စိတ်အနှောင့်အယှက်ပေးတတ်သူတွေနဲ့ တွေ့ကြုံရတဲ့အခါ ဒေါသတကြီး မတုံ့ပြန်ဘဲ ကိုယ့်ဘက်က ဘယ်လို ပြုမူနေထိုင်ရမလဲဆိုတာ အရမ်းအရေးကြီးပါတယ်။

စိတ်ပျက်စရာကောင်းတဲ့သူတွေ၊ စိတ်အနှောင့်အယှက်ပေးတတ်သူတွေနဲ့ တွေ့ကြုံ ဆက်ဆံရတာမျိုး လူတိုင်းကြုံဖူးကြမှာပါ။ တော်တော်ကို စိတ်ရှုပ်စရာကောင်းလွန်းပါတယ်။ ဘယ်သူက မှားတယ် ၊ မှန်တယ်ဆိုတာတွေ နောက်ထား ကိုယ်စကားပြောရတဲ့သူက လူ့ကန့်လန့် ၊ လူ့ဂွစာဆိုရင် ကိုယ့်အတွက် အတော်စိတ်ရှုပ်ထွေးစရာပါ။ သူတို့တွေက ကိုယ့်ကို ဘယ်လို စိတ်ရှုပ်အောင် လုပ်ပါစေ ၊ အဲဒါတွေကို အာရုံထဲ မထည့်မိအောင် ကိုယ်က ကြိုးစားရမှာပါ။



အသက်ပြင်းပြင်းရှူလိုက်ပါ

စိတ်အနှောင့်အယှက်ပေးလွန်းတဲ့သူတွေနဲ့ စကားပြောရတဲ့အခါ ၊ အလုပ်တွဲလုပ်ရတဲ့အခါမှာ စိတ်တွေရှုပ်ထွေးလာပြီး ကိုယ့်ရဲ့ ဒေါသက မြင့်တက်လာတတ်ပါတယ်။ အဲဒီအခါမှာ နှလုံးခုန်နှုန်းတွေလည်း မြန်ဆန်လာတတ်ပါတယ်။ အရင်ဆုံး အသက်ပြင်းပြင်းသာ ရှူလိုက်ပါ။ ဒီလို အသက်ပြင်းပြင်း ရှူလိုက်ခြင်းက စိတ်ကို သက်သာရာရစေပြီး နောက်ထပ် ဆက်ပြောမယ့် စကားတွေအတွက် အင်အားတစ်ခု ရရှိစေပါတယ်။

သူတို့ရဲ့ အတွေးအမြင်ကို မြင်အောင်ကြည့်ပါ

တခါတလေမှာ လူတွေက အမြင်မတူတာတွေနဲ့ ရန်စောင်နေတတ်ကြပါတယ်။ သူဘယ်လို တွေးမြင်နေတာလဲ။ သူ ဘာ့ကြောင့် ဒီလို လူကန့်လန့်ဖြစ်နေရတာလဲ ။ သူ ဒီလို စကားအကန်တွေ ဘာ့ကြောင့် ပြောနေရတာလဲဆိုတာကို မြင်အောင် ကြည့်လိုက်ပါ။ ဒါဆိုရင်တော့ သူ့ရဲ့ ဘဝ နဲ့ အမြင်တွေကို သိနားလည်သွားပြီး သူ့ကို ဒေါသဖြစ်မနေတော့ဘဲ လျစ်လျူရှူနိုင်သွားမှာပါ။

ကိုယ့်ရဲ့ အားအင်ကို ကာကွယ်ပါ

ဒေါသထွက်နေရင် အားကုန်ပါတယ်။ လူ့ကန့်လန့် ၊ လူ့ဂွစာ တွေရဲ့ စကားတွေကြောင့် စိတ်အနှောင့်အယှက်တွေ ၊ စိတ်ဒေါသတွေဖြစ်လာပြီး အားအင်တွေ ကုန်ခမ်းပါတယ်။ ဒီလို ကိုယ့်အတွက် ဘာမှမဟုတ်တဲ့လူတွေအဖို့ ကိုယ့်ရဲ့ စွမ်းအင်တွေ မကုန်ခမ်းပါစေနဲ့။ သူများကြောင့် ကိုုယ် စိတ်ဒုက္ခအရောက်မခံပါနဲ့။ အားကုန်မခံပါနဲ့ ။

ကရုဏာထားလိုက်ပါ

သူတို့ရဲ့ အလိုချင်ဆုံးအရာက သူတို့စကားတွေ ၊ လုပ်ရပ်တွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်မှာ ၊ စိတ်သောကရောက်မှာ နဲ့ ဒေါသထွက်သွားတာမျိုးကို လိုချင်တာပါ။ ဒီတော့ သူတို့ရှေ့မှာ သူတို့လိုချင်တာတွေကို မပြသလိုက်ပါနဲ့။ အေးအေးလူလူနဲ့ ဘာမှမဖြစ်သလိုနေပါ။ သူတို့ကိုလည်း သနားစရာလူတွေလို ဆက်ဆံပေးလိုက်တာက ကိုယ့်အတွက် အနိုင်ရလိုက်တာပါပဲ။

