အိမ်ထောင်တစ်ခုမှာ အမျိုးသားတွေရဲ့ ဆုံးဖြတ်ချက်က အရေးကြီးနေဆဲလား။
Thin Nu Swe

မြန်မာနိုင်ငံမှာ အိမ်ထောင်တစ်ခုကို တည်ထောင်လိုက်ပြီဆိုရင် အမျိုးသားတွေရဲ့ အခန်းကဏ္ဍက မိသားစုတစ်စုလုံးမှာ အရေးကြီးဆုံးလို ဖြစ်နေပါတယ်။ တကယ်ပဲ အမျိုးသားတွေက အိမ်ထောင်တစ်ခု မိသားစုတစ်စုမှာ အရေးကြီးတာလား။ တူနှစ်ကိုယ် ချစ်လို့ ထူထောင်ထားတဲ့ မိသားစုတစ်ခုမှာ အမျိုးသားတွေရဲ့ ဆုံးဖြတ်ချက်တွေကသာ ဘာလို့ အားသာနေရတာလို့ ထင်ပါသလဲ။

ဖြစ်တည်မှုတွေမတူတော့ပါ

ဟိုးရှေးတုန်းက အိမ်ထောင်တစ်ခုမှာ ဦးဆောင်သူဟာ ယောကျာ်းတွေဖြစ်ပါတယ်။ အိမ်စီးပွားရေးကို အိမ်ထောင်ဦးစီးတစ်ယောက်တည်းကသာ တာဝန်ယူဖြေရှင်းနေရတဲ့ အခါမျိုးမှာ အိမ်ရှင်မအမျိုးသမီးက ချစ်တာကတစ်ကြောင်း၊ လင်ယောက်ျားကို အားကိုးမှုကတစ်ကြောင်း ဖြစ်နေတဲ့အတွက် အိမ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို အိမ်ထောင်ဦးစီးကိုသာ ချမှတ်စေခဲ့တဲ့ အကြောင်းချင်းရာတွေ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဘက်ခေတ်အခါမှာ အိမ်ထောင်တစ်စုအတွက် ယောက်ျားတစ်ဦးတည်းက စီးပွားရှာဖို့ မလုံလောက်နိုင်တော့ပါ။ ယောက်ျားကော မိန်းမပါ စီးပွားရှာနေရတဲ့ ဒီနေ့ခေတ်မှာတော့ အိမ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို နှစ်ယောက်အတူတူ ချမှတ်သင့်ပါတယ်။

ရှေးရိုးစွဲအယူတွေ

အိမ်ထောင်ဦးစီးယောက်ျားတွေသာဆုံးဖြတ်ချက်ချမှတ်တာ၊ယောက်ျားတွေဆီကခွင့်ပြုချက်တောင်းခံရတာတွေကိုတောက်လျှောက်မြင်တွေ့ခံစားခဲ့ကြရတဲ့သူတွေရဲ့ နောက်မျိုးဆက်မိန်းကလေးတွေကို အိမ်ထောင်ဦးစီးအမျိုးသားဖြစ်သူကို ရိုသေဖို့ ၊ ပြောဆိုဆုံးမစကားကို နားထောင်ဖို့ ခေတ်အဆက်ဆက် ပြောလာခဲ့ကြတဲ့ စကားတွေ၊ အယူတွေဟာ ခုထက်ထိတိုင် သုံးစွဲနေကြဆဲဖြစ်နေတာပါ။ လင်ယောက်ျားကို ရိုသေလေးစားဖို့ဆိုတာထက် ဇနီးမောင်နှံနှစ်ဦး တစ်ယောက်ကို တစ်ယောက် လေးစားချစ်ခင်နေဖို့ပဲ လိုအပ်တာပါ။ အိမ်ထောင်တစ်ခုထူထောင်တဲ့ နေရာမှာ ဘယ်သူ့ ဘယ်သူကမှ အခွင့်အရေးပိုရနေတယ်ဆိုတာမျိုး မဖြစ်သင့်ပါဘူး။

