နောက်ကျောကို ဓားနဲ့ ထိုးတတ်ကြသူတွေရဲ့ အမူအကျင့်တွေကို သိထားမယ်ဆိုရင် အချိန်မီရှောင်ရှားလို့ ရနိုင်ပါတယ်။
Thin Nu Swe

နောက်ကျောကို ဓားနဲ့အထိုးခံရတဲ့ ခံစားချက်မျိုးကို လူတိုင်းလိုလို ခံစားဖူးတတ်ကြမယ်ထင်ပါတယ်။ တကယ်တော့ နောက်ကျော ဓားနဲ့ အထိုးခံရတယ်ဆိုတာမျိုးက ကိုယ့်ရဲ့ အနီးကပ်လူတွေ၊ ကိုယ်ယုံကြည်ရတဲ့သူတွေရဲ့ သစ္စာဖောက်တာကို ခံရတဲ့ ခံစားချက်မျိုးပါ။ ခံစားရမှ သိရတယ်ဆိုတာထက် မခံရခင်ကတည်းက ကိုယ်က ဒီလိုလူစားပါလားဆိုတာကို သတိထားခဲ့မိမယ်ဆိုရင် ကြိုတင်ရှောင်ရှားထားလို့ ရနိုင်ပါတယ်။ ဘယ်လိုလူစားတွေက နောက်ကျောကို ဓားနဲ့ ထိုးတတ်တဲ့ လူစားတွေလဲ။

ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးပြောတတ်သူတွေ



ကိုယ့်အနီးအနားက သူငယ်ချင်း မိတ်ဆွေ အသိုင်းအဝိုင်းတွေကြားမှာ ရှေ့တစ်မျိုး ၊ နောက်တစ်မျိုးပြောတတ်တဲ့သူတွေ ရှိခဲ့ရင် အဲဒီလူတွေကို သတိထားပါ၊ ကိုယ့်ကွယ်ရာမှာ ပြောနေတာ ကိုယ်က ဘယ်သိနိုင်မလဲလို့ စောဒကတက်စရာရှိပါတယ်။ ဒီလိုလူမျိုးတွေက ကိုယ့်ကိုမှ မဟုတ်ပါဘူး။ သူ့နားမှာ ရှိနေတဲ့ လူတိုင်းကို ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးပြောတတ်ကြတာပါ။ ဒါ့ကြောင့် ကိုယ့်ကို သူတပါးအကြောင်းတွေ သူတို့ရှေ့မှာ တစ်မျိုး သူတို့ကွယ်ရာမှာ တစ်မျိုး ပြောနေခဲ့ပြီဆိုရင်တော့ ကိုယ့်ရဲ့ အရေးကြီးကိစ္စတွေ၊ လျှိူ့ဝှက်ချက်တွေကို သူ့ကို လုံးဝမပြောမိစေဖို့ သတိထားပါ။

အမှားလုပ်မိမှာကို မတားကြတဲ့သူတွေ

တကယ် ကိုယ့်အပေါ်မှာ ကောင်းစေချင်တဲ့ သူငယ်ချင်းမိတ်ဆွေဆိုရင် ကိုယ် အမှားတစ်ခုခု လုပ်တော့မယ့်အချိန်မျိုးမှာ အမုန်းခံပြီး တားတတ်ကြပါတယ်။ ကိုယ့်နားမှာ ကိုယ်အမှားလုပ်မှာကို တားပေးတဲ့ သူငယ်ချင်းမိတ်ဆွေရှိတယ်ဆိုရင် ဂုဏ်ယူလိုက်ပါ။ ကိုယ့်အနားမှာ ချစ်တဲ့သူတွေ ရှိနေတယ်၊ ကိုယ့်ကို လမ်းမှား မရောက်စေချင်တဲ့သူတွေ ရှိနေတယ်ဆိုတာ ပျော်စရာပါ။ ကိုယ့်ကို သူငယ်ချင်းအရင်းကြီးသဖွယ်ပေါင်းနေပြီး ကိုယ်အမှားလုပ်မှာကို သိသိရက်နဲ့ မတားကြသူတွေက ကိုယ့်ကို လိုအပ်လာရင် နောက်ကျော ဓားနဲ့ထိုးဖို့လည်း ဝန်မလေးတတ်ကြပါဘူး။

