အဓိကအချက်ကတော့ အကွာအဝေးပါပဲ။

Long Distance Relationship (LDRS) လို့ခေါ်တဲ့ အရာက ဒီခေတ်ကြီးမှာ အဆန်းမဟုတ်တော့ပါဘူး။ ဒစ်ဂျစ်တယ်နည်းပညာတွေနဲ့ ပိုမိုမြန်ဆန်လာတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကြားမှာ အင်္ဂလန်က ကောင်မလေးနဲ့ မြန်မာပြည်က ကောင်လေး ကြိုက်ဖို့ဆိုတာလည်း အလွယ်လေးပါ။ မြန်မာတစ်နိုင်ငံတည်းမှာပဲ နေထိုင်ရာမြို့တွေမတူညီပေမယ့် LDRS တစ်ခုကို တည်ဆောက်လို့ရပါတယ်။ ဒါပေမယ့် LDRS တွေရဲ့ ဘဝက သာမန် RS တွေထက် ပိုမိုကြမ်းတမ်းခက်ခဲပါတယ်။

 

အဓိကအချက်ကတော့ အကွာအဝေးပါပဲ။ အနေဝေးရင်သွေးအေးတယ်ဆိုတဲ့ စကားကလည်းရှိသေးတယ်လေ။ LDRS တိုင်းဟာ နှစ်ယောက်ကြားက အကွာအဝေးကြောင့်ပဲ အချစ်တွေတိုးပွားရသလို အဲဒီအကွာအဝေးကြောင့်ပဲ ဝေးကွာကြရပါတယ်။ ဒါပေမယ့် LDRS ဘဝကနေပြီး အိမ်ထောင်သည်ဘဝကို ကူးပြောင်းသွားနိုင်တဲ့သူတွေလည်း အများကြီးပါပဲ။ LDRS တွေ နှစ်ဦးကြားက ဆက်ဆံရေးလေးကို ဆက်လက် ထိန်းသိမ်းထားဖို့ဆိုရင်....

၁။ အဆက်အသွယ်မပြတ်ပါစေနဲ့

o-SKYPE-facebook.jpg 

တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် မမြင်မတွေ့နိုင်ဘူးဆိုတော့ စိတ်ပိုင်းဆိုင်ရာအဆက်အသွယ်နဲ့ ဒစ်ဂျစ်တယ်ကြားခံနယ်ပေါ်က အဆက်အသွယ်တော့ မပြတ်တောက်ဖို့ လိုအပ်ပါတယ်။ တစ်ခါ ဖုန်းပြောရင် နာရီဝက်၊ တစ်နာရီကြာတဲ့ စကားဝိုင်းတွေ ဖြစ်စရာမလိုပါဘူး။ ပုံမှန်လေးအဆက်အသွယ်လေးရှိနေရင် ရပါပြီ။

အချိန်ဘယ်လောက်တိုပါစေ။ ပုံမှန်လေးဆက်သွယ်နေမယ်ဆိုတာ ဒီ Relationship ကြီး တည်မြဲနေဖို့ ခင်ဗျားတို့နှစ်ယောက်လုံး ဘယ်လောက်စိတ်ဝင်စားတယ်ဆိုတာကို ဖော်ပြနေပါတယ်။ အနေဝေးရင် သွေးအေးတယ်ဆိုတာ ကိစ္စအများစုအတွက်တော့ မှန်ကန်နေဆဲပါပဲ။

၂။ အသေးအဖွဲကိစ္စလေးတွေကိုလည်း ပြောပါ

Fullscreen-capture-6152013-82449-PM.jpg 

သမီးရည်းစားနှစ်ယောက်ကြားမှာ ဘာအကြောင်းအရာပြောရမလဲဆိုတာက သိပ်ကြီးခက်ခက်ခဲခဲ စဉ်းစားနေစရာမလိုပါဘူး။ ချစ်ကြောင်း ကြိုက်ကြောင်းချည်းပဲ ထိုင်ပြောနေစရာလည်း မလိုပါဘူး။ ကိုယ့်ရဲ့ နေ့စဉ်ဘဝထဲက အသေးအဖွဲ အကြောင်းအရာလေးတွေကို ပြောပါ။

ကျောင်းမှာ၊ ရုံးမှာ၊ ပတ်ဝန်းကျင်မှာ၊ သူငယ်ချင်းတွေကြားမှာ ဖြစ်ပျက်တွေ့ကြုံလာရတဲ့ အသေးအဖွဲအကြောင်းအရာလေးတွေကို ပြောခြင်းကလည်း နှစ်ဦးကြားက သံယောဇဉ်တွေကို ပိုမိုခိုင်မြဲလာစေပါတယ်။ ခင်ဗျားရဲ့ချစ်သူဟာ ခင်ဗျားရဲ့အချစ်ဆုံး သူငယ်ချင်းတစ်ယောက်ဖြစ်လာတဲ့အချိန်မှာ အရာရာဟာ အဆင်ပြေချောမွေ့လှပလာပါလိမ့်မယ်။

