May Thaw

လူတစ်ယောက်က ကိုယ့်ကို မသိမသာ ဒါမှမဟုတ် သိသိသာသာ ထိန်းချုပ်ထားတာမျိုး ခံရဖူးပါသလား။ အဲ့ဒီလူက တခြားလူမဟုတ်ပါဘဲ ကိုယ့်ရဲ့ချစ်သူ၊ ကိုယ့်လက်တွဲဖော်၊ ကိုယ့်အိမ်ထောင်ဖက် ဖြစ်နေတာမျိုးပေါ့။ ထိန်းချုပ်တယ်ဆိုတဲ့ စကားလုံးက ချစ်သူတွေကြား နည်းနည်းရင့်သီးပေမယ့် ကိုယ့်ကို " ဒီလိုမဝတ်ပါနဲ့ ကိုယ်မကြိုက်ဘူး" ၊ " အဲ့ဒီလူတွေနဲ့ ပေါင်းရင် ကိုယ့်ကိုလာမပတ်သက်နဲ့တော့" ၊ " မင်း တဖြည်းဖြည်းနဲ့ ဝလာပြီနော်၊ ပိန်အောင်ဝိတ်ချပါလား" ၊ "တက်တူးထိုးမလို့ ဟုတ်လား၊ တက်တူးထိုးရဲထိုးကြည့် မင်းနဲ့ငါ အပြတ်ပဲ" စသဖြင့် ကိုယ့်ချစ်သူ အပေါ် အမိန့်ပေးပြီး တော့ တစ်မျိုး၊ အပျော့ဆွဲနဲ့ တစ်ဖုံ ဘာမလုပ်နဲ့ ညာမလုပ်နဲ့ ဆိုပြီး တားမြစ်ပိတ်ပင်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်မပေး၊ အတင်းချုပ်ချယ်တာမျိုး ခံနေရရင် သေချာတယ် သင်ဟာ သင့်ချစ်သူရဲ့ ထိန်းချုပ်တာကို ခံနေရပြီဆိုတာပါပဲ။

ကိုယ့်ချစ်သူက ကိုယ်လျှောက်နေတဲ့လမ်းက လမ်းမှားဖြစ်နေလို့ ကိုယ့်ကိုဘေးကနေ အကြံပေးတယ်၊ မလုပ်သင့်ဘူး ပြောတယ်၊ တားတယ်ဆိုတာမျိုးကတော့ ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ ကိုယ်လုပ်နေ တာတွေက မှန်နေရဲ့သားနဲ့ ဟိုမသွားရဘူး ဒီမသွားရဘူးဆိုတာမျိုး ပိတ်ပင်ချုပ်ခြယ်တာမျိုးတော့ တစ်မျိုးဖြစ်သွားပါပြီ။ လူတစ်ချို့ကျတော့လည်း ကိုယ်ဒါမလုပ်ရင်သူလည်း မလုပ်ရဘူး။ ကိုယ်ဒါမကြိုက်ရင် သူလည်းဒါမကြိုက်ရဘူးဆိုတဲ့ ကျဉ်းမြောင်းတဲ့အတွေးအမြင်အယူတွေနဲ့ နေထိုင်နေကြပါတယ်။

ဒီလိုအခြေအနေမျိုး ကြုံခဲ့ဖူးတဲ့ မျိုးပပကျော်ကတော့ သူကြုံခဲ့ရတဲ့အဖြစ်အပျက်ကို ခုလို ပြန်လည်ဖွင့်ဟသွားပါတယ်။

