မိန်းကလေးတိုင်းကတော့ အချစ်စစ်နဲ့ အချစ်ခံချင်ကြတဲ့သူတွေပါပဲ။ တစ်ခါတလေမှာ အတုအယောင်အချစ်ခံနေရတာကို အချစ်စစ်ရယ်လို့ ထင်နေတတ်ကြပါတယ်။
Thin Nu Swe

ကိုယ့်ချစ်သူဟာ ကိုယ့်ကို တကယ့်အချစ်စစ်နဲ့ ချစ်နေတာ ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာကို ဆန်းစစ်ကြည့်ဖို့ဆိုတာ အများကြီး ခက်ခဲမနေပါဘူး။ ချစ်သူနှစ်ယောက်ကြားမှာ တကယ်ချစ်တာ ဟုတ်မဟုတ် သိစေနိုင်ဖို့ အခုပြောပြမယ့် အချက်ကလေးတွေနဲ့ တိုက်စစ်ကြည့်ကြရအောင်။

စာအချိန်တိုင်းပို့နေတာ အချစ်စစ်မဟုတ်ပါဘူး

မနက်မိုးလင်း Morning မက်ဆေ့လေးတွေ လာလိုက် ညမိုးချုပ် Good Night မက်ဆေ့လေးတွေလာလိုက် ၊ တစ်နေကုန် ဘာဖြစ်တယ်၊ ဘာလုပ်တယ်ဆိုတဲ့ အကြောင်းတွေ ချက်ဘောက်တွေ၊ မက်ဆေ့တွေက တဆင့်ပြောနေကြတာတွေက အချစ်မဟုတ်ပါဘူး။ အချစ်ဆိုတာ ဘာစကားတစ်ခွန်းမှ ပြောစရာမလိုဘဲကို မျက်လုံးချင်းကြည့်မိရုံနဲ့ စိတ်ကို သိနားလည်နိုင်တာပါ။ စာတွေမပို့တာ၊ ပို့တာတွေထက် ကိုယ့်စိတ်ကို နားလည်ပေးနိုင်တဲ့သူကသာလျှင် အချစ်စစ်လို့ ခေါ်ဆိုနိုင်တာပါ။

လိမ်ညာလှည့်ဖြားနေတာ အချစ်စစ်မဟုတ်ဘူး

အချစ်စစ်နဲ့ ချစ်တဲ့သူတွေမှာ လိမ်တာ ညာတာတွေ မရှိပါဘူး။ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုအပြည့်အဝပေးနိုင်မှ အချစ်လို့မည်တာပါ။ အသေးစိတ်ကအစ လိမ်ညာနေတတ်ပြီး တစ်ယောက်အပေါ် တစ်ယောက် အယုံအကြည်မရှိတာဟာ အချစ်စစ်မဟုတ်ပါဘူး။ ချစ်သူနှစ်ယောက်ကြား ယုံကြည်မှုမထားနိုင်လောက်အောင် သံသယတွေများနေကြပြီ၊ နှစ်ယောက်ကြားမှာ လိမ်ညာမှုတွေ များနေပြီဆိုရင် ဒါတွေက အချစ်တွေ၊ မေတ္တာတွေထက် သံသယတွေ ၊ ပူလောင်မှုတွေသာ များနေတဲ့ သမီးရည်းစားဆက်ဆံရေးပဲ ဖြစ်နေပါလိမ့်မယ်။

ချစ်သူနဲ့အတူ လက်တွဲပြီး ဘဝတစ်ခုတည်ဆောက်ထားတဲ့၊ ပတ်ဝန်းကျင်က အားကျရတဲ့ အချစ်ပိုင်ရှင် မဝင်းမင်းသန်းကတော့ အချစ်စစ် အချစ်မှန်အပေါ် သူ့ရဲ့ အမြင်ကို Duwun ကို ခုလို ပြောပါတယ်။