သားလေးတစ်ယောက်ရှိပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ မသိမ့်ကတော့ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေအကြောင်းကို Duwun ကို ခုလိုပြောပြပါတယ်။

“လုပ်ငန်း တွေမှာ နိုင်ငံရေး မှာ အမျိုးသမီးတွေ နေရာအသင့်အတင့် ရလာကြပေမယ့် အမျိုးသမီးတွေ ကိုယ့်စိတ်ကြိုက် ကိုယ်ပိုင်လွတ်လပ်ခွင့် ဆုံးဖြတ်ခွင့် ရှိတာတွေ အားနည်းနေသေးတယ်။ ယခင် ရှိရင်းစွဲ ရှေးရိုးစွဲ အမြင်တွေ ရှိသေးတာကြောင့်လည်း လူလွတ်ဆိုလည်း မိဘတွေကြောင့် အိမ်ထောင်ရှိတဲ့သူတွေဆိုလည်း အိမ်ထောင်ဘက်ရဲ့ လွှမ်းမိုးမှုတွေရှိနေဆဲပါ။” 

ကြောက်စိတ် နဲ့ စိုးရိမ်ပူပန်စိတ်

အမျိုးသမီးတွေက စိတ်ထားနူးညံ့တတ်သူတွေဖြစ်တဲ့အလျှောက် ကြောက်စိတ် နဲ့ ငါ ဒီလို ဆုံးဖြတ်လိုက်ရင် ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်လေးတွေ အနည်းနဲ့ အများတော့ ရှိတတ်ကြပါတယ်။ အားကိုးလိုစိတ်ကလည်း ခင်ပွန်းသည်ကို တိုင်ပင်ရင်း အကြံဉာဏ်ယူတာမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။ အမျိုးသမီးတွေအနေနဲ့ သတိထားရမှာတစ်ခုက ဘယ်ကိစ္စပဲ လုပ်လုပ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားရှိရပါမယ်။ ကျိုးကြောင်းဆင်ခြင် တွေးတောပါ။ ကမူးရူးထိုးလုပ်တတ်တဲ့ စိတ်ကို လျှော့ပြီး သေချာစဉ်းစားဆင်ခြင်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်မယ်ဆိုရင် ၊ မှားခဲ့တဲ့ ဆုံးဖြတ်ချက်တွေကနေ သင်ခန်းစာယူတတ်မယ်ဆိုရင် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တိုင်းက မှန်ကန်လာပါလိမ့်မယ်။

သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ စာရေးဆရာမ ခေတ်ပျိုဖြူကလည်း မိသားစုတွင်း ချမှတ်ရတဲ့ ဆုံးဖြတ်ချက်တွေအကြောင်းကို Duwun ကို ခုလိုပြောပြပါတယ်။