“ကိုယ့်ရဲ့ရည်းစားဦးက ကိုယ့်ဘာလုပ်လုပ် လိုက်ပိတ်ပင်တာ၊ တားဆီးတာမျိုးတွေ ကြုံခဲ့ရဖူးတယ်။ သူက ဘယ်လောက်ဆိုးသလဲဆိုရင် ကိုယ့်မိဘ၊ ကိုယ့်မောင်နှမတွေနဲ့ အပြင်သွားရင်တောင် စိတ်မချဘူး၊ သူမပါရင် ဘယ်မှမသွားရဘူး ဆိုတာမျိုးတွေ၊ နောက် လမ်းလျှောက်ရင် ခေါင်းငုံ့လျှောက်ရမယ် ဆိုတာမျိုးတွေထိ လိုက်ထိန်းချုပ်တာ။ ဆိုတော့ တခြားလူနဲ့ဆိုရင်တော့ မပြောပါနဲ့တော့။ သူငယ်ချင်းယောင်္ကျားလေးနဲ့ အရွှန်းဖောက်ပြောမိပြီဆိုရင် ကိုယ်က အဲ့ဒီလူနဲ့ပဲ ဖောက်ပြန်တော့မလိုကို စွပ်စွဲပြီးပြောတာ။ ကိုယ့်ရှေ့တခြားယောက်ျားလေးတစ်ယောက်လာထိုင်လို့ ကြည့်လိုက်မိရင်တောင် နင်က သူ့ကိုကြိုက်နေတာလား ဘာလား။ ကြာလာတော့ ကိုယ့်မှာဆိုက်ကိုပါ ဖောက်လာတာ။ တွဲခဲ့တဲ့ ခြောက်နှစ်တာအချိန်ဟာ ကိုယ့်အတွက် ငရဲလိုပါပဲ”လို့ သူမက ဆိုပါတယ်။

ထိန်းချုပ်တယ်ဆိုတာမျိုးက လူ့ပတ်ဝန်းကျင်မှာ နဲ့ ဆက်ဆံရေးချို့မှာ ပုံမှန်အားဖြင့်တော့ ရှိနေတတ်ပါတယ်။ ဒါပေမယ့် ပုံမှန်ဆိုတာထက် ပြင်းထန်လာရင်တော့ အထိန်းချုပ်ခံနေရတဲ့ သူအနေနဲ့ တစ်ခုခုဆုံးဖြတ်ဖို့ လိုလာပြီပေါ့။ ကျွန်မတို့အမျိုးသမီးတွေဟာ ကိုယ့်ကို ကိုယ့်ချစ်သူက ချုပ်ချယ်တယ်၊ ဘာမလုပ်နဲ့ ညာမလုပ်နဲ့လို့ ပြောတဲ့အခါ ဒီလိုငါ့အပေါ် သူတားမြစ်တာဟာ ငါ့ကိုသူသိပ်ချစ်လို့ပါ လားဆိုပြီး အသိမှားနေတတ်ကြပါတယ်။ ဒါကိုပဲ ဂုဏ်ယူနေ တဲ့သူကလည်း သပ်သပ်ကို ရှိပါတယ်။ ကိုယ့်ချစ်သူ အမျိုးသားက ကိုယ့်ကို ချစ်လို့ သတိပေးတာ၊ တားမြစ်ထားတာမျိုးလေးတွေ မရှိရဘူးမဟုတ်ဘူး၊ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တအားကြီး ပိတ်ပင်လာမယ်၊ နောက် ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို လိုက်ပြီး ဝေဖန်ပြောဆိုလာမယ်၊ ကိုယ်ဖြစ်ချင်တာ ကိုယ် လုပ်ချင်တာတွေကို မလုပ်ဖြစ်အောင် တားဆီးလာမယ်၊ ကိုယ့်ရဲ့အသွင်အပြင်ပိုင်းကို အပြစ်တင်ပြီး ဖိအားတွေပေးလာမယ် ဆိုရင်တော့ ကိုယ့်အနေနဲ့ တစ်ခုခုလုပ်သင့်လုပ်ရတော့မှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ဒီလိုအခြေအနေမျိုး ဆက်တိုက်ကြုံလာရတဲ့ အမျိုးသမီးရဲ့စိတ်ဟာ abuse လုပ်ခံရတာနဲ့ တူလာလို့ပါ။

