နွားနို့ဟာ လူ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရရှိစေနိုင်ပါတယ်။ နွားနို့ရဲ့ ကောင်းကျိုး ဆိုးကျိုးနဲ့အတူ စနစ်တကျ ဘယ်လိုသောက်သုံးရမယ်ဆိုတာကို ပြောပြပေးချင်ပါတယ်။

နွားနို့ကို ကြိုက်နှစ်သက်တဲ့သူလား ၊ မနက်လင်းချိန် ဒါမှမဟုတ် အိပ်ယာဝင်ချိန်တွေမှာ နွားနို့သောက်ရတာကို နှစ်ခြိုက်သူလား။ ဒါဆိုရင်တော့ ကျန်းမာရေးအတွက် ဘာဆေးဝါးမှ မှီဝဲစရာ မလိုလောက်အောင် ကိုယ်ခံအားကောင်းတဲ့သူတစ်ယောက် ဖြစ်နေမှာသေချာပါတယ်။ နွားနို့ဟာ ကျန်းမာရေးအတွက်အလွန်ကောင်းတဲ့ သဘာဝရဲ့ အာဟာရဓာတ်စာပါ။ ဒါပေမယ့်လည်း တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်း သင့်တော်တဲ့ ပမာဏကို သောက်သုံးမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် ပိုအထောက်အကူရရှိစေနိုင်မှာပါ။

နွားနို့ရဲ့ ကောင်းကျိုးတွေ

နွားနို့ကတော့ ကျန်းမာရေးအတွက်သာမက အလှအပတွက်ပါ အရမ်း အထောက်အကူရပါတယ်။ နွားနို့သောက်တဲ့ အကျိုးကျေးဇူးအနေနဲ့ ရောဂါတွေ ကာကွယ်ပေးတာ ၊ အရိုးနဲ့ သွားတွေ သန်မာစေရုံတင်မကပါဘူး။ ဆံကေသာကိုလည်း ကောင်းမွန်စေပြီးတော့ နှလုံး နဲ့ ဦးနှောက်အတွက်လည်း အများကြီး အထောက်အပံ့ပေးပါတယ်။ အသားအရေကြည်လင်စေပြီး ကောင်းကောင်း အိပ်ပျော်စေတယ် ။ နွားနို့က ဝိတ်ကျဖို့ကိုလည်း ကူညီပေးပါတယ်။

အရိုးပွရောဂါကို ကာကွယ်နိုင်တယ်

သဘာဝ အာဟာရဓာတ်တွေပါဝင်ပြီးတော့ ကယ်ဆီယမ်ဓာတ်တွေလည်း ပါဝင်တဲ့အတွက် နွားနို့ဟာ အရိုးပွရောဂါကို ကာကွယ်ပေးနိုင်တယ်။ ဒါတင်မကပါဘူး။ အခန့်မသင့်လို့ အရိုးကျိုးတာမျိုးတွေ မဖြစ်နိုင်အောင် အရိုးကျန်းမာရေးအတွက် အရမ်းအထောက်အကူဖြစ်ပါတယ် ။ နွားနို့မှာပါဝင်တဲ့ ကယ်ဆီယမ်ဓာတ်ဟာ သွားတွေကိုလည်း ခိုင်ခန့်သန်မာစေပါတယ်။ ကလေးတွေသောက်သုံးမယ်ဆိုရင်လည်း ကျန်းမာကြံ့ခိုင်တဲ့ အရိုး နဲ့ သွားတွေကို ရရှိနိုင်မှာပါ။

