နေ့စဉ်လူနေမှုဘဝမှာ ရေသောက်တာကို မလုပ်မဖြစ်အလုပ်တစ်ခုအနေနဲ့ လုပ်ဖို့ လိုအပ်ပါတယ်။

ရေများများသောက်ပါ။ ဒါကို အမြဲလိုလိုကြားနေရတယ်။ အဲဒါက အရမ်းအရေးကြီးပြီး တကယ်လည်း သောက်သင့်တယ်ဆိုတာလည်း လူတိုင်းလိုလို လက်ခံကြပါတယ်။ ဘာလို့ ရေသောက်သင့်တာလဲ။ ရေသောက်တာဟာ ဘာလို့ အရေးကြီးလဲဆိုတာ ပြောပြပါမယ်။

ခွန်အားဖြစ်စေတယ်

ရေဟာ ခန္ဓာကိုယ်က ဆဲလ်တွေအတွက် အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေရအောင် ဖြည့်စွမ်းပေးနိုင်ပါတယ်။ အဓိကကတော့ ကြွက်သားဆဲလ်တွေအတွက်ပါ။ ပင်ပန်းနွမ်းနယ်နေတဲ့ ကြွက်သားဆဲလ်တွေကို ပြန်ပြီး အားဖြည့်ပေးပါတယ်။ ပင်ပန်းနွမ်းနယ်နေချိန်မှာ ရေသောက်လိုက်တဲ့အခါ အားပြန်ပြည့်သွားသလို ခံစားရတာကို အားလုံးလည်း သိကြမှာပါ။

ဝိတ်ကျစေတယ်

ရေက ဝိတ်ကျဖို့အတွက်လည်း ကူညီပေးပါတယ်။ ရေသောက်ထားတယ်ဆိုရင်နောက်ထပ်ကယ်လိုရီတွေ အများကြီးပါဝင်တဲ့ အစားအစာတွေ ၊ အရည်တွေ ထပ် မစားသောက်ချင်တော့အောင် ကူညီပေးပါတယ်။ ရေသောက်တာ ဒါမှမဟုတ် ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသောက်ပေးတာဟာ ခန္ဓာကိုယ် အလေးချိန်ကို ချိန်ညှိတဲ့နေရာမှာ အရမ်းကို အထောက်အကူဖြစ်ပါတယ်။

အစာခြေဖျက်မှုစနစ်ကိုလည်း ထောက်ပံ့ပေးတယ်

ရေသောက်များတဲ့သူဟာ ဝမ်းချုပ်တာမျိုးတွေ မဖြစ်နိုင်တော့ပါဘူး။ ဝမ်းတလုံးကောင်းပြီး ခေါင်းမခဲချင်ရင် ဘာဆေးမှသောက်စရာမလိုပါဘူး။ ရေသောက်ပေးနေရုံနဲ့ ဝမ်းပျက်ဝမ်းလျှောတာ ၊ လေပွတာ ၊ ဝမ်းကိုက်တာ ၊ ဝမ်းချုပ်တာတွေ မဖြစ်စေတော့ပါဘူး။ ကိုယ်သောက်တဲ့ ရေက သန့်စင်တဲ့ ရေဖြစ်နေဖို့တော့ လိုအပ်ပါတယ်။

အသားအရေကြည်လင်စေတယ်

ရေဓာတ်ဖြည့်တဲ့ ခရင်မ်တွေကို ဈေးကြီးပေးဝယ်နေမယ့်အစား ရေကို သတိတရနဲ့ သောက်နေပေးမယ်ဆိုရင် အသားအရေတွေက ကြည်လင်ဝင်းဖန့်လာမှာပါ။ ဘာ ဓာတုဆေးဝါးမှ မပါတဲ့ အသားအရေကြည်လင်စေတဲ့ Skin Care အကောင်းစားကတော့ ရေသောက်တာပါပဲ။

လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အပန်းတကြီးလုပ်တဲ့သူတွေအတွက် ရေဓာတ်ဟာ ပိုလို့တောင် လိုအပ်ပါသေးတယ်။ ရေက ဘဝရဲ့ အကောင်းဆုံး အဖော်မွန်ပါ။ ကျန်းမာရေးအတွက် အကောင်းဆုံးသော့ချက်ကတော့ ရေသောက်တာပါပဲ။

အရေးကြီးတဲ့ ရေဓာတ်

 လူက တစ်လလောက်ထိ အစားမစားပဲ နေနိုင်ပေမယ့် ရေကတော့ တပတ်လောက် မသောက်ဘဲတောင် မနေနိင်ပါဘူး။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။ ရေဓာတ်ဆုံးရှုံးခဲ့ပြီဆိုရင် ပြန်လည် ဖြည့်တင်းပေးဖို့ တာဝန်ရှိပါတယ်။ ရေဓာတ်က ခန္ဓာကိုယ်ထဲမှာ အစဉ်မပြတ်လည်ပတ်နေတာဖြစ်လို့ ရေဓာတ်ကို အမြဲမပြတ်ဖြည့်တင်းပေးရမှာပါ။ ရေသာမရှိခဲ့ရင် အသက်ရှင်နိုင်မှာ မဟုတ်တော့ပါဘူး။ ရေအသက် တစ်မနက်ဆိုတဲ့ ဆိုရိုးစကားလည်း ရှိသေးတယ်မလား ။

