မိုးတွင်းလို ရာသီမျိုးမှာ အရေပြားကျန်းမာရေးပြဿနာတွေက ပိုလို့တောင် အဖြစ်များပါသေးတယ်။

 မိုးတွင်းမှာ အထူးသတိထားသင့်တာကတော့  အရေပြားဆိုင်ရာပြဿနာတွေပါပဲ။ မသန့်ရှင်းတဲ့ ဗွက်ရေတွေ ၊ မိုးရေတွေကို ဖြတ်နင်းလျှောက်ရတဲ့ ခြေထောက်တွေ ၊ မကြာခဏမိုးမိနေတာတွေ ၊ အချိန်ပြည့် စိုစွတ်နေတဲ့ အရာတွေဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်ဖို့ အကူအညီပေးနေသလိုပါပဲ။ လူ့ခန္ဓာကိုယ်ရဲ့ အမြင်သာဆုံးအပိုင်းဖြစ်တဲ့ အရေပြားဟာ လူတိုင်းလူတိုင်းအတွက် အရမ်းအရေးကြီးပါတယ်။

ဒါ့ကြောင့် မိုးတွင်းမှာ ဖြစ်ပွားလေ့ရှိတဲ့ အရေပြားဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ ပတ်သက်ပြီး အရေပြားအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ မြတ်စန္ဒာကျော်ရဲ့ အကြံပြုချက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

မိုးတွင်းအဖြစ်များတဲ့ အရေပြားဆိုင်ရာပြဿနာများ

ခုဆိုရင် မိုးတွင်းပိုင်းကိုလည်း ရောက်လာပြီဆိုတော့ မိုးတွင်းမှာ ဖြစ်ပွားတတ်တဲ့ ၊ အဖြစ်များတဲ့ အရေပြားဆိုင်ရာ ပြဿနာတွေက အများကြီးပါပဲ။

အဖြစ်များဆုံး အရေပြားပြဿနာတွေကတော့ အကောင်ကိုက်လို့ ဖြစ်တတ်တဲ့ ရောဂါတွေပါ။ ခြင် ၊ ကြောင်သန်း၊ ခွေးသန်းတွေနဲ့ ပိုးမွှားတွေ ကိုက်လို့ အရေပြားယောင်ယမ်းတာတွေ ဖြစ်လာတတ်ပါတယ်။ နောက် မှိုပိုးဝင်တဲ့ အရေပြားရောဂါလည်း ဖြစ်တတ်ပါတယ်။ Mold (မှို) မှိုတက်နေတဲ့ ပရိဘောဂတွေ ၊ စားပွဲတွေ နဲ့ ထိတွေ့လို့ ဖြစ်တဲ့ ယားနာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ခြင်နဲ့အတူ ပိုးမွှားတွေ အကိုက်မခံပါနဲ့။ မှိုတက်နေတဲ့ အရာဝတ္ထုတွေကို ကိုင်တွယ်တာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

ဘတ်တီးရီးယားပေါက်ဖွားဖို့အလွယ်ကူဆုံးရာသီ

မိုးတွင်းဟာ ဘတ်တီးရီးယားတွေ ပေါက်ဖွားဖို့လည်း အရမ်းလွယ်ကူပါတယ်။ ဒီလို ဘက်တီးရီးယားပိုးတွေ ဝင်ရောက်တဲ့အခါမှာ နောက်ဆက်တွဲအနေနဲ့ အရေပြားပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဘက်တီးရီးယားပိုးဝင်တဲ့ အရေပြားရောဂါတွေကတော့ ပြည်တည်နာ ၊ မွှေးညှင်းပေါက် ယောက်ယမ်းတာတွေ ၊ အနာစိမ်း ၊ အနာ့ပဆုတ် နဲ့ အနာဆက်တွေ ဖြစ်လာနိုင်တယ်။ ဒီလို မိုးတွင်းမှာ တုန့်ပြန်လွယ်တဲ့ အရေပြားရောဂါတွေလည်း ဖြစ်တတ်ပါတယ်။ ဥပမာ- နှင်းခူလို ဟာမျိုးပေါ့။ နဂိုရှိပြီးသား အရေပြားယားနာတွေလည်း ဒီလို မိုးရာသီမှာ ပိုဆိုးလာတတ်ပါတယ်။

အရေပြားရောဂါတွေ ဘာ့ကြောင့်ဖြစ်ရသလဲ

ဒါဆို မိုးရာသီမှာ ဖြစ်တတ်တဲ့ ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေကိုတော့ သိရပါပြီ။ ဘာလို့ ဒီလို အဖြစ်များရတယ် ၊ ဖြစ်ပွားရတယ်ဆိုတာလည်း ထပ်ပြောပြပေးချင်ပါတယ်။