နို့နဲ့ နှလုံးကျန်းမာရေး

နွားနို့ထဲမှာ ပိုတက်ဆီယမ်တွေ ပါဝင်တဲ့အတွက် သွေးဖိအားကို လျှော့ချပေးနိုင်ပါတယ် ။ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ နှလုံးရောဂါဆိုင်ရာ ရောဂါတွေကိုလည်း လျှော့ချပေးနိုင်တယ်။ သွေးတိုးရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ ပိုတက်ဆီယမ်ဓာတ်တွေပါဝင်တဲ့ အစားအစာတွေကတော့ နွားနို့ ၊ လိမ္မော်သီး ၊ ပဲအမျိုးမျိုး ၊ ငှက်ပျောသီး ၊ ဒိန်ချဉ်၊ ဟင်းနုနယ်ရွက် နဲ့ ဆီးသီးတို့ပဲ ဖြစ်ပါတယ်။

နွားနို့ နဲ့ ကင်ဆာ

နွားနို့မှာ ပါဝင်တဲ့ ဗီတာမင်ဒီ ဓာတ်တွေက ဆဲလ်တွေကို ကောင်းကောင်း ရှင်သန်စေပြီး ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ လေ့လာတွေ့ရှိချက်တွေ အရ နွားနို့ထဲမှာ ပါဝင်တဲ့ ဗီတာမင်ဒီဟာ အူမကြီးကင်ဆာရောဂါလို ပြင်းထန်တဲ့ ရောဂါတွေကိုတောင် လျှော့ချပေးနိုင်ပါတယ်။ ဒါတင်မက သားအိမ်ကင်ဆာ နဲ့ ရင်သားကင်ဆာ ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

နို့နဲ့ စိတ်ကျရောဂါ

နွားနို့ထဲက ဗီတာမင်ဒီဟာ စိတ်ခံစားမှုတွေကိုလည်း ထိန်းချုပ်ထားပေးနိုင်ပါသေးတယ်။ အိပ်စက်ခြင်း နဲ့ စိတ်ညစ်ညူးမှုတွေကိုပါ ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်ပါတယ်။ စိတ်ဓာတ်ကျတာတွေ ၊ နာတာရှည်ပင်ပန်းနွမ်းနယ်တာတွေအတွက်လည်း နွားနို့က အထူး ကုစားပေးနိုင်ပါတယ်။ ဒါတွေကတော့ ဗီတာမင်ဒီ ပြည့်ဝစွာ ပါဝင်တဲ့ အစားအသောက်တွေရဲ့ ထူးခြားချက်ပါပဲ။ ဦးနှောက်နဲ့ အာရုံကြောမှတ်ဉာဏ်ဆိုင်ရာ ကောင်းမွန်စေပါတယ်။ နွားနို့သောက်သုံးခြင်းအားဖြင့် မှတ်ဉာဏ်ကို အရင်ကထက် ပိုကောင်းလာစေပါတယ်။

ခန္ဓာကိုယ်ကို တည်ဆောက်ပေးတဲ့ နွားနို့

နွားနို့ရဲ့ နောက်ထပ်ကောင်းကျိုးကတော့ တောင့်တင်းကျစ်လစ်ခိုင်မာတဲ့ ခန္ဓာကိုယ်ကို ရရှိစေနိုင်တာပါပဲ။ ကလေးသူငယ်တွေ သောက်သုံးမယ်ဆိုရင် ကြီးထွားမှု မြန်ဆန်ပြီး ဆယ်ကျော်သက် နဲ့ အရွယ်ရောက်ပြီးသူတွေ သောက်သုံးမယ်ဆိုရင်တော့ ကျစ်လစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်ကို ရရှိစေနိုင်မှာပါ ။ နွားနို့က ပရိုတင်းဓာတ်အပြည့်အဝ ပါဝင်တဲ့အတွက် ၊ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုနိုအက်ဆစ်တွေလည်း ပါဝင်တဲ့အတွက် လူ့ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေကို တောင့်တင်းခိုင်မာစေပြီး ခွန်အားတွေအဖြစ်ပြောင်း ပေးပါတယ်။