“သူ့ကိုကြာတော့ကြောက်လာတာ။ တစ်ဖက်ကလည်းကြောက်လာသလို၊ တစ်ဖက်ကလည်း သူ့ကို သတ်ပစ်လိုက်ရင် ကောင်းမလားလို့တောင် စဉ်းစားဖူးခဲ့တယ်။ သူနဲ့တွဲပြီးမကြာခင်မှာပဲ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြတ်ကုန်တယ်။ ဘယ်သူငယ်ချင်းနဲ့မှလည်း မတွေ့ရတော့တဲ့ အတွက် သူငယ်ချင်းတွေကလည်း ကိုယ့်ကို မဆက်သွယ်တော့ဘူး။ အပေါင်းအသင်းတွေက ကိုယ့်ကိုဆို သူ့ကိုကြောက်တော့ အကြံပေးတာမျိုးဘာညာလည်း မလုပ်ရဲကြဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း သူ့ကြောင့်ခဏခဏ အရှက်ကွဲခဲ့ရတယ်။ သူက ဘယ်လောက်ထိ လဲဆိုတော့ ကိုယ်က သူ့ကိုအရာရာမှီခိုပစ်လိုက်ရလောက်အောင်ကို ကိုယ့်ကို ပုံသွင်း လိုက်တာ” လို့ သူမက ဆက်ပြောပြပါတယ်။

မဒီတို့အနေနဲ့ ကိုယ့်ချစ်သူဟာ ကိုယ့်အပေါ် ထိန်းချုပ်သလို အမိန့်ပေးဆက်ဆံမယ်၊ ဝေဖန်ပြောဆိုမယ်၊ စိတ်ထဲခံစားရအောင် ရင့်ရင်းသီးသီးတွေ ပြောဆိုတာမျိုး ကြုံလာရတဲ့အခါ သူဟာ ငါ့ကို တကယ်ချစ်တာလား၊ ထိန်းချုပ်ဖို့ကြိုးစားနေသူလားဆိုတာ သိမြင်ခွဲခြားတတ်ဖို့ လိုလာပါပြီ။ ကိုယ့်ချစ်သူက ကိုယ့်အပေါ် တရားလွတ်ထိန်းချုပ်တာ ဟုတ်သလား မဟုတ်ဘူးလား ဆိုတာ မကွဲပြားသေဘူးဆိုရင် ဒီအချက်လေးတွေနဲ့ သေချာအောင် ထပ်စဉ်းစားကြည့်ပါ။

ကိုယ့်ချစ်သူဟာ ကိုယ့်ကို

(၁) ကိုယ့် အဝတ်အစား၊ ပိန်တာ၊ ဝတာ ကိုယ့်အသွင်ပြင် ဖက်ရှင်၊စတာတွေနဲ့ ပတ်သက်ပြီး အကြောင်းမရှိ ဝေဖန်ပြော ဆိုနေတတ်တယ်။

(၂) တခြားသူတွေနဲ့ နှိုင်းပြီးပြောတယ်။ တစ်ခါတစ်လေ ရည်းစားဟောင်းနဲ့ပါ နှိုင်းပြီး ပြောလေ့ရှိတယ်။

(၃) တစ်ခုခုဆို ဒါလုပ်ရင် ပြတ်ပြီ၊ ထားခဲ့မှာ ဆိုပြီး ခြိမ်းခြောက်တတ်ပြန်ရော။

(၄) ကိုယ့်အပေါင်းအသင်း၊ သူငယ်ချင်းတွေနဲ့ တဖြည်းဖြည်း ဝေးသွားအောင်၊ တစ်ယောက်တည်းဖြစ်နေအောင် လုပ်တယ်။

(၅) ကိုယ်ဘယ်သွားတယ်၊ ဘာလုပ်တယ်၊ ဘယ်သူနဲ့ chat တယ်။ ဖုန်းပြောတယ်။ ကိစ္စအားလုံးကို စပိုင်လုပ်တယ်။ လိုက်မေးပြီး စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တယ်။

(၆) သူဖြစ်ချင်တာ မဖြစ်ရင်၊ သူ့စိတ်အလိုမကျတိုင်း ကိုယ့်ကိုပဲ ရစ်တယ်။ စိတ်ဓာတ်ကျအောင် ပြောဆိုတယ်။