ဘလော့လိုက်ပါ

ဖေ့ဘွတ်ခ်ထဲက အာရုံနောက်စရာလူတွေကို မမြင်တော့အောင် ဘလော့လိုက်သလိုမျိုး ကိုယ့် တကယ့်ဘဝထဲက အာရုံနောက်စရာလူတွေကို ဘလော့လိုက်ပါ။ ကိုယ့်ရဲ့ စိတ်ကို ချမ်းမြေ့ပြီး အဆင်ပြေနေစေဖို့အတွက် အာရုံနောက်စရာလူတွေရဲ့ အာရုံနောက်စရာ စကားသံတွေ ၊ အပြုအမူတွေကို မျက်ကွယ်သာ ပြုလိုက်ပါ။

လျစ်လျူရှူပါ

အကောင်းဆုံး နည်းလမ်းကတော့ လျစ်လျူရှူလိုက်တာပါပဲ။ နားလည်ထားရမှာက ဒီလိုလူတွေအတွက် ကိုယ့်ရဲ့ အချိန်တွေ ၊ အာရုံစိုက်မှုတွေကို ပေးလိုက်စရာမလိုပါဘူး။ ကိုယ် မနှစ်မြို့တဲ့ စကားတွေ လာပြောနေတဲ့အခါ အရင်ဆုံး ပြုံးလိုက်ပါ။ နောက်ပြီးတော့ လျစ်လျူရှူပြီး ကိုယ်လုပ်စရာရှိတာတွေသာ ဆက်လုပ်နေပါတော့။ အဲဒါဟာ အကောင်းဆုံး ဖြေရှင်းနည်းပါပဲ ။

ဟာသလုပ်လိုက်ပါ

ဒီနည်းကတော့ နည်းနည်း ခက်ပါတယ်။ တကယ်ကို စိတ်ခံစားချက်တွေအပေါ် အလေးအနက်ထားသူအတွက် ဒီလို ကိုယ်မကြိုက်တာတွေ လာလုပ် ၊ လာပြောနေတာကို ဟာသလုပ်လိုက်ဖို့ဆိုတာ လုံးဝမလွယ်ကူပါဘူး။ ဒါပေမယ့်လည်း ဒီ လူကန့်လန့် ၊ လူ့ဂွစာ က အမြဲတစေ တွေ့နေရမှာဖြစ်ပြီး ရှောင်လွှဲဖို့ မလွယ်ဘူးဆိုရင်တော့ သူ့စကားတွေကို ပေါ့သွမ်းသွားအောင် ဟာသလုပ်လိုက်ပြီး မေ့ပစ်လိုက်တာက အကောင်းဆုံးပါ။ 

ရန်ကို ရန်ချင်း မတုံ့နှင်းပါနဲ့

ငါ့ကို ဒီလို ပြောနေတာ ငြိမ်ခံနေရမှာလား၊ မလုပ်နိုင်ပါဘူး ဆိုတဲ့ စိတ်နဲ့ သူတို့လိုပဲ ဆိုးရွားတဲ့ စကားတွေ ၊ အပြုအမူတွေနဲ့ တန်ပြန်တိုက်ခိုက်တာမျိုး မလုပ်ပါနဲ့ ။ ဒီလို လုပ်လိုက်တာဟာ ကိုယ်ဟာ သူတို့နဲ့ အတူတူပဲဆိုတာ ပြသလိုက်တာပါပဲ။ ဒီလိုပြုမူလိုက်လို့ ကောင်းတဲ့ ရလဒ်တွေနဲ့ ပြီးဆုံးသွားတယ်ဆိုတာ မရှိပါဘူး။ ဒီတော့ သူတို့ထက် ကိုယ်ဟာ ပိုပြီး အဆင့်အတန်းရှိကြောင်း ပြသလိုက်ပါ။

အရေထူပြလိုက်ပါ

ဘာတွေ ကိုယ့်ကို လာပြောနေပါစေ၊ သူတို့ ပြောတဲ့ စကားလောက်တော့ မှုမနေဘူးဆိုတာမျိုး ပြသရမှာပါ။ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေချင်သူတွေရဲ့ ဆန္ဒအတိုင်း ကိုယ်က စိတ်အနှောင့်အယှက် မဖြစ်တဲ့အခါမျိုးဟာ သူတို့အဖို့ မကြေမချမ်းဖြစ်စရာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။ သူများနှုတ်က စကားတွေကို လိုက်ခံစားမနေပါနဲ့။

ကဲ….ပြောလို့သာ လွယ်ပေမယ့် တကယ်လိုက်လုပ်ဖို့တော့ ခက်ခဲပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင် ထားဖို့အတွက် အထက်ပါနည်းလမ်းလေးတွေကို လေ့ကျင့်ပြီး လူ့ဂွစာတွေကို အနိုင်ယူလိုက်ကြရအောင်နော်။

 

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က