ကိုယ်အမှားလုပ်မှာကို အားပေးအားမြှောက်ပြုသူတွေ

ကိုယ် အမှားလုပ်မှာကို တားတတ်ကြသူတွေထက် ပိုဆိုးတဲ့သူတွေကတော့ ကိုယ် အမှားလုပ်မှာကို အားပေးအားမြှောက်ပြုတတ်သူတွေပါ။ သူတို့တွေက တကယ်တော့ ကိုယ်တစ်ခုခုဖြစ်မှာ ၊ ဒုက္ခရောက်မှာကို စိတ်ထဲမှာ ကျိတ်ပျော်နေကြသူတွေပါ။ သူတို့ကိုယ်တိုင်တော့ အမှားတွေကို ရှောင်တတ်ကြပြီး ကိုယ့်ကို အမှားတွေ လုပ်မှာကို ရှေ့မှာတော့ အားပေးသယောင်ယောင်နဲ့ ကွယ်ရာဟာ ကိုယ့်ကို ကျိတ်ဟားနေတတ်ကြတဲ့သူတွေဟာ ကိုယ့်ကို အရေးကြုံလာတဲ့အခါ နောက်ကျောဓားနဲ့ထိုးတတ်ကြပါတယ်။ မယုံမရှိပါနဲ့။ ဒါ့ကြောင့် ကိုယ့်ကို အမှားလုပ်မှာ စိုးရိမ်တတ်တဲ့ ၊ ကိုယ်မှားသွားမှာကို အမုန်းခံတားတတ်တဲ့ သူငယ်ချင်းတွေကို တန်ဖိုးထားတတ်ဖို့တော့ လိုပါတယ်။

အစိုးရဝန်ထမ်းတစ်ဦးဖြစ်တဲ့ ခင်သူဇာလေးကတော့ သူကြုံဖူးခဲ့တဲ့ အဖြစ်အပျက်ကို Duwun ကို ခုလို ပြောပြလာပါတယ်။




"နောက်ကျောကို ဓားနဲ့ထိုးခံရတာမျိုး ကြုံဖူးတယ်။ ကိုယ်ကတော့ ကိုယ့်လိုစိတ်ထားမျိုးရှိမယ်ထင်ပြီး လူတွေကို အရမ်းခင်ခဲ့တယ်။ ခံစားခဲ့ရသမျှ ရင်ဖွင့်ခဲ့တယ်။ ဒါပေမယ့် အဲဒီလူတွေက ကိုယ့်ယုံကြည်မှုကို နင်းပြီး ကိုယ့်နောက်ကျောကို ဓားနဲ့ ထိုးတော့တာပဲ၊ နောက်ကျော ဓားနဲ့ ထိုးတတ်တဲ့ သူတွေရဲ့ ပုံစံကတော့ ကိုယ့်ရှေ့မှာတော့ ကိုယ့်အပေါ်ကောင်းသလို ဟန်ဆောင်နေတတ်ပြီး ကွယ်ရာကျမှ တစ်မျိုးဖြစ်တဲ့ သူတွေမျိုးပါ။ နောက်ကျောကို ဓားနဲ့ ထိုးတတ်သူတွေက ဟန်ဆောင်ကောင်းတဲ့ သူငယ်ချင်းတွေပါ။"

ကိုယ့်ကို ဟာသတစ်ခုလို မြင်တဲ့သူတွေ

အပေါ်က လူတွေနဲ့ ပုံစံအနည်းငယ်ဆင်တဲ့သူတွေကတော့ ကိုယ့်ကို ဟာသတစ်ခုလို မြင်နေတဲ့သူတွေပါ။ ပြောရင်တော့ သူငယ်ချင်းပါပဲ။ ဒါပေမယ့် ကိုယ့်ကို ငပေါတစ်ကောင်လို ကျိတ်ဟား ကျိတ်ရယ် ရှေ့တင်ရော ကွယ်ရာမှာပါ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို မငဲ့ဘဲ ဟားတိုက်နေတတ်ကြသူတွေမို့ ကိုယ့်ကို သစ္စာဖောက်ဖို့အတွက်လည်း ငဲ့နေမယ့်သူတွေတော့ မဟုတ်ဘူး။

Myanmar Telegraph ရဲ့ Editor-in-chief တစ်ယောက်ဖြစ်တဲ့ မအိမွန်ကတော့ နောက်ကျော ဓားနဲ့ ထိုးခံရတဲ့အခါ ဘယ်လိုပြုမူသင့်သလဲဆိုတာတွေကို Duwun ကို ခုလို ပြောပြပါတယ်။

"နောက်ကျောဓါးနဲ့ထိုးခံရတာတော့ လူတိုင်းကြုံဖူးကြပါတယ်။ လုပ်ငန်းခွင်မှာရော မိတ်ဆွေသူငယ်ချင်းတွေနဲ့ရော မျိုးစုံပါပဲ။ နောက်ပိုင်းတော့ လူတိုင်းသိပ်မယုံတော့ဘဲ ချင့်ချိန်ပြီး ယုံတော့တယ်။ ဖြစ်ဖြစ်ချင်း ဒေါသထွက် ဝမ်းနည်းပေမယ့် သင်ခန်းစာအနေနဲ့ပဲယူတော့တယ်။ ကိုယ့်စိတ်ကို အမြဲ အဖြူထည်ပဲထားတယ်။ မကောင်းတဲ့သူတွေကြောင့် စိတ်အညစ်မခံတော့ဘူး။ သူ့လမ်းသူသွားမှာပဲလေနော်။"