(၇) သံသယတွေနဲ့ ဆက်ဆံတတ်တယ်။ ဟုတ်လို့လား ဆိုတဲ့မေးခွန်းကို တစ်နေ့ဆယ်ခါမကမေးတယ်။

(၈) တစ်ခုခုဆို အပြစ်ရှိတဲ့သူဟာ ကိုယ်ပဲဖြစ်အောင် ပြောတတ်တယ်။

(၉) တစ်ခါတစ်လေ ငါဟာ ဘာမှမဟုတ်ပါလား ဆိုပြီး ခံစားရအောင်တောင် သူက ပြောတတ်လုပ်တတ်တယ်။

(၁၀) ခဏခဏ လမ်းခွဲပြီး စိတ်ဒဏ်ရာရအောင် လုပ်တယ်။ ပြီးရင် ကိုယ့်ဆီပြန်လာပြီး သူမဟုတ်သလို ပြန်ဆက်ဆံ တတ်တယ်။

ဒီ(၁၀) ချက်ဟာ ကိုယ့်မပေါ် လိုတာထက်ပိုထိန်းချုပ်ချင်တဲ့ ပုံမှန်မဟုတ်တဲ့သူတွေ ပြုမူ လုပ်ဆောင်တတ်တဲ့အရာတွေပါ။ ကိုယ့်ကို တကယ်ချစ်တဲ့သူတွေဟာ ကိုယ့်ချစ်သူခံစားနာကျင်ရတာ သိရင် နောက်တစ်ခါ ဒါမျိုးထပ်လုပ်မယ် မထင်ပါဘူး။ ဒီအချစ်ရေးနဲ့ အိမ်ထောင်ရေးကို သာယာစေချင်တယ်ဆိုရင် ကိုယ့်လက်တွဲဖော် စိတ်ဓာတ်ကျ အားငယ်နေတာ မျိုးကို ပြုံးပြုံးကြီး ကြည့်နေနိုင်မယ်လို့လည်း မထင်ပါဘူး။ တရားလွန်ထိန်းချုပ် တာမျိုး ခံနေရပြီ၊ မခံစား နိုင်တော့ဘူးဆိုရင်တော့ ထိပ်တိုက်ရင်ဆိုင်သငိ့ရင်ဆိုင်၊ မျက်နှာချင်းဆိုင်ရှင်းသင့်ရှင်း၊ ဆွေးနွေးသင့်ဆွေးနွေး၊ နှုတ်ဆက်သင့်ရင်လည်း နှုတ်ဆက် လိုက်ဖို့ တိုက်တွန်းပါရစေ။ ဘာလို့လဲဆိုတော့ ကြာလေ ချစ်လေ ဖြစ်တဲ့အခြေအနေက ကြာလေ ချဉ်လေအခြေအနေမျိုး ဖြစ်သွားတတ်လို့ပါ။

