တကယ်ချစ်ပြီဆို ကောင်းသမျှ ဆိုးသမျှ အားလုံးသိထားဖို့ လိုတယ်လေ။

အရင်တုန်းကတော့ အချစ်ရေးဆို သိပ်ပြီးစဉ်းစားတာမဟုတ်ဘူး ဒီလိုပဲ တွဲလိုက် ပြတ်လိုက်တာပဲ။ အီစီကလီတွေရော ခဏတဖြုတ်တွဲပြီး ဖြတ်ခဲ့တာတွေရော အများကြီး။ ရည်းစားထားရုံလောက်က လက်ခံလို့ရပေမဲ့ ပွေခဲ့ရှုပ်ခဲ့တာတွေက တကယ်ချစ်တဲ့လူနဲ့ ဆုံရတဲ့အခါမှာ အလေးအနက်စဉ်းစားစရာတွေ ဖြစ်လာပါပြီ။ တကယ်မြတ်မြတ်နိုးနိုးချစ်ရမယ့်သူ ပေါ်လာတဲ့အခါ သူ့အကြောင်းတွေသိချင်လာတယ်။ သူကလည်း ကိုယ့်အကြောင်းတွေကို သိချင်မှာပဲ။ အဲ့ဒီအခါ ကိုယ်ဆိုးခဲ့၊ ပွေခဲ့သမျှ ထုတ်ပြောလိုက်မှာလား။

 

ဒီလိုမျိုး ကိုယ့်အတိတ်က ပွေခဲ့ဆိုးခဲ့တာတွေကို ဖွင့်ဟဝန်ခံလိုက်ရင်

ကောင်းကျိုးတွေအနေနဲ့ ဘာတွေဖြစ်နိုင်မလဲ?

၁။ လျှို့ဝှက်ချက်လို စိတ်ပင်ပန်းခံဖုံးကွယ်စရာမလိုဘူး

သူသိသွားရင် စိတ်ဆိုးသွားမှာ၊ မချစ်တော့မှာ စိုးရိမ်တာနဲ့ ဖုံးကွယ်ထားရတာ စိတ်ပင်ပန်းစရာကောင်းတယ်။ ကိုယ့်ကိုမုန်းတီးနေသူတွေကလည်း ချစ်သူဆီကိုသွားပြီး ချွန်တွန်းလုပ် အောက်ဖဲလှန်မှာကိုလည်း စိုးရိမ်နေရတယ်။ အတိတ်ဆိုတာ ပြင်လို့လည်းရတာမဟုတ်မယ့်အတူတူ ချစ်သူဆီမှာ ကိုယ်တိုင်ဝန်ခံထားလိုက်တော့ စိတ်အေးအေးထားလို့ရမယ်။ သူ့ဆီက ယုံကြည်မှုလည်း ပိုရလာနိုင်တယ်။

၂။ အတိတ်နဲ့လက်ရှိ ကွာခြားနေပါပြီ

အရင်ကတော့ ဆိုးခဲ့တယ် ပွေခဲ့တယ်။ ဒါပေမဲ့ ခုချိန်မှာ လိမ္မာနေပါပြီ။ အရင်လို မပွေမရှုပ်တော့ဘဲ ခြေငြိမ်ငြိမ်နဲ့ လက်ရှိအချစ်ကိုပဲ တန်ဖိုးထားတယ်ဆိုတာ သူသိအောင် ပြသပါ။ ကိုယ့်အတွက် အမှတ်ကောင်းရတာပေါ့။

၃။ ရိုးသားမှု

Relationship တစ်ခု တည်ဆောက်တယ်ဆိုတာ အပျော်တွဲတာလိုမျိုး မဟုတ်တဲ့အတွက် အပြန်အလှန် နားလည်မှုတွေ၊ ချစ်ခင်မှုတွေနဲ့ ရိုးသားမှုတွေ လိုပါတယ်။ ကိုယ့်ဘက်က ရိုးသားတဲ့အတွက် ကိုယ့်အချစ်ကို ကိုယ်တိုင်ပဲ စိတ်ကျေနပ်ရတယ်။ သူကလည်း ကိုယ်ရိုးသားတယ်ဆိုတာ သိသွားမယ်။

 

ပွေခဲ့ရှုပ်ခဲ့တာတွေကို ထုတ်ပြောလိုက်လို့ ပိုဆိုးသွားတာမျိုးရော ဖြစ်နိုင်သလား?