ကိုယ့်ရဲ့ အမှားတွေ၊ အားနည်းချက်တွေကို လျှောက်ပြောတတ်သူတွေ

ကိုယ့်ရဲ့ သူငယ်ချင်း မိတ်ဆွေသာ စစ်မှန်ရင် ကိုယ့်အားနည်းချက်တွေ ၊ အမှားတွေကို သူတပါးသိအောင် လိုက်လံမပြောဆိုတတ်ပါဘူး။ ကိုယ့်အတွက် အဆင်မပြေစေတဲ့ အကြောင်းအရာတွေကို လျှိူ့ဝှက်ပေးထားတတ်ပါသေးတယ်။ ဒီလိုမှမဟုတ်ဘဲ ကိုယ့်အားနည်းချက်တွေကို လူတကာဆီ လျှောက်ပြောနေတဲ့သူတွေဆိုရင်တော့ ဝေးဝေးကနေ ရှောင်ကြဥ်ဖို့ သတိပေးပါရစေ။

Stylist တစ်ယောက်အနေနဲ့ ရုပ်ရှင်လောကမှာရော ဇာတ်လမ်းတွဲလောကမှာပါ ရပ်တည်နေတဲ့ ဂူဂူးကတော့ နောက်ကျောဓားနဲ့ ထိုးတတ်တဲ့ ၊ သူတပါးကို ချောက်တွန်းတတ်တဲ့ လူတွေရဲ့ စရိုက်အကြောင်းကို Duwun ကို ခုလိုပြောပြလာပါတယ်။

"နောက်ကျောကို ဓားနဲ့ထိုးတဲ့ ကိစ္စ တွေက သူစိမ်းတွေ နဲ့ထက် ကိုယ်ချစ်ရ ခင်ရ ယုံကြည်ရတဲ့သူတွေနဲ့မှာပိုကြုံရတယ်။ လမ်းကြောင်းတစ်ခုတည်းပေါ်လျှောက်နေကြတဲ့ သူတွေ၊ ပန်းတိုင်တစ်ခုတည်းကို တူတူလျှောက်နေကြတဲ့အခါ တချို့ သဘောထား မပြည့်ဝတဲ့သူတွေ ၊ ရှုံးနှိမ့်မှုကို မခံနိုင်တော့တဲ့အတွက်...ကိုယ့် အချင်းချင်း ပြန်နောက်ကျောကို ဓားနဲ့ ထိုးတတ်တယ်။ နောက်ပြီး ကိုယ်ပိုင်ဆိုင်ချင်တဲ့ အရာ တစ်ခုကို ကိုယ်နဲ့ တန်းတူ ဖြစ်တယ်လို့ ကိုယ့်ဘာသာ ယူဆ ထားတဲ့ သူတစ်ယောက်ကပိုင်ဆိုင်သွားတဲ့ အခါမျိုးမှာလည်းနောက်ကျောကိုဓားနဲ့ ထိုးတဲ့ ကိစ္စ​တွေဖြစ်လာတတ်တယ်။ ဘယ်လိုလူမျိုးတွေမှာ ဖြစ်တာများလဲဆို...အရူံးကို ရဲရဲဝံ့ဝံ့ ရင်မဆိုင်ရဲဘဲ သိမ်ငယ်စိတ်ဝင်တတ်တဲ့ သူတွေမှာ အဖြစ်များတတ်ပါတယ်။"

ခုဖော်ပြပေးလိုက်တဲ့သူတွေကတော့ ကိုယ့်ကို တစ်ချိန်ချိန်မှာ နောက်ကျောကို ဓားနဲ့ထိုးမယ့်၊ ကိုယ့်ကို ချောက်ကျအောင် ချောက်တွန်းတတ်တဲ့ လူတွေရဲ့ ပုံစံပါ။ ဒါတွေကို သိနေပြီဆိုရင်တော့ အခေါ်အပြောမပြတ်နေချင်တယ်ဆိုရင်တောင် ကိုယ့်ရဲ့ စိတ်ကို သူတို့ဆီ တအားမနှစ်ထားဘဲ ကိုယ့်ကိုယ်ကိုယ် မထိခိုက်မနစ်နာစေရအောင် ကိုယ့်ရဲ့ လျှိူ့ဝှက်ချက်တွေ ၊ အားနည်းချက်တွေ ၊ မပြောသင့်တဲ့ အကြောင်းအရာတွေကို မပြောမိစေဖို့ သတိထားပေါင်းသင်းဆက်ဆံသင့်ပါတယ်။


က္က