တကိုယ်ရည်သန့်ရှင်းမှုဆိုတာ လူတိုင်းအတွက် အရမ်းကို အရေးကြီးပါတယ်။

တကိုယ်ရည်သန့်ရှင်းရေးဆိုတာ အမျိုးသမီးတွေတင်မကပါဘူး။ အမျိုးသမီး ၊ အမျိုးသား လူတိုင်းအတွက် တကိုယ်ရည်သန့်ရှင်းရေးက အရေးပါပါတယ်။ အထူးသဖြင့်တော့ အလှအပကို ခုံမင်မြတ်နိုးတတ်ကြတဲ့ မိန်းကလေးတွေအတွက်ဆို ပြောဖွယ်ရာမရှိတော့။ တကိုယ်ရည်သန့်ရှင်းမှုမရှိတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း မရှိတော့ပါဘူး။

အမျိုးသမီးတွေအတွက် တကိုယ်ရည်သန့်ရှင်းရေးက ဘယ်လောက်ထိအရေးပါလဲ

တကိုယ်ရည်သန့်ရှင်းရေးဟာ ကျန်းမာရေးအတွက် အရေးကြီးတဲ့ အပြုအမူ အလေ့အကျင့်လည်းဖြစ်ပါတယ်။ တကိုယ်ရည် သန့်ရှင်းရေးကို အလေးစိုက်တဲ့သူတွေအတွက် ဘဝရဲ့ နေထိုင်မှုပုံစံတွေပါပြောင်းပြီး တနေ့တာလုံးကို ရွှင်လန်းတက်ကြွမှုအပြည့်နဲ့ ဖြတ်သန်းရမှာပါ။ တကိုယ်ရည်သန့်ရှင်းရေးကို အလေးထားဆောင်ရွက်လေ့ရှိသူဟာ တော်ရုံတန်ရုံရောဂါလည်း မဖြစ်တော့တဲ့အပြင် ခန္ဓာကိုယ်တွင်းကို ဘတ်တီးရီးယားပိုးမွှားတွေ ဝင်ရောက်မှုကိုလည်း ကာကွယ်ထားပြီး ဖြစ်သွားမှာပါ။

တကိုယ်ရည်သန့်ရှင်းရေးအတွက် ဘာတွေလုပ်ရမလဲ

နေ့စဉ်ရေချိုးပါ။ နေ့စဉ်ရေချိုးပေးခြင်းဟာ ကိုယ်ခန္ဓာသန့်စင်စေရုံတင်မကပါဘူး။ ချွေးတွေ ၊ အရေပြားဆဲလ်တွေက တဆင့် ဘတ်တီးရီးယားပိုးမွှားတွေ ခန္ဓာကိုယ်တွင်း ဝင်ရောက်မှုကိုလည်း ကာကွယ်ပေးပါတယ်။ အနံ့အသက်ဆိုးတွေကိုလည်း ကင်းစင်စေပါတယ်။

ဦးရေပြားကို ထိန်းသိမ်းပါ

Shampoo နဲ့ Conditioner တွေကို သုံးဖို့ သတိပေးချင်ပါတယ်။ ခေါင်းလျှော်တာကတော့ တပတ်ကို ၂ကြိမ် (သို့) ၃ကြိမ်သာ အဖြစ်သင့်ဆုံးပါ။ ခေါင်းလျှော်ရည်တွေ ၊ ဆံပင်ပျော့ဆေးတွေ အသုံးပြုတဲ့အခါမှာလည်း ကိုယ်ဆံပင်အမျိုးအစားအလိုက် အသုံးပြုသင့်ပါတယ်။ ကိုယ့်ဆံပင်အမျိုးအစားက ခြောက်သွေ့တဲ့ ဦးရေပြားလား ၊ အဆီတွေရှိတဲ့ ဦးရေပြားလား ၊ ဆံပင်အဖြောင့်လား ၊ ဆံပင်အကောက်လား စသဖြင့် ကိုယ်နဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည်အမျိုးအစားကိုသာ အသုံးပြုကြဖို့ အကြံပေးချင်ပါတယ်။