“ငယ်ငယ်ကတော့ ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင်လူကြီးတွေနဲ့ တိုင်ပင်ပြီးတော့ သူတို့တွေရဲ့ အကြံဉာဏ်ယူပြီးတော့ ဆုံးဖြတ်ချက်ချမှတ်တာများတယ်။ အိမ်ထောင်ကျလာတဲ့ အခါကျတော့ မိသားစုကိစ္စပဲဖြစ်ဖြစ်၊ အပြင်အလုပ်ကိစ္စပဲဖြစ်ဖြစ် ဘယ်အကြောင်းအရာပဲ ဖြစ်ဖြစ် ဆုံးဖြတ်ချက်ချမှတ်တော့မယ်ဆိုရင် ကိုယ့်အိမ်ထောင်ဦးစီးကို တိုင်ပင်ပြီးတော့ အကြံဉာဏ်ယူရတယ်။ ကိုယ့်ခင်ပွန်းရဲ့ အကြံစကားကိုယူ နှစ်ယောက်စလုံးတိုင်ပင်ပြီး ဆုံးဖြတ်ချက်ချကြတယ်။ တစ်ခါတလေမှာ အိမ်ထောင်သည် အမျိုးသမီးတွေတစ်ယောက်တည်း ကြိတ်ပြီး ဆုံးဖြတ်ချက်ချရတာတွေရှိတယ်။ မိသားစုကိုလည်း မသိစေချင်ဘူး၊ ဘယ်သူ့ကိုမှလည်း မသိစေချင်ဘဲ ကိုယ်တစ်ယောက်တည်း တိတ်တိတ်ကလေး ဆုံးဖြတ်ချက်ချရတာတွေရှိတယ်။ ဘယ်သူ့မှ မသိစေချင်ဘူးဆိုကတည်းက အဲဒီဆုံးဖြတ်ချက်က အရေးကြီးတယ်လေ။ ထူပူတဲ့အချိန်မှာ ချမှတ်တဲ့ ဆုံးဖြတ်ချက်ကတော့ မှားတတ်တာများတယ်။ တချို့တွေလည်း မှန်တာတော့ရှိပါတယ်။ ဒါပေမယ့် ထူပူနေတဲ့အချိန်ဖြစ်တဲ့အတွက် မှားတဲ့သူတွေက ပိုများတယ်။ အဲဒီလို ကိုယ်မှားခဲ့တဲ့ ဆုံးဖြတ်ချက်တွေထဲက ပြန်သင်ယူရမယ်။ ကိုယ့်မိသားစုကိုလည်း ကိုယ့်ရဲ့ဆုံးဖြတ်ချက်အမှားတွေကို ဝန်ခံပြီးတော့ ဒီအမှားထဲမှာ တစ်သက်လုံး မနှစ်မြှုပ်အောင် ၊ ဒီလိုအမှားမျိုးနောက်ထပ် ဘယ်တော့မှ မကျူးလွန်မိတော့အောင် ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြီးတော့ နေထိုင်သင့်တယ်လို့ အစ်မထင်ပါတယ်”။

အချစ်သည်သာ ပဓာနပါ

လူနှစ်ဦး ချစ်ခင်နှစ်သက်လို့ ထူထောင်လိုက်တဲ့ မိသားစုတစ်ခုမှာ ဘယ်သူသာတယ်၊ ဘယ်သူနာတယ်လို့သာ တွေးနေမယ်ဆိုရင် အိမ်ထောင်ရေးက အဆင်ပြေနိုင်တော့မှာမဟုတ်ပါဘူး။ ကိုယ်နိုင်တဲ့ ဘက်ကနေ မိသားစု တိုးတက်ဖို့ အရေးကို နှစ်ယောက်သားတိုင်တိုင်ပင်ပင်နဲ့ မောင်တစ်ထမ်း မယ်တစ်ရွက် ဆောင်ရွက်သွားမယ်ဆိုရင် တစ်ယောက်ကို တစ်ယောက် သံယောဇဉ်တွေပိုလာသလို အချစ်တွေလည်း တိုးပွားလာမှာပါ။

ယောက်ျားတွေရဲ့ လွှမ်းမိုးမှုတွေရှိနေကြဆဲ

ဘယ်လိုပဲ ခေတ်စနစ်တွေပြောင်းလဲလာတယ်ပြောပါစေ…အမျိုးသမီးတွေ အပြင်ထွက်အလုပ်လုပ် ဝင်ငွေရှာတာကလွဲရင် အရင်ကလို အိမ်ထောင်ဦးစီးယောက်ျားကသာလျှင် အိမ်ထောင်အတွက် အရေးကြီးဆုံးအပိုင်းတွေကို ဆုံးဖြတ်ပိုင်ခွင့်ရနေဆဲ၊ အိမ်ထောင်တစ်ခုမှာ အမျိုးသားကသာ ထိပ်ဆုံးရောက်နေကြဆဲပါပဲ။