"တကယ့်အချစ်စစ်နဲ့ ချစ်တယ်ဆိုတာမျိုးက ကိုယ့်ချစ်သူအနားမှာ ရှိနေရုံနဲ့ အားလုံးပြီးပြည့်စုံသလို ဘာမှမလိုအပ်တော့သလို ခံစားရတာမျိုးလို့ ထင်တာပဲ၊ ကိုယ်ကိုယ်တိုင်လည်း ဒီလိုပဲ ခံစားရတယ်။ သူရှိနေရင် ရပြီ... ပြီးတော့ ကိုယ့်ဘဝ လုံခြုံသွားသလိုပဲ။ အချစ်စစ်လား မစစ်လားပဲ ခန့်မှန်းရခက်တာပါ... အဓိကကတော့ ကိုယ့်ကိုသာ တကယ့်အချစ်စစ်နဲ့ ချစ်ခဲ့တာမှန်ရင် ဘဝမှာ ဘာမှမလိုအပ်တော့ဘဲ ဒီ‌လောကကြီးမှာ အပျော်ဆုံး လူသား ဖြစ်နေမှာအမှန်ပဲ။"

အကြီးစားသဝန်တိုမှုတွေကလည်း အချစ်မဟုတ်ပါဘူး

ယောကျာ်းပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ လိုအပ်ပါတယ်။ ချစ်သူတွေကြားမှာလည်း တချို့အရာတွေအပေါ် လွတ်လပ်ခွင့်တွေ ပေးထားကြမှ အဆင်ပြေတာပါ။ အမြဲစွပ်စွဲ သဝန်တိုနေပြီး ကိုယ့်ရဲ့ လွတ်လပ်ပိုင်ခွင့်အားလုံး ချုပ်ကိုင်ထားရင်တောင် မိန်းကလေးတွေက အဲဒါဟာ သူတို့ကို ချစ်လွန်းလို့ ဖြစ်တယ်လို့ ထင်နေတတ်ကြပါတယ်။ တကယ်တော့ ဒါတွေက အချစ်မဟုတ်ပါဘူး၊ အတ္တသက်သက်သာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အကြီးစားသဝန်တိုမှုတွေ ၊ စွပ်စွဲမှုတွေ ၊ ချုပ်ကိုင်မှုတွေ ကြုံတွေ့လာရတဲ့အခါ ဒါဟာ လွဲမှားတဲ့ အချစ်ဖြစ်တဲ့အကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါ၊ ကိုယ့်ချစ်သူကိုလည်း လက်ခံလာနိုင်အောင် ပြောပါ။

တိုက်ခိုက်အကြမ်းဖက်တာကလည်း အချစ်မဟုတ်ပါဘူး



တစ်ခါတလေမှာ ရန်ဖြစ်စကားများကြတဲ့အခါမျိုးတွေမှာ လက်ပါလာတာမျိုးတွေ၊ ရုန့်ရင်းကြမ်းတမ်းတဲ့စကားပြောတာမျိုးတွေ၊ လူတွေကြားထဲမှာ နှစ်ကိုယ်ကြားသိတဲ့ အားနည်းချက်တွေကို ထုတ်ပြောတာမျိုးတာမျိုးတွေ လုပ်ကြတာကို မိန်းကလေးတွေက ဒေါသအလျောက်ဖြစ်သွားတာလို့ အလွယ်တကူ ခွင့်လွှတ်နားလည်ပေးလိုက်ကြပါတယ်။ ဒါဟာ သူ့ကို ကိုယ့်အပေါ် ဒီလို လုပ်ရပ်မျိုး ထပ်ခါထပ်ခါ ပြုလုပ်ခွင့်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒီလို လုပ်ရပ်တွေ ကိုယ့်အပေါ် လုပ်နေနိုင်ရက်တယ်ဆိုတာက တကယ့်အချစ်စစ်ဟုတ်မဟုတ် သေချာဆန်းစစ်ကြည့်သင့်နေပါပြီ။

တကယ့်အချစ်စစ်ဆိုတာ



တကယ့်အချစ်စစ်ဆိုတဲ့ အရာတွေက မပူလောင်နေတော့ပါဘူး။ အေးချမ်းပြီး ကိုယ့်ကို လုံခြုံပြီးပြည့်စုံတယ်ဆိုတဲ့ စိတ်ခံစားချက်ကို ပေးစွမ်းပါတယ်။ အချင်းချင်း ယုံကြည်မှုနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးမို့ နှစ်ယောက်စလုံး စိတ်ချမ်းသာသလို နောက်တစ်ယောက် ထပ်ပေါ်လာနိုင်တယ်ဆိုတဲ့ စိတ်ကူးမျိုးလည်း ဒီဆက်ဆံရေးမှာ ရှိမနေပါဘူး။ အနားမှာ ရှိနေရုံနဲ့ ပြီးပြည့်စုံသလို ခံစားရတဲ့ ခံစားချက်မျိုးရှိနေတာဖြစ်တာကြောင့် တကယ့်အချစ်စစ်ဆိုတာ ပူလောင်မှုဝေးပြီး အေးချမ်းပျော်ရွှင်ရတဲ့ ခံစားချက်ကို ပေးစွမ်းတာပါ။

