ကိုယ့်နံဘေးက သူငယ်ချင်းတွေဟာ သူငယ်ချင်းအစစ်အမှန်ဟုတ်မဟုတ်ကို ဆန်းစစ်ဖို့ အချိန်ရောက်နေပါပြီ။
Thin Nu Swe

အနားမှာရှိတဲ့သူတွေက သူငယ်ချင်းအစစ်အမှန်ဟုတ်ရဲ့လား။ အမြဲတမ်း သူငယ်ချင်းတွေနဲ့ ပတ်သက်ပြီး ခေါင်းခြောက်ရတာ ၊ သိမ်ငယ်ရတာတွေ ၊ စိတ်ညစ်စရာတွေချည်းပဲ ခံစားနေရပြီလား။ ဒါဆိုရင်တော့ ကိုယ့်နံဘေးက သူငယ်ချင်းတွေဟာ သူငယ်ချင်းအစစ်အမှန်ဟုတ်မဟုတ်ကို ဆန်းစစ်ဖို့ အချိန်ရောက်နေပါပြီ။

လှောင်ပြောင်တဲ့စကားတွေကြောင့်ခံရခက်နေလား

သူငယ်ချင်းတွေအချင်းချင်း စနောက်ကျီစယ်လှောင်ပြောင်တာတွေ ရှိပါတယ်။ ဒါတွေက တကယ်တော့ သူငယ်ချင်းတွေကြားမှာ ချစ်စရာကောင်းတဲ့ အလေ့အထပါပဲ။ ဒါပေမယ့် သူငယ်ချင်းတွေလှောင်ပြောင်မှုကြောင့် ရှက်ရွံ့သိမ်ငယ်တဲ့ထိ ခံစားနေရပြီဆိုရင်တော့ အဲဒီသူငယ်ချင်းတွေနဲ့ အဆက်အသွယ်ဖြတ်လိုက်ပါ။ ဘယ်သူငယ်ချင်းကမှ ကိုယ့်သူငယ်ချင်းကို ရှက်ရွံ့သိမ်ငယ်တဲ့ထိ မစနောက်ကြပါဘူး။

အမြဲတမ်း ငွေရှင်းနေရလား

သူငယ်ချင်းတွေကြားမှာ ငွေရေးကြေးရေးက ပြောစရာမလိုပါဘူး။ ဒါပေမယ့်လည်း ကိုယ့်ဘက်ကချည်း အပေးဖြစ်လာတဲ့အခါ၊ ဆိုင်ထိုင်တိုင်းကိုယ်ကချည်း ရှင်းနေရတဲ့အခါ ၊ ကုန်းဆင်းတာတွေချည်း အမြဲလုပ်နေတဲ့သူငယ်ချင်းက လုံးဝအစစ်အမှန် သူငယ်ချင်းမဟုတ်ပါဘူး။ အောင့်သက်သက်နဲ့ ရှင်းနေရတယ်ဆိုကတည်းက နှစ်ယောက်ကြားမှာ ဘယ်လိုမှ အဆင်မပြေနိုင်တော့ပါဘူး။

အမြင်မတူတာတွေကြောင့် ဝေးကွာသွားတယ်

တချို့သူငယ်ချင်းတွေ မတူညီတဲ့အမြင်တွေကြောင့် ဝေးသွားကြရင် ဝမ်းနည်းမနေပါနဲ့။ သူငယ်ချင်းအစစ်အမှန်ဆိုတာ အမြင်မတူရုံနဲ့ ဝေးကွာသွားရိုး ထုံးစံမရှိကြပါဘူး။ အမြင်မတူရင် ညှိကြပါတယ်။ ညှိလို့ မရလို့ အော်ဟစ်ရန်ဖြစ်ခဲ့ရင်တောင် အမြင်မတူတာတစ်ခုတည်းနဲ့တော့ သူငယ်ချင်းတွေ မိတ်ပျက်သွားလေ့မရှိပါဘူး။

စိတ်ဓာတ်ကျစရာတွေချည်းပဲ ယူဆောင်လာသူ

သူငယ်ချင်းအစစ်အမှန်တွေက ကိုယ့်ရဲ့ အောင်မြင်မှုအပေါ် ပျော်ရွှင်ပေးကြပေမယ့် သူငယ်ချင်းမစစ်မှန်သူတွေကတော့ မနာလိုမုန်းတီးမှုတွေအပေါ် အပြုံးတွေ ကာရံထားတတ်ကြပါတယ်။ စိတ်အားထက်သန်စေမယ့်အရာတွေထက် စိတ်ဓာတ်ကျစရာတွေချည်း ယူဆောင်လာတတ်ကြသူတွေကို ကိုယ့်ဘဝထဲ မထားတာ အကောင်းဆုံးပါပဲ။

အရှိအတိုင်းကို လက်မခံနိုင်သူတွေ

သူငယ်ချင်းတွေဟာ အရှိအရှိအတိုင်း လက်ခံချစ်ခင်နိုင်သူတွေဖြစ်ပါတယ်။ ကိုယ့်ရဲ့ အကျင့်တွေ ၊ ကိုယ့်ရဲ့ ရုပ်ရည် ၊ ခန္ဓာကိုယ်စတာတွေအပေါ် လှောင်ပြောင်တာမျိုး ပြစ်တင်ရှုံ့ချထာမျိုးကို ဘယ်သူငယ်ချင်းကမှ မလုပ်ကြပါဘူး။ သူငယ်ချင်းကောင်းဆိုတာ ကိုယ့်ရဲ့ အရှိအတိုင်းကို လက်ခံပြီး ကိုယ့်ကို ဘယ်လိုပုံစံဖြစ်ဖြစ် ချစ်ခင်ရင်းနှီးနေတာမျိုးပါ။


က္က