ဒီအကြောင်းကို ချစ်သူသက်တမ်း (၆)နှစ်အကြာမှာ ယတိပြတ်လမ်းခွဲနိုင်ခဲ့တဲ့ ပပက ဆက်ပြီး “သူနဲ့တွဲခဲ့တဲ့ အချိန်အတိုင်းအတာ ခြောက်နှစ်နီးပါးလောက် ကြာသွားပေမယ့် ရုန်းထွက်ဖို့ အမြဲကြိုးစားခဲ့တယ်။ သုံးနှစ်ကျော်လောက်တွဲပြီးတဲ့နောက် ကိုယ်က ပြတ်ဖို့စကားစလိုက်တာနဲ့ သူက ကိုယ်သူ့ကို ဖြတ်ရင် သူ့ကိုယ်သူ သတ်သေမယ်ဆိုပြီး ခြိမ်းခြောက်လာတယ်။ ကိုယ်ကဖြတ်ရင် ကိုယ့်မိဘ၊ ကိုယ့်အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်မှာ ပြသနာရှာမှာနော် ဆိုပြီးတော့လည်း ခြိမ်းခြောက်လာခဲ့တယ်။ နောက်ပိုင်းကျတော့ ငါ ဒီအခြေအနေကနေ ရုန်းထွက်လို့ရတယ်ဆိုတာ အမြဲကိုယ့်ကိုကိုယ် သတိပေးရတယ်၊ Motivate လုပ်ရတယ်။ ကိုယ်ကိုယ်တိုင်မှ လွတ်မြောက်ဖို့ မကြိုးစားရင် ဘယ်သူကမှ ကိုယ့်ကို ကယ်ထုတ်လို့မရဘူး။ ကိုယ့်မှာအနာဂတ်တွေရှိတယ်၊ စိတ်ကူးအိပ်မက်တွေလည်း ရှိတယ်။ ဒါတွေကို လုံးဝမစွန့်လွှတ်နိုင်ဘူးဆိုပြီး ရင်ဆိုင်မယ်ဆိုတဲ့ စိတ်နဲ့သတ္တိကို မွေးခဲ့တယ်။ သူ့ကိုဖြတ်ဖို့ အချိန် တစ်နှစ်ခွဲယူလိုက်ရတယ်။ ပြသနာတွေအားလုံကို ထိပ်တိုက် ရင်ဆိုင်လိုက်ရတယ်” တဲ့။

အပေါ်မှာ သူမပြောသွားသလို အလားတူအဖြစ်မျိုး၊အခြေအနေမျိုးတွေကြုံနေရတဲ့ မဒီတွေကို သူမက ခုလိုအကြံပေးသွားပါတယ်။

“ကိုယ့်မှာ အနာဂတ်ဆိုတာရှိတယ်။ ရည်မှန်းချက်၊ အိပ်မက်ဆိုတာတွေလည်း ရှိတယ်။ သူများ အထိန်းချုပ်ခံပြီးနေရတဲ့ဘဝက ထင်တာထက် ပိုကြောက်ဖို့ကောင်းပါတယ်။ (၁) အချက် ကိုယ့်ပတ်ဝန်းကျင် သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ ဆက်ဆံရေးမကောင်းတော့ဘူး။ (၂) အချက်ကကျတော့ ကိုယ့်ရဲ့အနာဂတ်အိပ်မက်တွေ ပျောက်မယ်။ အထူးသဖြင့် သိထားဖို့က ကိုယ့်ကိုထိန်းချုပ်နေတယ်ဆိုကတည်းက ကိုယ့်ကိုချစ်လို့ဆိုတာထက် သူ့အတ္တအတွက် သူလုပ်နေတာပါ။ ဒါချစ်တာမဟုတ်ဘူး။ နှစ်တာပါ။ ကိုယ်တကယ်ခင်ရတဲ့သူတွေရှိရင် သူတို့ဆီ တိုင်ပင်ပါ၊ အကူအညီတောင်းသင့်တောင်းပါ။ အဓိကကတော့ အခြေအနေကို ရင်ဆိုင်မယ်ဆိုတဲ့ စိတ်ကိုမွေးဖို့ပါပဲ။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ကြိုးစားပါ။ အဲ့ဒီအရသာက ဘာနဲ့မှမတူပါဘူး။ နောက်ပြီး ကိုယ့်အိမ်ထောင်ဖက်အပေါ်လည်း ဒီလိုပါပဲ၊ သူပြောတာကို လက်မခံနိုင်ဘူးဆိုရင်လက်မခံနိုင်ဘူး ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပါ။ ဘယ်လောက်ပဲချစ်ချစ် ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အကြိုက်၊ ဆုံးဖြတ်ချက်တွေကို ပြောင်းလဲ ပစ်ရမယ်ဆိုတာမျိုးက မဖြစ်နိုင်ဘူးလေ။ လက်ငါးချောင်းတောင် အတိုအရှည်မတူတာ၊ ကိုယ့်ကိုချစ်လို့ ပြောင်းလဲရမယ်ဆိုတာမျိုးကလည်း မှားပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်လို့ နားလည်မှုလေးတွေ ထားပြီး တိုင်တိုင်ပင်ပင် အပြန်အလှန် ညှိုယူနေထိုင်တာမျိုးပဲ ဖြစ်သင့်ပါတယ်” လို့ သူမက ဖွင့်ဟသွားပါတယ်။

