့ အပြုအမူအားလုံးကို တတ်နိုင်သမျှရှောင်ရှားပါ။

၄။ သူငယ်ချင်းတွေနဲ့လျှောက်လည်ပါ

Friends+Hanging+Out.jpg 

သူငယ်ချင်းအုပ်စုထဲမှာ လျှောက်လည်ကြတာထုံးစံပါပဲ။ Ex ဘေးမှာပါနေလို့ဆိုပြီး သူငယ်ချင်းတွေကြားက လျှောက်လည်ကြမယ့် ပလန်တွေကို စွန့်ခွာမသွားပါနဲ့။ သူတို့ KTV မှာသီချင်းသွားဆိုမယ်ဆို လိုက်ဆိုလိုက်ပါ။ သူတို့ရုပ်ရှင်ကြည့်မယ်ဆို လိုက်ကြည့်လိုက်ပါ။ သူငယ်ချင်းတွေရဲ့ပလန်အတိုင်းပဲ အလိုက်သင့်နေလိုက်ပါ။ သူ့ဘေးနားမှာလည်း ပုံမှန်အတိုင်းပဲနေလိုက်ပါ။ မလိုက်ဘဲ ချန်နေခဲ့တာကမှ သူငယ်ချင်းတွေကြားမှာ မလိုလားအပ်တဲ့ နေရထိုင်ရခက်မှုတွေဖြစ်စေမှာပါ။

၅။ Ex ရဲ့ရည်းစားအသစ်ရှေ့မှာလည်း အေးဆေးပဲနေပါ

တကယ်လို့ ခင်ဗျားရဲ့ Ex က သူငယ်ချင်းတွေကြားကို သူ့ရဲ့ရည်းစားအသစ်ကို ခေါ်လာပြီးပွဲထုတ်ရင်တောင် ဝူးဝါးဝူးဝါးထမလုပ်ပါနဲ့။ ဘဝဆိုတာ တိုတိုလေးပါ။ သူ့မှာလည်း သူ့ဘဝနဲ့... ကိုယ့်မှာလည်း ကိုယ့်ဘဝနဲ့ဆိုတာကို နားလည်လက်ခံပြီး ရှေ့ဆက်သွားလိုက်ပါ။ ကိုယ်က ထားခဲ့ခံရတဲ့သူဖြစ်နေရင်တောင် Ex ရဲ့ရည်းစားအသစ်ကို မနာလိုစိတ်နဲ့အတင်းစကားတွေမဆိုမိပါစေနဲ့။ သူတို့ရှေ့မှာ ရိုင်းရိုင်းပျပျလည်း မဆက်ဆံပါနဲ့။ လူကြီးလူကောင်းတစ်ယောက်လိုပဲ နေပြီး မိမိရဲ့အဆင့်အတန်းရှိမှုကို ဖော်ပြလိုက်ပါ။

Source: Youngisthan

Share

Loading Next Article...
က္က