လန်ဒန်မှာ နေထိုင်ပြီး ချစ်ရတဲ့သူနဲ့ အတူ ဘဝတစ်ခုကို ဖြတ်သန်းနေတဲ့ ၊ ပျော်ရွှင်စရာ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ မပိုးဖြူသန့်ကလည်း အချစ်စစ် နဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံယူချက်ကို Duwun ကို ခုလို ပြောပြပါတယ်။

"အချစ်စစ်နဲ့အချစ်ခံရတယ်ဆိုတာ အနည်းဆုံးတော့ ငါ အချစ်စစ်ရနေပါလားဆိုတာကို လက်ခံသိစိတ် ရှိမှ ရမယ်။ မဟုတ်ရင် တစ်ဖက်က အချစ်စစ်နဲ့ ဘယ်လောက်ချစ်ချစ်၊ ကိုယ်မလိုချင်တာ၊ ကိုယ်က အသိအမှတ်မပြုမိတာဆို အချစ်ခံနေရလည်း ပျော်နေမယ် မထင်ဘူး။ အပြန်အလှန် ချစ်ကြမှ အချစ်စစ်နဲ့ အချစ်ခံရတဲ့အပေါ် တန်ဖိုးထားနိုင်မှာပါပဲ။ပြီးတော့ အချစ်စစ်နဲ့ အချစ်ခံရတာက ရန်တွေ လုံးဝမဖြစ်ကြဘူးလို့ ဆိုလိုတာရယ်လို့လည်း မထင်ဘူး။ အဆင်မပြေ သဘောထားကွဲလွဲတာတွေ ရှိရင်တောင် လက်ခံနားလည်ပေးတာမျိုး၊ ခွင့်လွှတ်ပေးနိုင်တာမျိုးကမှ အချစ်စစ်နဲ့ အချစ်ခံရတာပါပဲ။ အချစ်စစ်ရတာက ကြည်နူးစရာ၊ ကျေနပ်စရာဆိုပေမယ့် အိမ်ထောင်ရေးမှာတော့ အချစ်ထက် အရေးကြီးတဲ့ အပြန်အလှန် ယုံကြည်မှုနဲ့ လေးစားသမှုလိုအပ်တယ်လို့ ထင်တယ်.. အချစ်က အရေးပါပေမယ့် အိမ်ထောင်တခု တည်မြဲဖို့မှာ တခြားလည်း အရေးကြီးတာတွေ ရှိပါလိမ့်ဦးမယ်။"

တကယ့်အချစ်စစ်ဆိုတာက ဘယ်လိုဆိုတာ သိနေပြီဆိုရင် ကိုယ့်လက်ရှိအချစ်ရေးကို ဝေဖန်သုံးသပ်ကြည့်ပါ။ ကိုယ့်ရဲ့ ချစ်သူကိုပဲ ကိုယ့်ကို အချစ်စစ်နဲ့ ချစ်စေချင်လို့ မရပါဘူး၊ ကိုယ်ကိုယ်တိုင်ကရော သူ့ကို အချစ်စစ်နဲ့ ချစ်တာလား သုံးသပ်ကြည့်သင့်ပါတယ်။ အထက်ကပြောခဲ့တဲ့ တကယ့်အချစ်စစ်မဟုတ်တဲ့အရာတွေကို ကြုံနေရတယ်၊ ဒါပေမယ့် နှစ်ယောက်စလုံးကလည်း မပြတ်နိုင်ဘူးဆိုရင်တော့ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြီး ညှိနှိုင်းသင့်နေပါပြီ။

နှစ်ယောက်စလုံး တကယ်ချစ်ခင်စုံမက်တဲ့ ဆက်ဆံရေးဆိုရင်တော့ အေးချမ်းပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးမျိုးကို ညှိယူပြီး တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုတွေ တည်ဆောက်ယူကြဖို့ အကြံပေးချင်ပါတယ်။


က္က