တစ်နေ့နှစ်ကြိမ်မျက်နှာသစ်ပါ

မျက်နှာဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ မျက်နှာကို မနက်အိပ်ယာထချိန် နဲ့ ည အိပ်ယာဝင်ချိန်တွေမှာ မဖြစ်မနေ သစ်ပေးသင့်ပါတယ်။ ညဘက် အလုပ်က ပြန်လာပြီး ပင်ပန်းလို့ မိတ်ကပ်တောင် မဖျက်ဘဲ အိပ်တာမျိုးတွေ လုံးဝရှောင်ပါ။ ဒီလို ညဘက် မျက်နှာမသစ်ဘူး၊ မိတ်ကပ်တွေကို သေချာသန့်စင်အောင် မဖျက်ဘူးဆိုရင် မျက်နှာမှာ ဝက်ခြံပေါက်တဲ့ အသေးစားဆိုးကျိုးလေးကနေ စပြီး အလွယ်တကူ အိုမင်းစေနိုင်တဲ့ အကြီးစားဆိုးကျိုးထိသက်ရောက်နိုင်ပါတယ်။ မျက်နှာသစ်တဲ့အခါမှာလည်း ဆပ်ပြာအနုစားကိုသာ အသုံးပြုစေချင်ပါတယ်။ မျက်နှာက နူးညံ့တဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်တာမျိုး မလုပ်သင့်ပါဘူး။

အတွင်းခံအကျႌတွေကိုလည်း ဂရုပြုပါ

ချွေးစိုနေပြီဖြစ်တဲ့ အတွင်းခံတွေကို ဆက်လက်ဝတ်ဆင်ခြင်း မပြုတော့ပါနဲ့။ အတွင်းခံဝတ်ဆင်ရမှာလည်း တစ်နေ့တစ်ထည် ဝတ်ဆင်တာ အသင့်တော်ဆုံးပါ။ အတွင်းခံတစ်ထည်ကို ၂ရက်ထပ်ပိုပြီး မဝတ်ဆင်သင့်တော့ပါဘူး။ အတွင်းခံတစ်ထည်တည်းကိုပဲ ရက်ကြာကြာဝတ်ဆင်တဲ့အခါမှာ အနံံ့အသက်ဆိုးတွေနဲ့အတူ ပိုးဝင်တာမျိုးတွေပါ ဖြစ်လာတတ်ပါတယ်။ အတွင်းခံဝတ်ဆင်ရာမှာလည်း လေဝင်လေထွက်ကောင်းပြီး သက်သောင့်သက်သာ ရှိစေတဲ့ အတွင်းခံကိုသာ ဝတ်ဆင်ပါ ။ တင်းကြပ်လွန်းတဲ့ အတွင်းခံတွေကို ရှောင်ကြဉ်သင့်ပါတယ်။

လက်ဆေးပါ

ညစ်ပေတဲ့ အရာတွေကို ကိုင်တွယ်ပြီးချိန်တိုင်း ၊ ရေအိမ်ဝင်ပြီးချိန်တိုင်းမှာ အမြဲလက်ဆေးဖို့မမေ့ပါနဲ့ ။ အမြင်မှာ သန့်ရှင်းနေပေမယ့် ပိုးမွှားတွေဟာ ရှိနေကြတာပါ။ ပိုးမွှားတွေဟာ မျက်စိနဲ့ ကြည့်ရုံနဲ့ မမြင်ရပါဘူး။ toilet ရဲ့ လက်ကိုင်တန်း ၊ တံခါးဘုလေးတွေကအစ ပိုးမွှားလေးတွေကပ်ညိနေတတ်ပါတယ်။ ဒါကြောင့် လက်ဆေးဖို့ကို ဘယ်တော့မှ မမေ့ပါနဲ့။

