လူတိုင်းကတော့ ကိုယ့်ချစ်တဲ့သူနဲ့ လက်တွဲမြဲချင်ကြတဲ့သူတွေချည်းပါပဲ။
May Thaw

ကိုယ့်အချစ်ရေးကိုလည်း အဆုံးထိ သူတစ်ယောက်တည်းနဲ့ပဲလို့ မျှော်လင့်ထားကြတဲ့သူတွေချည်းပါပဲ။ အထူးသဖြင့် အမျိုးသမီးတွေဟာ တစ်ယောက်ကနောက်တစ်ယောက် ပြောင်းတဲ့အခါ ပတ်ဝန်းကျင်က ပွေရှုပ်တဲ့သူလို့ အပြစ်တင်မှာ၊ ဝေဖန်ခံရမှာ သိပ်ကိုကြောက်တတ်ကြပါတယ်။

မိန်းကလေးတွေက တစ်ယောက်ဆိုတစ်ယောက် အချိန်အကြာကြီး တွဲပြီး၊ အဲ့ဒီလူနဲ့ပဲ အိမ်ထောင်ပြု၊ နောက်ဆုံးချိန်ထိ အတူရှိချင်ကြတယ်။ ပတ်ဝန်းကျင်က ကဲ့ရဲ့မှာကို ကြောက်ကြတယ်။ ဒါတွေကြောင့်လည်း ဒီလူနဲ့ ရေရှည်သွားဖို့ မဖြစ်နိုင်ပါလားလို့ ဦးနှောက်က သတိပေးနေသည့်တိုင် နှလုံးသားက တော့ သူမှသူ ဖြစ်နေတတ်တာ၊ မလွန်ဆန်နိုင်တော့တာတွေကြောင့် အချစ်ရဲ့နွံထဲမှာ နစ်မြုပ်ရင်း ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေသူတစ်ဦးလို ခံစားလာကြရတာပါပဲ။ လူတစ်ယောက်ဟာ အချစ်ရေးမှာ စိတ်ပျက် အားငယ်ရသလိုချည်း ခံစားနေရရင်၊ အထီးကျန်သလိုချည်း ခံစားလာရရင်၊ သူဖြစ်ချင်တဲ့အခြေအနေမျိုးနဲ့ အရမ်းကြီး ကွာဟလွန်းတယ်လို့ ထင်မြင်လာရရင်၊ အထူးသဖြင့် စိတ်ပိုင်းရောရုပ်ပိုင်းပါ နာကျင်ခံစားလာရမယ် ဆိုရင် ဒီအချစ်ရေးကို လုံးဝရှေ့မဆက်သင့်တော့ပါဘူး။ အဆိပ်ပေးလိုက် ဆေးကျွေးလိုက် အခြေအနေမျိုး၊ ငရဲကျလိုက် နတ်ပြည်ရောက်လိုက် အဖြစ်မျိုးတွေကြောင့် လမ်းခွဲမယ်ကြံတိုင်း သူပြန်ချော့တာ တောင်းပန်တာနောက် ပါသွားပြီး ဒုက္ခလှလှကို ခါးစည်းခံနေမယ်ဆိုရင်တော့ ရေရှည်မှာ နစ်နာမယ့်သူက ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါလိမ့်မယ်။

ဒီတော့ ကိုယ်တိုင်ဒီလိုအခြေအနေတွေ ကြုံနေရပြီလားဆိုတာ မဝေခွဲနိုင်အောင် ဇဝေဇဝါဖြစ်နေခဲ့မယ်ဆိုရင် ဘယ်လိုအခြေအနေမျိုးတွေမှာ ကိုယ့်ရဲ့အချစ်ရေးကို အဆုံးသတ်လိုက်သင့်သလဲ၊ လှည့်မကြည့်သင့်တော့ ဘူးလဲဆိုတဲ့ မေးခွန်းမျိုးတွေတော့ ရှိနေတာပေါ့။