ဒီလိုမိုးရာသီဆိုတာက ခြင်တွေ ပိုးမွှားတွေ အထွက်များတယ်လေ။ ဒီတော့ ခြင်ကိုက်ရာတွေ ၊ ပိုးမွှားကိုက်တဲ့ နေရာတွေက ယားလာတတ်တယ်။ ယားတော့ ကုတ်၊ ကုတ်တော့ အဖုဖြစ်၊ အဲဒီလိုကနေ အဆင့်ဆင့်ဖြစ်လာတာပေါ့။ နောက်တစ်ခုကတော့ မှိုပိုးရောဂါ။

ဒီမှို ရောဂါက ရာသီမရွေး ဖြစ်ပွါးနိုင်တယ်ဆိုပေမယ့်   မိုးရာသီမှာ ပို အဖြစ်များတယ်။ ချွေးတွေ ၊ မိုးရေ တွေ စိုစွတ်နေတဲ့  အရေပြားက ပွတ်တိုက်၊ ပွန်းပါများလာတဲ့အခါမှာ မှိုပိုးဝင်တတ်ပါတယ်။ ဥပမာ- ဂျိုင်း၊ ပေါင်ခြံ၊ ခြေချောင်းကြား စတဲ့ နေရာတွေမှာလည်း မှိုပိုးဝင်တတ်ပါတယ်။ အိမ်မွေး တိရိစ္ဆာန်တွေ ၊  မသန့်ရှင်းတဲ့ အရုပ်တွေ နဲ့ မသန့်ရှင်းတဲ့ အဝတ်အစားတွေကနေလည်း ကူးစက်တတ်ပါတယ်။

ခြေလက်တွေကိုလည်း မမေ့မလျော့ဂရုစိုက်ပါ

မိုးတွင်းမှာ ခြေချောင်း လက်ချောင်းတွေက ပိုညစ်ပတ်တတ်ကြပါတယ်။ ဒီတော့ ခြေချောင်း လက်ချောင်းတွေနဲ့ ပတ်သက်တဲ့ အရေပြား ပြဿနာတွေကိုလည်း ဆက်ပြောပြပေးချင်ပါတယ်။ အဓိက အဖြစ်များတာကတော့ ခြေချောင်း ၊ လက်ချောင်းတွေကြား မှိုပိုးဝင်တဲ့ သဲဝဲ ၊ ရေဝဲ ရောဂါပါ။ ခြချောင်း၊ လက်ချောင်းကြားမှာ နီရဲတာတွေ ၊ ပွန်းတာတွေ ၊ အရည်စိုထွက်တာတွေ ၊ အရေပြားပပ်ကြားအက်တာတွေ ၊အရည်ကြည်ဖုပေါက်တာတွေ ဖြစ်တတ်ပါတယ်။ ရေကိုင်၊ ဆပ်ပြာကိုင်များတဲ့သူတွေ ၊ ဗွက်၊ မိုးရေ စိမ်တတ်တဲ့သူတွေဆိုရင်  ခြေ၊ လက်တွေမှာ  သဲဝဲ ၊  ရေဝဲစားတတ် ပါတယ်။ မှိုပိုးသာမက၊ ဘက်တီးရီးယားပိုးတွေလည်း ဝင်တတ်ပြီး  ပြည်တည် တွေ ၊ သားငံရည်များ ထွက်လာတတ်ပါတယ်။ သဲဝဲ ၊ ရေဝဲ စားတဲ့လက္ခဏာတွေကတော့ လက်သည်း၊ ခြေသည်းနား အရေပြားမှာ ပွေးမှို ရောဂါ ကူးဆက်ခံရတဲ့အခါ၊ လက်သည်း၊ ခြေသည်း မှိုစွဲတာတွေ ၊ လက်သည်း၊ ခြေသည်း အရောင်ပြောင်းလာတာတွေ ၊ ထူလာတာတွေ ၊ ပဲ့ထွက်လာတာတွေ ၊ ပုံပျက်လာတာ ၊ ကျွတ်ဆတ်လာတာတွေ ဖြစ်လာတတ်ပါတယ်။