နှစ်ယောက်အပြန်အလှန် ညှိနှိုင်းဆွေးနွေးသင့်နေ

ဒီလို ကိုယ့်ရဲ့ လုပ်ချင်၊ ဖြစ်ချင်တဲ့ အရာတွေကို အမျိုးသားတွေရဲ့ ခွင့်ပြုချက်တောင်းခံပြီး လုပ်နေတယ်ဆိုရင် အမျိုးသားတွေကရော အမျိုးသမီးတွေကို သူတို့လုပ်ချင်တဲ့ ဖြစ်ချင်တဲ့အရာတွေအပေါ် ခွင့်ပြုချက်တောင်းခံဖို့ လိုအပ်ပါတယ်။ ဇနီးမောင်နှံနှစ်ယောက်အနေနဲ့ တစ်ဦးအပေါ်တစ်ဦး ခွင့်ပြုချက်တောင်းခံတာ၊ သူ့ဆန္ဒကိုယ့်ဆန္ဒတွေအပေါ် တန်ဖိုးထားတာ ၊ အပြန်အလှန်လေးစားတာတွေကို ရရှိစေနိုင်ဖို့အတွက် နှစ်ဦးသားအပြန်အလှန် ညှိနှိုင်းဆွေးနွေးသင့်ပါတယ်။

သူ့ဘက်ကိုယ့်ဘက်ကြည့်ပါ

အိမ်ထောင့်တာဝန်တွေ၊ အိမ်ရဲ့ စီးပွားရေးစရိတ်တွေဆိုတာက တာဝန်ဆိုတဲ့ လေးလံမှုကြီးတစ်ခုနဲ့ ချည်နှောင်ထားတယ်ဆိုတာမျိုးမဖြစ်သင့်ပါဘူး။ နှစ်ဦးနှစ်ဖက် ချစ်ခင်ကြည်ဖြူလို့ စခဲ့တဲ့ မိသားစုဟာ ချစ်ခြင်းမေတ္တာသာ အခရာပါပဲ။ ဘယ်လိုနည်းနဲ့မှ အခွင့်ထူးခံလူတန်းစားဆိုတာ မဖြစ်သင့်ပါ။ ယောက်ျားမို့ ဝင်ငွေရှာရမယ်၊ မိန်းမမို့ အိမ်အလုပ်လုပ်ရမယ်ဆိုတာတွေထက် တစ်ဦးကို တစ်ဦး ဖေးမလေးစားကြင်နာတာက မိသားစုကမ္ဘာကို ပိုသာယာပျော်ရွှင်စေမှာဖြစ်ပါတယ်။

ကလေးဉာဏ်ရည်ဖွံ့ဖြိုးမှုဆိုင်ရာ မဂ္ဂဇင်းတည်ထောင်ထားပြီး မိသားစုရေးရာကိစ္စတွေအကြောင်း နဲ့ ကလေးသူငယ်တွေအကြောင်း အသိပညာမျှဝေပေးနေတဲ့ စာရေးဆရာမ ခေတ်ဘုန်းသစ်ကလည်း မြန်မာနိုင်ငံက မိသားစုတွင်း ဆုံးဖြတ်ပိုင်ခွင့်အကြောင်းကို Duwun ကို ခုလို ပြောပြပါတယ်။