၁။ တွေးထင်ထားတာတွေ ပြောင်းလဲသွားနိုင်တယ်

ဒါကတော့ မဖြစ်မနေ ကြိုတွေးထားရမယ့်ကိစ္စပါ။ ကိုယ့်ကို ဒီလိုလူမျိုးမှန်း သူသိသွားရင် သူ့အမြင်တွေပြောင်းသွားနိုင်ပါတယ်။ အကောင်းဆုံးကိုမျှော်လင့်ပြီး အဆိုးဆုံးကိုရင်ဆိုင်နိုင်ဖို့ ပြင်ထားပါ။ ကိုယ်ကလည်း သူ့ကို မေးလို့ သူ့ဘက်က ပွင့်ပွင့်လင်းလင်း ပြောပြလာတဲ့အခါ သူဘယ်လိုမျိုးဆိုတာကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်သင့်ဘူး။ ခဏတာပျော်ပါးဖူးတာတွေရှိတယ် ဒါပေမဲ့ အရေအတွက်အတိအကျကို မပြောချင်ဘူးဆိုလည်း အတင်းအကျပ်မေးမနေပါနဲ့။ ဖြစ်ဖူးခဲ့တယ်လို့ ဝန်ခံပြီးရင် အတိတ်ကို အတိတ်မှာပဲထားပေးလိုက်ပါ။

၂။ လက်ရှိချစ်သူကကိုယ့်ကိုအရမ်းထိန်းချုပ်လွန်းတဲ့လက္ခဏာ

တစ်ယောက်တည်းကိုချစ် ၊ အဲ့ဒီတစ်ယောက်နဲ့ပဲညားပြီး သေတဲ့အထိ ပေါင်းသင်းသွားတယ်ဆိုတာ အရမ်းကိုရှားပါတယ်။ အနည်းဆုံးတော့ အချစ်ဦးနဲ့ အချစ်ဆုံးဆိုတာ ရှိကြသေးတာပဲ။ ကိုယ့်ဘက်က သူ့ကို အရမ်းချစ်တာသိလို့ သူက အတိတ်ကကိစ္စတွေကို စစ်စစ်ပေါက်ပေါက် အတင်းအကျပ်မေးနေတာလည်း ဖြစ်နိုင်တယ်။ ကိုယ်ကအရမ်းချစ်တဲ့အခါ သူက အနိုင်ယူချင်တယ်။ ကိုယ့်ကို ထိန်းချုပ်ချင်တယ်လေ။ ဒီလိုစိတ်မျိုးနဲ့ဆို ရေရှည်တွဲလို့လည်း အဆင်ပြေဖို့မလွယ်ဘူးဆိုတာ မှတ်ထားပါ။

 

၃။ အရေအတွက်က အဓိကမကျဘူး

ကိုယ်က ဘယ်နှစ်ယောက်နဲ့ပဲ ပတ်သက်ခဲ့ပါတယ်ပြောပြော သူ့ဘက်က ထင်ချင်သလိုထင်မှာ။ လျှော့ပြောလည်း ထူးမှာမဟုတ်ဘူးဆိုတာ မမေ့ပါနဲ့။ လူနည်းနည်းနဲ့ပဲ ရှုပ်ခဲ့တာဖြစ်စေ လူအများကြီးနဲ့ပဲ ရှုပ်ခဲ့တာဖြစ်စေ သူ့ရဲ့တုံ့ပြန်မှုကတော့ အတူတူပဲဖြစ်မှာပါ။

 

ဘယ်လိုမျိုး ထုတ်ပြောမလဲ

ကိုယ့်အတိတ်က ဆိုးခဲ့တာတွေကို ထုတ်ပြောမယ်ဆိုရင် ဘယ်လိုမျိုးပြောမလဲဆိုတာက အရေးကြီးတယ်။ ပြောမပြခင်မှာ သူကလည်းသိချင်၊ ကိုယ်ကလည်း ပြောချင်နေတယ်ဆိုတာ သေချာဖို့လိုပါတယ်။ ဒါမှမဟုတ်ဘဲ ဟိုဘက်က မသိချင်ဘဲနဲ့ ကိုယ်ကအရင် စောစောစီးစီးပြောလိုက်ရင် သူစိတ်ပျက်သွားမှာသေချာတယ်။ ချစ်သက်တမ်းကလည်း မကြာသေးဘဲနဲ့ ဒီလိုတွေကို စောစောစီးစီးသိလိုက်ရတော့ စိုးရိမ်ကြောက်လန့်ပြီး သင့်ကိုအဆက်ဖြတ်သွားနိုင်လို့ပါ။ ကိုယ်သာဆိုရင်ရော သူ့ရဲ့ ပွေခဲ့ရှုပ်ခဲ့တဲ့အကြောင်းတွေကို သိလိုက်ရရင် ဘယ်လိုနေမလဲဆိုတာ ကိုယ်ချင်းစာစိတ်နဲ့ အရင်စဉ်းစားပြီးမှ ဖွင့်ဟဝန်ခံဖို့လိုပါတယ်။

Source: Relate

Share

Loading Next Article...
က္က