သဲဝဲ ၊ ရေဝဲ ဘာ့ကြောင့်ဖြစ်ရသလဲ

သဲဝဲ ရေဝဲ ဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေကတော့ မိုးစိုတဲ့ ဖိနပ်တွေ ခြေအိတ်တွေကြောင့် ဖြစ်ပါတယ်။ တစ်ကိုယ်လုံးသာမက ခြေထောက်တွေမှာပါ Mold ဓါတ်မတည့်ခြင်း ဖြစ်တတ်ပါတယ်။ Mold ဆိုတာ- မျက်စေ့နဲ့ မမြင်နိုင်ပဲ ၊ မိုက်ခရို စကုတ် နဲ့ကြည့်မှ တွေ့နိုင်တဲ့ မှိုဖြစ်ပါ တယ်။ အရေပြား က Mold ကို တိုက်ရိုက်ထိတွေ့တဲ့အခါ တစ်ခြား ထိတွေ့မှုကြောင့် ဖြစ်တတ်တဲ့ ယားနာ လို ရောင်လာပါတယ်။ ၊ နီလာတယ်။ ယားလာ၊ ပူလာပါတယ်။ ရောဂါလက္ခဏာ နည်းနည်းကနေ ဆိုးဝါးတဲ့ ရောင်ရမ်းတဲ့ အခြေအနေအထိ ဖြစ်တတ်တယ်။ ဆိုးကျိုးကတော့ ပိုပိုယားလာတယ်။ ရောင်ရမ်းလာတတ်တယ်။ပြည်တည်တယ်။ အကြေးခွံအဖတ်လေးတွေနဲ့ အရေပြား ပြောင်းလဲလာတယ်။ နှင်းခူဖြစ်လာပြီး၊ အရေပြားမှာ အမည်းကွက်တွေ ကျန်တတ်တယ်။ အနာရွတ်ကျန်တတ်တယ်။

အင်ပြင်ကိုလည်း ဖြစ်စေပါတယ်။

မဖြစ်ခင်ကြိုတင်ကာကွယ်ပါ

ရောဂါလက္ခဏာတွေအကြောင်း ၊ ဖြစ်ရတဲ့ အကြောင်းရင်းတွေအကြောင်း သိရပြီဆိုတော့ ဒီလို အရေပြားပြဿနာတွေ ဖြစ်လာပြီဆိုရင် ဘယ်လိုကုသရမလဲ၊ ဖြစ်မလာအောင် ဘယ်လို တားဆီးကာကွယ် ရမလဲဆိုတာလည်း သိသင့်ပါတယ်။ အရေပြား ရောဂါတွေက စောစောသိနိုင်ရင် ပိုကောင်းပါတယ်။ စောစောသိရင် လိမ်းဆေး ၊ စားဆေးတွေ နဲ့ ကုသလို့ရတယ်။

ဘယ်လိုကာကွယ်ရမလဲဆိုတော့ မိုးစိုလာရင် အိမ်ပြန်ရောက်တာနဲ့ ရေကြက်သီးနွေးလေးနဲ့ ရေချိုးပေးပါ။ နေ့စဉ်မှန်မှန် ရေချိူးပေးပါ။ အရေပြား သန့်ရှင်းရေးကို ဂရုစိုက်ပါ။  ဆံပင်တွေ ၊ ခြေချောင်း ၊ လက်ချောင်းတွေကို ခြောက်သွေ့အောင်ထားပါ။ နားသန့်ရှင်းလည်း ဂရုစိုက်ပါ။ နားကိုလည်း ခြောက်သွေ့အောင် ထားရပါမယ်။ ဖိနပ်၊ ခြေစွတ် အစိုတွေ မသုံးသင့်ပါဘူး။ ဖိနပ်အကြပ်တွေမစီးဘဲ မိုးစိုခံဖိနပ်တွေ စီးသင့်ပါတယ်။ ပတ်ဝန်းကျင်သန့်ရှင်းရေးကိုလည်း ဂရုပြုပါ။ နေပူနေရင် ပြတင်းတံခါးတွေ ဖွင့်ထားပါ။ အဝတ်စိုတွေကို မြန်မြန်လဲပါ။ ခြင် ၊ ခွေးသန်း ၊ ကြောင်သန်း နဲ့ ပိုးမွှားရန်တွေကို ဂရုပြုပါ။

ခြင်ထောင် ၊ ခေါင်းအုံးနဲ့ အသုံးအဆောင်တွေကိုလည်း ခြောက်သွေ့သန့်ရှင်းအောင် ထားပါ။ ရေ လုံလောက်အောင်သောက်ပါ။ လတ်ဆတ်သော အစားအစာကို စားပါ။ ယင်နားစာကို ရှောင်ပါ။ လေ့ကျင့်ခန်းမှန်မှန် လုပ်ပါ။ ဗွက်ရေ ၊ မိုးရေတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။ မိုးတွင်းမှာ အရေပြားရောဂါတွေက အဖြစ်များတဲ့အတွက် အရေပြားရောဂါတွေ မဖြစ်အောင် ကာကွယ်ကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။

Share

Loading Next Article...
က္က