ဒီအကြောင်းကို လက်ရှိ စင်ကာပူက KatalystM မှာ Client Applications Developer အဖြစ် ဖြတ်သန်းရင်း သူမရဲ့အိပ်မက်တွေကို ကိုယ်တိုင်ပုံဖော်ထုဆစ်နေတဲ့ ကေခိုင်ကတော့ “ကိုယ့်ချစ်သူက ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့ အကြိမ်ရေများလာတယ်ဆိုရင် ဒီအချစ်ရေးကို လုံးဝရပ်တန့်ပစ်လိုက်သင့်ပါတယ်။ နောက် ကိုယ့်ကို cover girl အဖြစ်တွဲနေခဲ့တယ် ဆိုရင်လည်း အန္တရာယ်ရှိတဲ့ အချစ်ရေးပါပဲ။ cover girl ဆိုတာကတော့ ကိုယ့်ကိုနာမည်ခံအသုံးချတာမျိုးပေါ့။ အားလုံးအမြင်မှာတော့ သူနဲ့တွဲနေတဲ့သူက ကိုယ်ပါပေါ့။ နောက်ကွယ်မှာက တစ်ယောက်ရှိနေတာမျိုး သိရရင်လည်း သူ့ကိုပွင့်ပွင့်လင်းလင်းပြောပြီး လမ်းခွဲတာအကောင်းဆုံးပါ။ ဒါမှမဟုတ် ကိုယ်တွဲနေတဲ့သူရဲ့ ခံယူချက်၊ သဘောထား၊ ဘဝရပ်တည်မှုပုံစံတွေက အရင်နဲ့မတူတော့ဘဲ ကိုယ်လက်မခံနိုင်လောက်အောင် ပြောင်းလဲသွားတယ်ဆိုရင်လည်း နှစ်ဦးသားရှေ့ဆက်ဖို့ ခက်ခဲသွားတဲ့အခြေအနေမျိုးပါပဲ။ ဒီလို အခြေအနေမျိုးက ညှိုနှိုင်းကြည့်ရင်တောင် အဆင်ပြေဖို့မလွယ်ပါဘူး။ နောက်တစ်မျိုးကတော့ သူက ကိုယ့်ကို တန်ဖိုးထား၊ လေးစားမှုမရှိတော့ဘူး။ သူ့အတ္တကိုပဲရှေ့တန်းတင်လာမယ်။ သူ့မိသားစုရဲ့ လွှမ်းမိုးမှုကို မလွန်ဆန်နိုင်ဘဲ ကိုယ်က အမြဲအလျော့ပေးနေရမယ်၊ အရေးအကြီးဆုံးက ကိုယ့်အပေါ်သစ္စာမဲ့တာမျိုးပေါ့။ တခြားလူက ကိုယ်ရှိနေမှန်းသိလျက် လာအီတာကို ပြန်အီတာမျိုး၊ မျက်နှာများတာမျိုးတွေကလည်း သူနဲ့ လုံးဝရှေ့မဆက်သင့်တော့တဲ့ အကြောင်းအရင်းတွေပါပဲ။” လို့ သူမက ပြောပြသွားပါတယ်။

မဖြစ်မနေလမ်းခွဲသင့်တဲ့ အကြောင်းအရင်းတွေကို ထပ်ပြီးပြောရရင်တော့

(၁) စတွဲတုန်းကလို ရင်ခုန်စိတ်လှုပ်ရှားတာ၊ ပျော်ရွှင်တာ စတဲ့ခံစားချက်မျိး တစ်ခုမှမရှိတော့သလို ကိုယ့်ဘာသာကိုယ်လည်း သဘောမကျတော့ဘူး။ ငါဘာ့ကြောင့်များသူ့ကို ချစ်မိခဲ့တာပါလိမ့်ဆိုတဲ့ အတွေးတွေဆက်တိုက်ဆိုသလို ဝင်နေမယ်။ ငါအသုံးမကျပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်ထင်နေမယ်ဆိုရင် ဒီလိုအချစ်ရေးဟာ အမြန်ဆုံးအဆုံးသတ်သင့်တဲ့ အချစ်ရေးမျိုးပါပဲ။

