ကိုယ်နဲ့တစ်ချက်တစ်လေများ တူနေမလား?

ချစ်သူနှစ်ဦးလမ်းခွဲတဲ့အခါတိုင်း ငိုတဲ့လူက မှန်တယ်လို့ ပုံသေယူဆလို့မရဘူး။ များသောအားဖြင့် အသည်းကွဲပြီဆိုရင် မိန်းကလေးတွေက ငိုပြ၊ ခံစားပြကြတာကိုး။ ဒါပေမဲ့ သူတို့ရဲ့အမှားတွေကြောင့် တစ်ဖက်သားက ထွက်ပြေးသွားရတယ်ဆိုတာကို သတိမပြုတတ်ကြဘူး။ ယောက်ျားတွေပြောပုံအရ ဒီလိုမျိုးမိန်းကလေးတွေဆိုရင် ချစ်မိပြီး ပြတ်သွားတဲ့အခါ ဘယ်တော့မှ ပြန်မဆက်ချင်ဘူးလို့ ဆိုလေရဲ့။

၁။ ကိုယ်ပိုင်ဘဝနဲ့နေခွင့်မပေးတာ

"ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ ဘော်ဒါတွေနဲ့မတွေ့နဲ့၊ တစ်နာရီတစ်ခါ ဖုန်းခေါ်" စတာတွေက ရည်းစားဖြစ်စမှာဆိုရင်တော့ လိုက်လျောချင်လိုက်လျောလိမ့်မယ်။ ကြာလာရင်တော့ အဲ့ဒီချုပ်ခြယ်မှုဒဏ်ကို ဘယ်သူကမှ မခံချင်တော့ဘူး။ တင်းလွန်းရင် ပြတ်ထွက်တတ်တယ်ဆိုတာမျိုး။ ချုပ်ခြယ်လွန်းတဲ့ဒဏ်ကို မခံနိုင်တဲ့အခါ ရုန်းထွက်မှာပဲ။ ပြီးရင် ဘယ်တော့မှလည်း ပြန်မဆက်ချင်တော့ဘူး။

၂။ ဆန်းဆန်းတင့်

တစ်ခုခုပြောလိုက်ရင် အထအနကောက်လွန်းတယ်။ ဘာမှပြောလို့မရဘူး။ ဆတ်ဆတ်ထိမခံ ဆန်းဆန်းတင့် (sensitive) ဖြစ်လွန်းသူတွေကိုလည်း သဘောမကျဘူးလို့ ယောက်ျားတွေက ဆိုတယ်။

 

၃။ ချစ်စိတ်မဖော်ပြတတ်သူ

တချို့ကျတော့လည်း ချစ်တော့ချစ်ပါရဲ့။ ဘယ်လိုမျိုး ချစ်ပြရမှန်းမသိဘူး။ ချစ်သူတွေကြားက အပြုအမူတွေ မလုပ်တတ်တဲ့ မိန်းကလေးတွေကိုလည်း ယောက်ျားတွေက သဘောမကျပါဘူး။ ချစ်သူတွေကြားမှာ ရှိသင့်တဲ့ ရင်းနှီးမှု၊ ချစ်ဟန်မူရာလေးတော့ ရှိရမှာပေါ့။

၄။ သေးသေးမွှားမွှားကအစစိတ်ကောက်တယ်

ကောက်တေးမလေးတွေက ချစ်စရာကောင်းပါတယ်။ ဒါပေမဲ့ ထစ်ခနဲဆို စိတ်ဆိုးစိတ်ကောက်လွန်းနေရင်တော့ မကောင်းတော့ဘူး။ ဘယ်သူကမှ အချိန်ပြည့် ချော့မော့မနေချင်ဘူးလေ။ သူကိုယ်တိုင်စိတ်ရှုပ်နေချိန်မှာ သူများစိတ်ကောက်တာကိုလည်း အရေးမလုပ်ချင်တော့ဘူး။ ဒါကိုမှ ထပ်ပြီးစိတ်ကောက်ရင်လည်း တာ့တာပြလိုက်ရုံပဲကျန်တော့တယ်။

၅။ "ဘာမှမဖြစ်ဘူး"

အဓိကပြဿနာက အဲ့ဒီမှာစတာ။ အလိုမကျတာရှိရင်လည်းပြောလိုက်လေ။ မေးရင်လည်း မဖြေဘူး။ ဒါပေမဲ့ အပြုအမူတွေက တစ်ခုခုဖြစ်နေမှန်းသိတယ်။ မေးလိုက်တိုင်း "ဘာမှမဖြစ်ဘူး"လို့ပဲဖြေတာထက် ဘာကြောင့်ဒီလိုဖြစ်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတာကို ထုတ်ပြောသင့်ပါတယ်။

 

၆။ အတ္တကြီးသူ

မှားရင် မှားတယ်လို့ ဝန်မခံဘူး။ အမြဲတမ်း ကိုယ်အမှန်၊ သူအမှားစိတ်မျိုးနဲ့ အတ္တကြီးတဲ့မိန်းကလေးတွေကိုလည်း ယောက်ျားတွေက ဝေးဝေးရှောင်ပါတယ်။ ချစ်သူဖြစ်ခဲ့ဖူးတယ် အဆင်မပြေလို့ကွဲသွားတယ်၊ ဒါပေမဲ့ ဘယ်သောအခါမှ ပြန်မဆက်ချင်ကြဘူး။

၇။ ခိုင်းလွန်းတယ်

ဟိုဟာဝယ်ပေးပါ၊ ဒီဟာလုပ်ပေးပါ စသဖြင့် တတွတ်တွတ်နဲ့ ပူဆာလွန်း၊ ခိုင်းလွန်းတာတွေက ယောက်ျားတွေ စိတ်ရှုပ်ရဆုံးအရာတွေပဲ။ ဖေ့စ်ဘွတ်ပေ့ချ်တွေမှာ Mention ခေါ်ပြီး ဒါလေးဝယ်ပေးပါ၊ ဒါလေးလိုက်ပို့ပါတို့ ခဏခဏလုပ်လွန်းရင်လည်း စိတ်ရှုပ်လာကြတယ်။ တစ်ခုခုဆိုရင် သူများကိုချည်း အားမကိုးနဲ့လေ။ အပြန်အလှန်အနေနဲ့ ဖေးမတာမျိုးမရှိဘဲ ရည်းစားကို ပဒေသာပင်လို လိုသမျှတောင်းနေရင် ကြာတော့ ပြေးချင်စိတ်ပေါက်လာပြီပေါ့။

Source : Elite

Share

Loading Next Article...
က္က