၃။ တစ်ခါတလေ သူ့ဆီအလည်သွားပါ

happy_couple.jpg 

Long Distance Relationship ရဲ့ ခက်ခဲကြမ်းတမ်းတဲ့အပိုင်းတစ်ခုကတော့ လူချင်းမတွေ့ရတာပါပဲ။ ဘယ်လောက်ပဲ မလိုအပ်ပါဘူးဆိုဆို။ အချစ်မှာ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုလေးတွေဖြစ်တဲ့ ပွေ့ဖက်တာ၊ နမ်းရှုံ့တာ၊ လက်ချင်းကိုင်ပြီး လျှောက်လည်တာ စတာတွေကလည်း အတိုင်းအတာတစ်ခုထိ လိုအပ်တာပါပဲ။ ဒါကြောင့် မိမိချစ်သူရှိရာမြို့ (သို့) နိုင်ငံကို တစ်ခါတလေ အလည်အပတ်သွားပါ။

သူမ (သို့) သူ အနှစ်သက်ဆုံး စားသောက်ဆိုင်တစ်ဆိုင်မှာ လိုက်ကျွေးပါ။ အမှတ်တမဲ့တဒင်္ဂလေးတွေနဲ့ အမှတ်တရ အခိုက်အတန့်လေးတွေကို ဖန်တီးပါ။ ဒီအရာလေးတွေက ပြန်လည်ဝေးကွာရချိန်မှာ အလွမ်းကို လောင်စာဖြည့်ပေးမယ့် အရာလေးတွေ ဖြစ်လာမှာပါ။

၄။ တစ်ယောက်ကိုယ်တစ်ယောက် နားလည်အောင်လုပ်ပါ

10thingsldr.jpg 

နားလည်မှုဆိုတာ Relationship တစ်ခုမှာ အလိုအပ်ဆုံးအရာတစ်ခုပါ။ စကားလေးတွေပြောရင်း တစ်ယောက်အကြောင်းကို တစ်ယောက်ပိုမိုနားလည်အောင် ကြိုးစားပါ။ သူဘယ်အရာတွေကို အကြိုက်ဆုံးလဲ ဆိုတာ။ သူဘယ်အရာတွေကို အမုန်းဆုံးလဲ ဆိုတာတွေကို မှတ်သားထားပါ။ ဒါတွေက သူ့ဆီကို အဝေးကနေ လက်ဆောင်လေးတွေ ပို့ပေးရာမှာ အရေးပါလာနိုင်သလို ခံစားချက်တွေကို ဖော်ပြရာမှာလည်း အရေးပါလာနိုင်ပါတယ်။

၅။ ယုံကြည်မှုကိုတည်ဆောက်ပါ

redd-angelo-39061.jpg 

Relationship တစ်ခုမှာ ယုံကြည်မှုက အသက်တမျှအရေးပါ ပါတယ်။ အထူးသဖြင့် Long Distance Relationship တွေမှာပေါ့။ အကောင်းဆုံးကတော့ မိမိရဲ့လက်တွဲဖော်အပေါ် သစ္စာရှိပြီး သူ့ရဲ့ယံုံကြည်မှုကို ရယူတာပါပဲ။ တကယ်လို့ အမှားတစ်ခုခုကျူးလွန်မိရင်လည်း ပွင့်ပွင့်လင်းလင်းထုတ်ဖော်ဝန်ခံလိုက်ပါ။ ဘာလို့လဲဆိုတော့ မကောင်းမှုဆိုတာ တကယ်ဆိတ်ကွယ်ရာမရှိလို့ပါပဲ။ တစ်နေ့မဟုတ် တစ်နေ့တော့ ခင်ဗျားလုပ်ထားတဲ့အရာကို သူသိသွားမှာဖြစ်ပြီး အချိန်ကာလအကြာကြီး သူ့ကို ခင်ဗျားလိမ်ထားတယ်ဆိုတဲ့အသိက ခင်ဗျားတို့နှစ်ယောက်ကြားမှာ ပြန်ဆက်မရတဲ့ အက်ကြောင်းကို ဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် တစ်ယောက်ရဲ့ယုံကြည်မှုကို တစ်ယောက်က မချိုးဖောက်မိအောင် ထိန်းသိမ်းပါ။

Share

Loading Next Article...
က္က