(၂) အပြစ်တစ်ခုခုလုပ်မိမှာကို အမြဲစိုးရိမ်နေရတဲ့ အချစ်ရေးမျိုးဆိုရင်လည်း ကိုယ့်အခြေအနေကိုယ် ပြန်သုံးသပ်သင့်ပြီလို့ ဆိုပါရစေ။ နှစ်ယောက်မှာ ကိုယ်ကအမြဲစိုးရိမ်ကြောင့်ကြမှုတွေနဲ့ နေထိုင်နေရတယ်၊ အမှားလုပ်မိမှာစိုးရွံ့နေသလိုမျိုး သတိကြီးကြီးနဲ့ နေ့စဉ်ဘဝတွေကို ဖြတ်သန်းနေရတယ်ဆိုရင် နှစ်ဦးကြားက အရာက အချစ်မဖြစ်နိုင်တော့ပါဘူး။

(၃) မိတ်ဆွေ၊ အပေါင်းအသင်းတွေက လမ်းခွဲသင့်ပြီဆိုပြီး ခဏခဏအကြံပေးခံရရင်လည်း ကိုယ့်အချစ်ရေးဟာ ဘေးလူအမြင်မှာတော့ အတော့်ကိုဆိုးရွားနေလို့သာ ဖြစ်ပါလိမ့်မယ်။ ကိုယ့်မိတ်ဆွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေကတော့ ကိုယ့်ရှေ့ရေးကိုသာ ကောင်းဖို့ရှေးရှုတတ်ကြတာမို့ သူတို့အမြင်မှာ ကိုယ်က ဒီအချစ်ရေးမှာ မပျော်ရွှင်ဘဲ စိတ်ညစ်စိတ်ပင်ပန်းနေရတဲ့ အနေအထားဖြစ်နေလို့ ဒီလိုအကြံပေးတတ်ကြတာပါ။ တစ်ခါတစ်လေ ဘေးလူတွေရဲ့အမြင်က ကာယကံရှင်တွေထက် ပိုမှန်ကန်နေတတ်ပါတယ်။

(၄) ပြဿနာဖြစ်တိုင်း ကိုယ်ကပဲ အမြဲလိုက်ရှင်းပြ၊ တောင်းပန်ရ၊ ပြန်အဆင်ပြေအောင် ကြိုးစားနေရသူ ဆိုရင်လည်း ဒီဆက်ဆံရေးက တစ်ခုခုလွဲနေပြီလို့ ဆိုချင်ပါတယ်။ ကိုယ်က အရင်အတိုင်း အားလုံးပြန်ကောင်းသွားအောင် ကြိုးစားတတ်သူဆိုပေမယ့် တစ်သက်လုံးတော့ ဒီလိုမလုပ်နိုင်ဘူးလေ။

(၅) အချစ်ကကိုယ့်ကိုမွန်းကျပ်လွန်းစေတယ်လို့ ခံစားလာရပြီဆိုရင်တော့ တစ်ဖက်လူက ကိုယ့်ကို ဘယ်အတိုင်းအတာထိ ချုပ်ကိုင်ထားတာ ခံနေရပြီလဲဆိုတဲ့အချက်ကို ထည့်တွေးဖို့ လိုအပ်လာပါပြီ။ ကိုယ့်ရဲ့လွတ်လပ်ခွင့်တွေ၊ ဆုံးဖြတ်ခွင့်တွေ၊ အိပ်မက်တွေ အားလုံးကို သူ့လက်ထဲထည့်ပေးလိုက်မိပြီလား ဆိုတာ သေချာတွေးပါ။ အဖြေက Yes ဆိုရင်တော့ ဒီအချစ်ရေးဟာ ကြောက်စရာကောင်းတဲ့ အခြေအနေတစ်ခုကို စတင်ဖန်တီးနေပြီလို့ ဆိုပါရစေ။