သူမပေးတဲ့အကြံကို ထပ်မံဖြည့်စွက်ပြီး အားလုံးကို ခြုံငုံပြောချင်တာက ကိုယ့်ကို ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်က ခုလို မူမမှန်တဲ့ပုံစံမျိုး ဆက်ဆံလာပြီဆိုရင်

- ဆက်ပြီး သူ့အလိုဆန္ဒကို လိုက်လျောသင့် မလိုက်လျော သင့် သေချာဆုံးဖြတ်ပါ။

- ဖြစ်နိုင်ရင် သူ့ကြောင့် ကိုယ်ဘယ်လိုခံစားနေရတယ် ဆိုတာမျိုး သူသိအောင် လုပ်ပါ။ 

- မျက်နှာချင်းဆိုင် သေချာပြောပါ။ ဆွေးနွေးပါ။

- ကိုယ့်အမှားတွေချည်း ဖြစ်နေရတဲ့အကြောင်းက ဘာလဲ မေးပါ။ ကိုယ့်ဘက်ကအခြေအနေက ဘာလဲ ဆိုတာ အချက်အလက်နဲ့ ပြောပါ။

- အချစ်တစ်ခုတည်းနဲ့ ရှေ့ဆက်သွားဖို့ရာ တန်ရဲ့လားတွေးပါ။ 

- သူကြောင့်ကိုယ်ရခဲ့တာ ဘာတွေလဲဆိုတာ တစ်ခုချင်း တွေးပါ။ သူ့ကို ပြောပြပါ။

- သူ့ဘက်က အလျှော့မပေးဘူး။ ငြင်းမယ်။ ကိုယ့်ကိုပဲ အပြစ်တင်မယ်ဆိုရင် ဒီအချက်ကိုပါ ထည့်စဉ်းစားပါ။

- ဘယ်နှစ်ခါ ဆွေးနွေး ဆွေးနွေး ပြီးပြီးရောဖြစ်သွားတာ မျိုးတော့ မဖြစ်သင့်ပါဘူး။

- လမ်းခွဲသင့် လမ်းခွဲပါ။ လမ်းမခွဲနိုင်ဘူးဆိုရင် ဒီလို နာကျင်မှု၊ ခံစားချက်ဆိုးတွေနဲ့ ရှေ့ဆက်သွားဖို့ ခံနိုင်ရည်ရှိလား တွေးဖို့အချိန်ပါပဲ။

ဒီလိုချစ်သူမျိုးကို ချစ်လွန်းလို့ မခွဲနိုင်ဘူးဆိုရင်တော့ ရေရှည်အဆိုးတွေသာ ကြုံဖို့ရှိတယ်ဆိုတာ တွေးထားပါ။ စိတ်ကို ပြင်ဆင်ထားပါ။ လက်ရှိနာကျင်ရမယ့်အချိန်နဲ့ သူနဲ့တွဲသွားမယ့် လမ်းတစ်လျှောက် နာကျင်ခံစားရမယ့် အချိန်တွေကို တွက်ဆကြည့်ပါ။ နှစ်ယောက်သား လက်တွဲလျှောက်မယ့်လမ်း အဆုံးသတ်မှာ နောင်တတရားကလွဲပြီး ကိုယ့်ကိုစောင့်ကြိုနေမယ့်အရာက တခြားဘာမှမရှိနိုင်ဘူးဆိုတာကို သတိပေးရင်း ကိုယ့်အိပ်မက်၊ ကိုယ်ပျော်ရွှင်မှု၊ ကိုယ့်လွတ်လပ်မှု၊ ကိုယ့်မျှော်လင့်ချက်တွေကို ဖန်တီးပုံဖော်နိုင်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါစေလို့....


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က