သွားကျန်းမာရေးကို ဂရုစိုက်ပါ

ခံတွင်းကတော့ တကိုယ်ရည်သန့်ရှင်းရေးမှာ အရမ်းကို အရေးပါပါတယ်။ နေ့စဉ်လူတွေနဲ့ ပြောဆိုဆက်ဆံနေတဲ့ အချိန်တွေတိုင်းမှာ ကိုယ့် ခံတွင်းနံ့က ဆိုးရွားနေခဲ့မယ်ဆိုရင် ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ အစာစားပြီးတိုင်း ပလုတ်ကျင်းပါ။ တစ်နေ့ နှစ်ကြိမ် သွားတိုက်ပေးဖို့ လိုအပ်ပါတယ်။

မိန်းမကိုယ်နဲ့ ပတ်သတ်တဲ့ သန့်ရှင်းရေး

အမျိုးသမီးတွေမှာ အဓိက အနံ့အသက်ဆိုးဝါးစေတဲ့အရာဟာ မိန်းမကိုယ်ပဲ ဖြစ်ပါတယ်။ မိန်းမကိုယ်ကို သန့်စင်အောင် မထားဘူးဆိုရင် အနံ့အသက်ဆိုးဝါးမှုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းစေပါတယ်။ အရမ်းတင်းကြပ်တဲ့ အတွင်းခံတွေ ဝတ်ဆင်တာမျိုး ၊ ဆပ်ပြာနဲ့ ဆေးတာမျိုး ၊ မိန်းမကိုယ် သန့်စင်ဆေးကို အလွန်အကျွံသုံးစွဲတာမျိုးတွေကလည်း မိန်းမကိုယ်ကို မှိုစွဲစေတာ၊ အနံ့အသက်ဆိုးဝါးစေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

မိန်းမကိုယ်ကို စနစ်တကျ ဆေးကြောဖို့လည်း လိုအပ်ပါတယ်

“အနံ့မပါတဲ့ ရိုးရိုးဆပ်ပြာအပျော့စားကို  ရေခပ်နွေးနွေးနဲ့ ဆေးကြောနိုင်ပါတယ်။ သန့်ရှင်းတဲ့ အဝတ်စကို အသုံးပြုပြီး ဆပ်ပြာရည်နဲ့ ဆေးကြောနိုင်ပါတယ်။ သန့်ရှင်းရးလုပ်မယ်ဆိုရင် မိန်းမကိုယ်အပြင်ဘက်ကိုဦးစွာသန့်စင်ပါ။ နှုတ်ခမ်းသားနှစ်ခုကိုညင်သာစွာဆွဲပြီး Clitoris လို့ခေါ်တဲ့ အဖူးလေးရဲ့ ဘေးနှစ်ဖက်ကိုသန့်စင်ပေးပါ။ ပြီးရင်တော့ မိန်းမကိုယ်နှင့်စအိုကြားနေရာ Perineum ကိုသန့်စင်ပေးပြီး စအိုကိုနောက်ဆုံးမှသန့်စင်ပေးပါ။” လို့ Mate_မိတ်မျိုးဆက်ပွားကျန်းမာရေးက ဒေါက်တာ Maryက အကြံပြုပြောကြားပေးထားပါတယ်။

တကိုယ်ရည်သန့်ရှင်းပြုလုပ်တဲ့အခါမှာ ချိုင်းကြား ၊ ပေါင်ကြား ၊ မိန်းမကိုယ်နဲ့အတူ ခြေချောင်းကြားလေးတွေကိုပါ မမေ့မလျှော့သေချာပြုလုပ်မယ်ဆိုရင် နေ့ရက်တိုင်းကို စိတ်ရှင်းရှင်းနဲ့ ကျန်းမာရေးဒေါင်ဒေါင်မြည်တဲ့ မဒီလေး ဖြစ်လာမှာ အသေအချာပါပဲ။

Share

Loading Next Article...
က္က