တိုးတက်ထွန်းကားနေတဲ့ သိပ္ပံနည်းပညာတွေနောက်ကိုကောက်ကောက်ပါအောင်လိုက်နေရပြီး ကပ်ရောဂါဆိုးတွေ၊ အဆုံးမသတ်နိုင်တဲ့စစ်ပွဲတွေအကြားရှင်သန်ရုန်းကန်နေရတဲ့ ဒီနေ့ခေတ်ကမ္ဘာကြီးမှာ စိတ်ပင်ပန်းမွန်းကျပ်မှုနဲ့ အထီးကျန်ဝေဒနာက လူသားတွေအတွက်အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လို့နေပါတယ်။

သာမန်စိတ်ပင်ပန်းမွန်းကျပ်မှုမျိုးနဲ့ အထီးကျန်ခံစားချက်မျိုးကိုတော့ ကိုယ်ဝါသနာပါရာအနားယူအပန်းဖြေမှုမျိုးတွေ၊ ဘာသာရေးဆိုင်ရာအယူအဆတွေနဲ့ ဖြေဖျောက်နိုင်ပေမယ့် ခံစားချက်ကိုမြိုသိပ်ထားပြီးပေါက်ပွဲထွက်မလာစေလောက်အောင်မွန်းကျပ်မှုမျိုးကိုခံစားလာရပြီဆိုရင်တော့ ကုထုံးတစ်ခုနဲ့မဖြစ်မနေစတင်ထိတွေ့ဖို့ လိုအပ်လာနေပါပြီ။ ဒီနေ့ခတ်ကမ္ဘာမှာ စိတ်ကျဝေဒနာနဲ့အထီးကျန်ခံစားချက်က သင်မသိလိုက်ခင်မှာပဲ သင့်ဆီကို ရောက်လာပြီးအသက်ကိုပါနှုတ်ယူသွားနိုင်တဲ့ အသံတိတ်လူသတ်သမားပါ။ စိတ်ကျဝေဒနာနောက်ဆက်တွဲဆိုးကျိုးတွေကိုဆန်းစစ်ထားတဲ့စစ်တမ်းတွေအရ စိတ်ကျဝေဒနာရှင်အများစုရဲ့အဆုံးသတ်ထွက်ပေါက်က မိမိကိုယ်ကိုသတ်သေခြင်းဖြစ်နေတတ်ပါတယ်။ ဒီတော့ တစ်ယောက်တည်းအထီးကျန်ဝေဒနာကိုရင်မဆိုင်ရအောင် ဘယ်လိုနည်းလမ်းတွေက ကယ်ထုတ်ပေးနိုင်ပါသလဲ။

Photo: gavinortlund

ခံစားချက်တွေကို ဖွင့်အန်ကြရအောင်

လူတစ်ယောက် စိတ်ခံစားချက်တွေမွန်းကျပ်လာတဲ့အခါမှာ ရင်ထဲမှာတင်းနေတာတွေလျော့သွားအောင် ကိုယ့်ရဲ့ခံစားချက်တွေကိုဖွင့်ထုတ်လိုက်ဖို့လိုအပ်ပါတယ်။ ဒါမှလည်း မိမိရဲ့ စိတ်ခံစားချက်ကိုအထိုက်အလျှောက်ဖြေလျော့မှုပေးနိုင်ပါလိမ့်မယ်။ ကိုယ့်ရဲ့ ခံစားချက်ကို ရင်ဖွင့်တဲ့အခါ လူသားအချင်းချင်းဆက်သွယ်ပြောဆိုနိုင်သလို၊ တစ်နေ့တာခံစားချက်တွေကို စာအုပ်တစ်အုပ်မှာနေ့စဉ်ချရေးတာကလည်း အလုပ်ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ကိုယ့်အခြေအနေက စိတ်ခံစားချက်တွေကိုရင်ဖွင့်စရာအဖော်မရှိနေဘူးဆိုရင်တောင် အိမ်မွေးတိရစ္ဆာန်လေးတွေကို အကောင်းဆုံးအဖော်မွန်အဖြစ်သတ်မှတ်ဆက်ဆံနိုင်ပါတယ်။ ကိုယ်အရမ်းချစ်ရပြီး လက်ပွန်းတတီးရှိနေတဲ့ ခွေးကလေးတွေ၊ ကြောင်ကလေးတွေအပါအဝင် ကိုယ့်ရဲ့အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးတွေကို ကိုယ့်ခံစားချက်တွေဖွင့်ချပြောဆိုနိုင်ပါတယ်။

သူတို့က သင့်ကိုပြန်လည်နှစ်သိမ့်ပေးနိုင်မှာမျိုးမဟုတ်ပေမယ့် ကိုယ့်ခံစားချက်အပေါ်ကိုလည်း ငြင်းဆန်ပြောဆိုနေမှာမဟုတ်လို့ ကိုယ်ခံစားနေရတာတွေကို စိတ်ချလက်ချပြောပြနိုင်တဲ့ အဖော်လေးတွေပါ။