(၆)သူနဲ့လမ်းခွဲလိုက်ရင် ငါ့ကိုတော့ လူတွေဝိုင်းအပြစ်တင်မေးငေါ့ကြတော့မယ်ဆိုတဲ့ အကြောက်တရား၊ သူနဲ့လမ်းခွဲလိုက်ရင် ငါတော့အထီးကျန်တော့မယ် ဆိုတဲ့အကြောက်တရားတွေကြောင့် ဒီလမ်းကို ဆက်လျှောက်နေရတယ်ဆိုရင်လည်း သတ္တိမွေးပြီး အကြောက်တရားတွေကို ရင်ဆိုင်ကြည့်ဖို့ တိုက်တွန်းရမှာပါပဲ။ မဟုတ်ရင် နာကျင်ခံစားရတဲ့သူဟာ ကိုယ်တိုင်ပဲ ဖြစ်နေမှာမို့ပါ။

(၇) ကိုယ့်အပေါ် မလေးမစားဆက်ဆံတာကလည်း တကယ့်ကိုခွင့်မလွှတ်နိုင်စရာအချက်ပါ။ နှစ်ဦးတည်းရှိတဲ့အခါတွေမှာဖြစ်စေ၊ တခြားလူတွေနဲ့အတူရှိနေချိန်တွေမှာ ဖြစ်စေ ဝေဖန်တာ၊ စသလိုနောက်သလိုနဲ့ အပြစ်တင်တာ၊ ကိုယ်သဘောမကျတဲ့ အခြေအနေ၊ ဒါမှမဟုတ် အားနည်းချက်ကို နင်းပြီးပြောတာမျိုးတွေ သူလုပ်လာမယ်ဆိုရင်တော့ ဒါမျိုးအချစ်ရေးကို စွန့်ပစ်လိုက်ပါတော့။

(၈) ကိုယ့်ကို ချစ်သူဆိုတဲ့လူက အပြောနဲ့တင်မဟုတ်ဘဲ ခြိမ်းခြောက်တာတွေ၊ ကိုယ်ထိ လက်ရောက်ပြုမူတာမျိုးတွေ ပါလာခဲ့ရင်လည်း သူနဲ့ဘယ်လောက်သက်တမ်းကြာကြာ တွဲခဲ့တွဲခဲ့ လမ်းခွဲစကားဆိုကိုဆိုရမယ့် အနေအထားပါ။ ဒီလိုလူမျိုးတွေက စိတ်ရောဂါအသေးစား ခံစားနေကြရသလိုပါပဲ။ ကြာလေပိုဆိုးလာလေဖြစ်ဖို့ပဲရှိပါတယ်။

(၉) ကိုယ့်ချစ်သူနဲ့ပတ်သက်လာရင် အမြဲသဝန်တိုပြီး၊ ဘယ်သူနဲ့ဘယ်နေရာများသွားနေမလဲ၊ ဘယ်သူနဲ့များ chat နေမလဲ စသဖြင့် လိုက်ပြီးစိတ်ပူနေရတယ်၊ သူဘာလုပ်နေသလဲဆိုတာ မသိမသာလိုက်ကြည့်နေရတဲ့ အခြေအနေမျိုးဆိုရင် သူအရင်က ကိုယ့်ကိုဒါမျိုးလုပ်ထားခဲ့ဖူးလို့ ဖြစ်လိမ့်မယ်ဆိုတာ စဉ်းစားနေစရာမလိုတော့ပါဘူး။ တစ်ခါလှည့်စား၊ ညာပြီးဟန်ဆောင်တတ်တဲ့လူဆိုတာ နောက်တစ်ခါလှည့်စားဖို့ ဝန်မလေးတတ်ကြပါဘူး။