တစ်နေ့ကို ရေဘယ်လောက် သောက်သင့်လဲ

၈အောင်စရှိတဲ့ ဖန်ခွက်နဲ့ ရေ ၈ဖန်ခွက်သောက်သင့်ပါတယ်။ ၈ အချိုး ၈ ကတော့ မှတ်ရလွယ်ကူတဲ့ ရေသောက်နည်းပါပဲ ။ လီတာအားဖြင့်ဆိုရင်တော့ ၂လီတာဖြစ်ပါတယ်။ ရေ ၈ခွက်စာအတွက် သတ်မှတ်ချိန်ပေးထားပါ။ မနက် ၁၀နာရီ မတိုင်မီ ရေ ၂ဖန်ခွက်သောက်ပါ။ နေ့လယ်ချိန်ရောက်ရင်တော့ နောက်ထပ် ရေ ၂ဖန်ခွက် သောက်ပြီးဖြစ်နေရပါမယ်။ နေ့လယ် ၂ နာရီထိရောက်ရင်တော့ ၆ ခွက်ပြည့်ပါစေ။ ကျန်ချိန်တွေမှာ နောက်ထပ် ၂ဖန်ခွက် သောက်ဖို့ အဆင်သင့်ရှိနေပါပြီ။ ဒီလို အချိန်လေး သတ်မှတ်ပြီး လုပ်ထားခြင်းအားဖြင့် ကိုယ်ကိုယ်တိုင်လည်း ကျေနပ်မှုတစ်ခုကို ရရှိနိုင်ပါလိမ့်မယ်။

 အရက်သောက်ပြီးတိုင်း ရေတစ်ခွက်သောက်ပါ

အရက်သောက်တတ်တဲ့ မဒီတွေအတွက်လည်း ရေသောက်တဲ့ အကျင့်လေးတစ်ခုလိုပါတယ်။ အဲဒါကတော့ အရက် သို့ ကော့တေး တစ်ခွက် သောက်ပြီးတိုင်း ရေသောက်ဖို့ပါပဲ။ အဲဒီလိုလေးသာ သောက်ပေးမယ်ဆိုရင် နောက်ရက်မှာ ခေါင်းကိုက်တာတွေ ၊ မထနိုင်တာတွေ မဖြစ်တော့ဘဲ အေးအေးဆေးဆေး ဖြစ်နေပါလိမ့်မယ်။

 ပတ်ဝန်းကျင်ထိန်းသိမ်းမယ်

ရေဘူးတွေကို ကြုံရာနေရာကနေ ကြုံသလို ဝယ်သောက်မယ့်အစား အကျင့်လေးတစ်ခု ပြုလုပ်သင့်ပါတယ်။ ဒီအကျင့်လေးက ပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက်တောင် အထောက်အကူပြုပါလိမ့်မယ်။ အဲဒါကတော့ အိမ်ကနေ အလုပ်ကို သွားတဲ့အခါ ၊ ကျောင်းကို သွားတဲ့အခါ ၊ တစ်နေရာရာကို သွားတဲ့အခါ ရေဘူးလေးတစ်ဘူးဆောင်ထားတာပါပဲ။ နောက် ဒီရေဘူးလေးထဲပဲ ရေပြန်ဖြည့်ရင်းသောက်တာက ဘယ်အချိန် ရေဆာဆာအဆင်ပြေသွားပြီး မလိုအပ်ဘဲ ပလတ်စတစ်ဘူးအမှိုုက်ပိုတွေ ဖြစ်မလာနိုင်တော့ပါဘူး။ ဖက်ရှင်တစ်ခုအနေနဲ့လည်း ရေဘူးလှလှလေး ဆောင်ထားလို့ရပါသေးတယ်။

နေ့စဉ်လုပ်နေကျအလုပ်တွေ အိပ်ယာထတာ ၊ အိပ်တာ ၊ သွားတိုက်တာ ၊ မနက်စာစားတာ ၊ ပန်းကန်ဆေးတာ စတာတွေလိုပါပဲ ရေသောက်တာကိုလည်း မလုပ်မဖြစ် လုပ်ရမယ့် စာရင်းထဲမှာ ထည့်ထားရပါမယ်။ လမ်းတစ်ဖြတ်လျှောက်ပြီးရင် ရေတစ်ခွက်သောက်မယ် ၊ နေ့လည်စာ မစားခင် ရေတစ်ခွက်သောက်မယ် ၊ အိမ်ကနေ မထွက်ခင် ရေတစ်ခွက်သောက်မယ်။ အိမ်ပြန်ရောက်ရင် ရေတစ်ခွက်သောက်မယ် ၊ အလှမပြင်ခင် ရေတစ်ခွက်သောက်မယ် ၊ စာအုပ်တစ်အုပ်ဖတ်ပြီးရင် ရေတစ်ခွက်သောက်မယ် ဆိုတာမျိုးကို ကိုယ့်ကိုယ်ကိုယ် သတ်သတ်မှတ်မှတ် လုပ်ထားသင့်ပါတယ်။

ဒီလိုသာ ရေကို ပုံမှန်သောက်ပေးသွားမယ်ဆိုရင် ရောဂါဘယကင်းဝေးပြီး ကြည်လင်ဝင်းဖန့်တဲ့ အသားအရေပိုင်ရှင် ဖြစ်လာနိုင်မှာ အသေအချာပါပဲ။

Share

Loading Next Article...
က္က