“အိမ်ထောင်သည်မိန်းမရဲ့ ဆုံးဖြတ်ချက်ဟာ အိမ်ထောင်ဦးစီးယောက်ျား ပေါ်မှာမှီတည်နေသလားဆိုတော့ အဲဒါဟာ အိမ်ထောင်ရှင် အမျိုးသမီးရဲ့ ကိုယ်ပိုင်ခံယူချက်၊ သူယူထားတဲ့ ယောက်ျားရဲ့ စိတ်နေသဘောထားနဲ့ အများကြီး မူတည်ပါတယ်။ အစ်မတို့ အိမ်ထောင်ရေးမှာတော့ အစ်မနဲ့ ပတ်သတ်တဲ့ တစ်ကိုယ်ရေစာ ဆုံးဖြတ်ချက် မှန်သမျှကို အစ်မကိုယ်တိုင်ပဲ ဆုံးဖြတ်တယ်။အစ်မအလုပ်ကို အစ်မကိုယ်တိုင် ဆုံးဖြတ်တယ်။ အမျိုးသားက ဝင်ရောက်စွက်ဖက်ခွင့်မပေးပါဘူး။ အဲဒီလိုပဲ အမျိုးသားရဲ့ တစ်ကိုယ်တည်းနဲ့ ဆိုင်တဲ့ကိစ္စ၊ တစ်ကိုယ်ရေဆုံးဖြတ်ချက်ကိုလည်း အစ်မ ဝင်မပါဘူး။ သူ့ အလုပ်ထဲမှာ လည်းဝင်မပါဘူး။ အဲဒီစည်းကို အစ်မတို့နှစ်ယောက်စလုံးမှာရှိတယ်။ မိသားစုနဲ့ ဆိုင်တဲ့ ကိစ္စကို နှစ်ယောက်အတူတူ ဆုံးဖြတ်တယ်ပေါ့။ ဒါက လူညီလို့ပါ။ အစ်မ သူငယ်ချင်း ထဲမှာလည်း အစ်မတို့လို့ မိသားစုမျိုးရှိပါတယ်။ အများစုကို ပြောမယ်ဆိုရင်တော့ မြန်မာအိမ်ထောင်ရေးတွေ မှာ Mutual Respect ကို အချင်းချင်းထားရမှန်းမသိကြပါဘူး။အမျိုးသားကလည်း အမျိုးသမီးကို အရာရာ လွှမ်းမိုးချုပ်ကိုင် သလို အမျိုးသမီးကလည်း အမျိုးသားကို လွှမ်းမိုးချုပ်ကိုင်တာမျိုးရှိတတ်တယ်။ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ကြည့်မယ်ဆိုရင်တော့ အမျိုးသမီးဟာအိမ်ထောင်ရှင်ယောက်ျားခွင့်ပြုချက်ရမှ လုပ်ရတာ၊သွားရတာ စတာတွေကတော့ ရှိနေဆဲပါပဲ။ အိမ်ထောင်ရှင် အမျိုးသားဟာ အိမ်ထောင်ဦးစီးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အထက်အောက် ဆက်ဆံရေးမျိုးတွေက မြန်မာပြည်ရဲ့ အိမ်ထောင်စု အတော်များများမှာ ရှိနေဆဲပါပဲ။ အများအားဖြင့်က အမျိုးသမီးက လွှမ်းမိုးချုပ်ကိုင်တဲ့ အိမ်ထောင်စု၊ အမျိုးသားက လွှမ်းမိုးချုပ်ကိုင်တဲ့ အိမ်ထောင်စုတွေကို တွေ့ရများပြီး အပြန်အလှန်ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးပြီး၊ အချင်းချင်းလေးစားမှုနဲ့ တည်ဆောက်တဲ့အိမ်ထောင်ရေးမျိုးက အစ်မတို့တိုင်းပြည်မှာ တွေ့ရတာတော်တော်နည်းပါသေးတယ်။”

အိမ်ထောင်ဖက်အချင်းချင်း အပြန်အလှန်လေးစားကြဖို့က အရမ်းအရေးကြီးပါတယ်။ ကိုယ့်ရဲ့ အိမ်ထောင်ဖက်နဲ့ အတူ သေချာအေးဆေး တိုင်ပင်ဆွေးနွေးပါ။ မိသားစုတစ်ခုမှာ ဘယ်သူကမှ အရေးကြီးမနေဘဲ မိသားစုဝင်တိုင်းက သူ့နေရာနဲ့သူ အရေးကြီးတာကို တန်ဖိုးထားတတ်ပြီဆိုရင်တော့ နာကျင်ခံစားရတဲ့နေရာတွေမှာ ကြင်နာမှုတွေအစားထိုးပြီး သာယာတဲ့ မိသားစုဘဝတိုင်းကို ပိုင်ဆိုင်နိုင်ကြမှာဖြစ်ပါတယ်။


က္က