(၁၀) ပြတ်လိုက်ဆက်လိုက်နဲ့ အကြိမ်ပေါင်းများစွာဖြစ်နေတဲ့ အတွဲတစ်တွဲဟာ ဘယ်လောက်မြဲမယ် ထင်ပါသလဲ။ အချိန်ကြာလာလေလေ အတင်းပြန်ကပ်ထားတဲ့ ဆက်ရာလေးတွေက ပတ်ကြားအက်လာဦးမှာပါ။ သုတေသီတွေက ပြဿနာတက် ရန်ခဏခဏဖြစ်တဲ့ စုံတွဲတွေက ဘယ်လောက်မြဲတယ်ပြောပြော လက်တွေ့မှာ အဲ့ဒီလိုအတွဲတွေဟာ အိမ်ထောင်ကျခဲ့ရင်တောင် အိမ်ထောင်သက်မကြာဘဲ လမ်းခွဲကြတာများပါတယ်။

(၁၁) ကိုယ့်ချစ်သူကို တခြားတစ်ယောက်ဖြစ်ရင်သိပ်ကောင်းမှာပဲလို့ တွေးနေတယ်ဆိုရင်လည်း ဒီလက္ခဏာဟာ သိပ်တော့မကောင်းလှပါဘူး။ ကိုယ့်ရဲ့လက်ရှိချစ်သူကို ကိုယ်မခံစားနိုင်လို့၊ စိတ်ကုန်နေလို့သာ ဒီလိုအတွေးမျိုးတွေ တွေးမိနေတာပါ။ ကိုယ့်ဘာသာကိုယ် သေချာပြန်ဆန်းစစ်ရမယ့် အနေအထားပါပဲ။

(၁၂) တစ်ယောက်တည်းနေရတဲ့အချိန်လေးတွေ ပြန်လွမ်းမိနေပြီ၊ နှစ်ယောက်အတူရှိပေမယ့် တစ်ယောက်တည်းဖြစ်နေတဲ့ single ဘဝထက်တောင် ပိုအထီးကျန်နေတယ်လို့ ခံစားလာရပြီ၊ မပျော်တော့ဘူးဆိုရင်တော့ ဒီအချစ်ရေးကို အဆုံးသတ်ဖို့ အကြံပေးချင်ပါတယ်။

မဒီတို့အနေနဲ့ ဒီအချက်(၁၂)ချက်ထဲက တစ်ချက်ကိုခံစားနေရပြီဆိုတာနဲ့ နှလုံးသားနဲ့ဦးနှောက် ဒီတစ်ခေါက် ဘယ်အရာကို အလေးပေးရမယ်ဆိုတာ သေချာတွေးတောပြီး ဆုံးဖြတ်ချက်ကို ရဲရဲချစေချင်ပါတယ်။ ဒီဆုံးဖြတ်ချက်တစ်ခုဟာ ကိုယ့်ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေမယ့် ဆုံးဖြတ်ချက်ဆိုတာကိုလည်း နားလည်နေဖို့ လိုပါတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေဖို့နဲ့ သူမရှိတော့တဲ့အခါ ကိုယ်ဘာတွေပိုလုပ်နိုင်တယ်၊ ဘာတွေပိုအချိန်ပေးနိုင်တယ်၊ နာကျင်ခံစားနေရတာတွေ ဘယ်လို သက်သာသွားမယ်၊ ကိုယ့်ဘဝနစ်မွန်းနေရာကနေ တောက်ပတဲ့အနာဂတ်ကို ဘယ်လိုပုံဖော်နိုင်တော့မယ်ဆိုတဲ့ အကောင်းမြင်တဲ့ အတွေးမျိုးတွေ ပိုတွေးနိုင်ဖို့ပါပဲ။ ဒီအကောင်းမြင်စိတ်လေးထားပြီး ဝေဒနာတွေကို ကုစားကြည့်လိုက်ပါ၊ အချိန်အတိုင်းအတာတစ်ခုရောက်တာနဲ့ ငါ့ဆုံးဖြတ်ချက်တယ်မှန်ပါလားဆိုပြီး ရယ်မောပျော်ရွှင်ရမှာ အသေအချာပါ။


က္က