နွားနိ့ထဲ ပါဝင်တဲ့ အာဟာရတွေ

နွားနို့ထဲမှာ သဘာဝအာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ဗီတာမင်ဓာတ်တွေ တော်တော်များများပါဝင်ပြီးတော့ ကယ်ဆီယမ် ၊ ပိုတက်ဆီယမ် ဖော့စ်ဖောရက် နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ နဲ့ တခြားဓာတ်သတ္တိတွေလည်း အများကြီးပါဝင်ပါတယ်။ ဂျင်မ်ဆော့ပြီး ဒါမှမဟုတ် လေ့ကျင့်ခန်း လုပ်ပြီးချိန် နွားနို့သောက်မယ်ဆိုရင် ကြွက်သား နာကျင်တာတွေကို လျော့ချပေးပြီး ခွန်အားပိုတိုးစေတယ်။

နွားနို့ရဲ့ ဆိုးကျိုးတွေ

နွားနို့ရဲ့ ကောင်းကျိုးတွေအကြောင်း ပြောပြပြီးပြီဆိုတော့ ဆိုးကျိုးတွေကိုလည်း ဆက်လက်ပြောပြပေးချင်ပါတယ်။

နွားနို့ကို လွန်လွန်ကျူးကျူးသောက်သုံးမိမယ်ဆိုရင်

-ဝက်ခြံတွေကို ဖြစ်ပေါ်လာစေပါတယ်။

-အမျိုးသမီးတွေအနေနဲ့ဆိုရင်လည်း ဗိုက်ပွတာတွေ၊

-အစာခြေဖျက်နိုင်စွမ်းလျော့ကျတာတွေ ဖြစ်နိုင်ပါတယ်။

-တစ်နေ့လုံး ဗိုက်ပျက်နေတာမျိုးတွေတောင် ဖြစ်နိုင်ပါတယ်။

ဒေါက်တာ ဟိန်းထက်ဇော်ကတော့ နွားနို့သောက်ခြင်းဟာ အရိုးနဲ့ သွားကျန်းမာရေးအတွက်ကောင်းမွန်ပြီး ဗီတာမင်ဓာတ်ပြည့်ဝတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တအားအသောက်များတာမျိုး ၊ နို့နဲ့ ဓာတ်မတည့်တဲ့သူတွေဆိုရင်တော့ ဝမ်းလျှောတယ်လို့ သူက ပြောပါတယ်။

တန်ဆေးလွန်ဘေး

နွားနို့ဟာ ကျန်းမာရေးကောင်းတယ်ဆိုပြီး ဖိသောက်နေလို့တော့မရပါဘူး။ အရာအားလုံးက တန်ဆေးလွန်ဘေးဆိုတာ ရှိပါတယ်။ နွားနိ့သောက်တဲ့အခါမှာလည်း ကောင်းမွန်လတ်ဆတ်တဲ့ နွားနို့ကိုသာ ရွေးချယ်သောက်သုံးသင့်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရတော့ နေ့တိုင်း နွားနို့ သုံးခွက်ထက်ပိုသောက်တဲ့ အမျိုးသမီးတွေဟာ အရွယ်မတိုင်ခင် ကင်ဆာရောဂါနဲ့ သေဆုံးနိုင်ခြေပိုများတယ်လို့ သိရပါတယ်။ ဒီတော့ နွားနို့ကို သင့်တော်ရုံသာ သောက်သုံးပေးကြဖို့ လိုအပ်ပါတယ်။

ကဲ…နွားနို့ရဲ့ ကောင်းကျိုးဆိုးကျိုးတွေနဲ့ အတူ ဘယ်လို စနစ်တကျသောက်ရမလဲဆိုတာတွေပါ သိသွားကြပြီဆိုတော့ ကျန်းမာလှပတဲ့ ခန္ဓာကိုယ် နဲ့အတူ လှပတဲ့အသားအရေကို ရရှိစေနိုင်ရုံမက ရောဂါပေါင်းစုံကိုပါ ကာကွယ်ပေးနိုင်တဲ့ နွားနို့ကို စနစ်တကျ သောက်သုံးကြဖို့တော့ လိုမယ်နော်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

   

 

 

 

 

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က