အထိုင်များတဲ့မဒီတွေအတွက် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါတွေကအများကြီးပါ

အခုလိုခေတ်ကြီးမှာ မဒီလေးတို့လည်း လုပ်ငန်းခွင်တွေကိုယ်စီဝင်နေကြရပါတယ်။ လုပ်ငန်းခွင်ဝင်တဲ့နေရာမှာ အလုပ်ဟာ နှစ်မျိုးနှစ်စားရှိပါတယ်။ တစ်ခုကတော့ မတ်တပ်အကြာကြီးရပ်ရတဲ့ အလုပ်မျိုးဖြစ်ပြီး နောက်တစ်ခုကတော့ တစ်နေကုန်ထိုင်နေရတဲ့ အလုပ်မျိုးပါ။ နှစ်မျိူးစလုံးကတော့ ကျန်းမာရေးထိခိုက်တာပါပဲ။



အကြာကြီးထိုင်ရင် ဘယ်လိုထိခိုက်တတ်သလဲ

တစ်နေကုန်ထိုင်တာတွေဟာ ရက်တွေဆက် ၊ လတွေကြာ ၊ နှစ်တွေချီလာခဲ့မယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်လာစေတော့တာပါပဲ။ အချိန်အကြာကြီးထိုင်နေရတဲ့သူဟာ တခြားသူတွေနဲ့ ယှဉ်ရင် ဆီးချိုရောဂါ နဲ့ နှလုံးရောဂါအဖြစ်များပါတယ်။ တစ်နေ့ကို ၁၁နာရီအထက် ထိုင်နေရတဲ့သူတွေဟာ တခြားသူတွေထက် သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်း ပိုတယ်လို့ သြစတေးလျတက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။ တစ်နေ့ကို ၈နာရီအထက် ထိုင်ရတဲ့သူတွေဟာ စောစောစီးစီးသေဆုံးကြတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

ဘာ့ကြောင့်ရောဂါဖြစ်ရတာလဲ

အထိုင်များသူတွေဟာ ခန္ဓာကိုယ်တွင်း ကယ်လိုရီချေဖျက်နှုန်း ကျဆင်းသွားပါတယ်။ ဒါ့ကြောင့် သွေးတိုးနဲ့ နှလုံးရောဂါတွေဖြစ်ရတာပါ။ ခန္ဓာကိုယ်လှုပ်ရှားတာနဲ့ တပြိုင်နက် သွေးတွင်းအချိုဓာတ်တွေက လောင်ကျွမ်းချေဖျက်သွားပြီး အလုပ်လုပ်နိုင်မှုစွမ်းရည်ပိုများလာပါတယ်။

နောက်ဆက်တွဲ သွေးချို ၊ ဆီးချို

 အထက်ကပြောခဲ့သလိုပါပဲ။ ခန္ဓာကိုယ်တွင်း အချိုဓာတ်တွေကို မချေဖျက်နိုင်တဲ့အခါမှာတော့ သွေးချို၊ ဆီးချိုတွေပါဖြစ်လာပါတော့တယ်။ ဒါ့ကြောင့် အထိုင်များတာဟာ ခန္ဓာကိုယ်အတွက် ရောဂါတွေ စုပေးနေသလို ဖြစ်နေပါတော့တယ်။

မတ်တပ်ရပ်သူတွေက အနည်းငယ်သက်သာ

မတ်တပ်ရပ်နေရတဲ့သူတွေဟာလည်း ကျန်းမာရေးထိခိုက်တာပါပဲ။ ကိုယ်ဟန်အနေအထားတစ်ခုတည်းကို အချိန်အကြာကြီး လုပ်နေရတာက ကျန်းမာရေးထိခိုက်စေတဲ့ အပြုအမူပါပဲ။ ဒါပေမယ့် အထိုင်များသူတွေလောက်တော့ ကျန်းမာရေးထိခိုက်မှု အနည်းငယ်လျော့နည်းတာကို တွေ့ရပါတယ်။

ကျန်းမာရေးအထိအခိုက်နည်းအောင် ဘာတွေလုပ်သင့်လဲ

အလုပ်လောဘကြီးသူတွေအဖို့ မနက်ခင်းရုံးရောက်တာနဲ့ ရေဗူး ၊ကော်ဖီ ၊ အလုပ်အတွက်လိုအပ်သမျှ အရာအားလုံးကို စားပွဲမှာယူထားပြီး အလုပ်လုပ်ကြတော့တာပါပဲ။ အဲဒီအစား နာရီဝက် (သို့) ၄၅မိနစ်တစ်ခါ ရေထသောက်တာမျိုး ၊ ကော်ဖီကိုလည်း သောက်ချင်တဲ့အချိန်မှ ထဖျော်သောက်တာမျိုး ၊ ခဏလောက် မတ်တပ်ရပ် အညောင်းအညာပြေလမ်းလျှောက်တာမျိုး ပြုလုပ်ပေးသင့်ပါတယ်။

-ကွန်ပျူတာရှေ့မှာ ထိုင်နေတာ မိနစ် ၃၀ ပြည့်ရင် မတ်တပ်ခဏရပ်တာမျိုးလုပ်ပါ။

-ဓာတ်လှေကားအစား ရိုးရိုးလှေကားအသုံးပြုပါ။

-ရေများများသောက်ပါ။

-အမှိုက်ပုံးကို ထိုင်ခုံရဲ့ အဝေးမှာထားပါ

အထိုင်များတာဟာ မဒီတို့ သိပ်ကြောက်ရတဲ့ အရာကိုလည်း ဖြစ်စေပါတယ်။ အဲဒါကတော့ ဗိုက်ခေါက်ထူလာတာပါပဲ။ ဒီတော့ ကျန်းမာရေးထိခိုက်မှာ ဂရုမစိုက်ဘူးဆိုရင်တောင်မှ ဗိုက်ခေါက်ကြီး ထွက်မလာစေဖို့အတွက် အထိုင်များနေတဲ့ ကိုယ့်ရဲ့ လူနေမှုပုံစံကို အကျင့်လေးလုပ်ပြီး သတိထားပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က