Photo: successstory

ကိုယ့်အတွက်အကောင်းဆုံး တိုးတိုးဖော်က ဘယ်သူလဲ

ကိုယ့်ရဲ့ရင်တွင်းခံစားချက်တွေကို ထုတ်ဖော်ပြောဆိုသင့်တဲ့သူဆိုတာ သီးခြားသတ်မှတ်ထားတာမျိုးမရှိပေမယ့် ကိုယ့်အတွင်းရေးနဲ့ခံစားချက်ကိုမျှဝေခံစားပေးနိုင်ရမယ့်သူမျိုးဖြစ်ဖို့လိုပါတယ်။ ကိုယ့်ခံစားချက်ကို နားလည်လက်ခံမယ်၊ လိုအပ်ရင်အကြံပေးမယ် အရေးအကြီးဆုံးကတော့ ကိုယ့်ရဲ့လျှို့ဝှက်ချက်ကိုပါသိနိုင်တဲ့လူမျိုးဖြစ်လို့ ကိုယ့်အပေါ်သစ္စာရှိဖို့တော့လိုပါလိမ့်မယ်။

ဘယ်လိုလူမျိုးဆိုတာထက် ကိုယ်ဘယ်လောက်ယုံကြည်သလဲ၊ ကိုယ့်အပေါ်ဘယ်လောက်အထိလက်ခံနားလည်နိုင်သလဲဆိုတာကပိုအရေးကြီးပါတယ်။ သတိထားရမယ့်အချက်ကတော့ ကိုယ်တကယ်ခံစားနေရတဲ့ အချက်ကိုပဲ အဓိကထားပြောဆိုရင်ဖွင့်သင့်ပါတယ်။ ကိုယ့်ရဲ့အရာရာတိုင်းကို လိုက်ပြောနေစရာမလိုသလို နားထောင်ရတဲ့သူအနေနဲ့လည်း အရာတိုင်းကိုသိဖို့မလိုအပ်ပါဘူး။

ကိုယ့်အတွက်အကောင်းဆုံးရင်ဖွင့်ဖော်က မိသားစု၊ သူငယ်ချင်း၊ ချစ်သူ အစရှိတဲ့ သတ်မှတ်ချက်တွေမလိုအပ်ဘဲ ကိုယ့်ရဲ့ယုံကြည်မှုကသာအရေးကြီးပါတယ်။

Photo: techexplorist

အထီးမကျန်ရအောင် ဘယ်လိုနေမလဲ

လူတစ်ယောက်စိတ်ခံစားချက်တွေနဲ့ မွန်းကြပ်နေချိန်မှာ တစ်ယောက်တည်းသီးသန့်မနေထိုင်သင့်ပါဘူး။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေနဲ့ နွေးနွေးထွေးထွေးနေထိုင်ဖို့လိုပါတယ်။ တစ်ယောက်တည်း သီးသန့်နေထိုင်ခြင်းက ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ပိုပြီးတော့အထီးကျန်ဆန်စေပါတယ်။ သီချင်းနားထောင်တာ၊ ကိုယ်စိတ်ဝင်စားတဲ့ တီဗီအစီအစဉ်တွေ ရုပ်ရှင်ကြည့်တာတွေနဲ့ နဲ့ ကိုယ်ဝါသနာပါရာ အလုပ်တစ်ခုခုကို လုပ်ပေးခြင်းကလည်း ခံစားချက်ကိုအထိုက်အလျောက်ဖြေလျော့မှု ပေးနိုင်မှာပါ။ 

 

Photo: techexplorist

ဒီနေ့ခတ်ကမ္ဘာမှာ စိတ်ခံစားချက်တွေကို ရင်ဖွင့်ပြောဆိုတိုင်ပင်ရမယ့်သူငယ်ချင်းမိတ်တွေတွေနည်းပါးလာတဲ့အတွက် ကမ္ဘာ့လူဦးရေရဲ့သုံးပုံတစ်ပုံနီးပါး စိတ်ကျရောဂါနဲ့ရင်ဆိုင်နေရပါတယ်။ စိတ်ကျရောဂါကြောင့် ကိုယ့်ကိုကိုယ်သတ်သေမှုတွေကလည်း နှစ်စဉ်နီးပါးတိုးတက်နေပါတယ်။ WHO ရဲ့၂၀၁၆ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ စစ်တမ်းအရ စကားပြောဖော်မရှိတဲ့အတွက် စိတ်ကျဝေဒနာခံစားပြီး ကိုယ့်ကိုကိုယ်သတ်သေခဲ့သူဦးရေက အာရှမှာအများဆုံးဖြစ်နေတယ်လို့သိရပါတယ်။ လူနေထူထပ်ပြီး တစ်ဦးချင်းဝင်ငွေနိမ့်တဲ့ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်မှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်မှုအများဆုံးဖြစ်ပွားနေပြီး စီးပွားရေးကောင်းမွန်ပေမယ့်အလုပ်နဲ့သင်ယူမှုတွေအကြားအနားယူချိန်နည်းပါးလွန်းတဲ့ ထိုင်းနဲ့ဂျပန်ကတော့ ဒုတိယအများဆုံးနေရာမှာရှိနေတယ်လို့ WHO စစ်တမ်းအရသိရပါတယ်။ မြန်မာ၊တောင်ကိုရီးယားနဲ့စင်ကာပူနိုင်ငံတွေမှာလည်း တစ်နှစ်ကို လူလေးဦးခန့် မိမိကိုယ်ကိုအဆုံးစီရင်မှုတွေဖြစ်ပွားနေတာကြောင့် စိတ်ကျရောဂါဟာ လူကိုသေစေနိုင်တဲ့အထိ အန္တရာယ်ရှိနေတာကို သတိပြုကြရမှာပါ။ ဒါကြောင့် စိတ်ကျန်းမာရေးကိုဂရုစိုက်ပါ၊ ချစ်ချစ်ခင်ခင်နေထိုင်ပါ၊ ကိုယ့်ဘဝရဲ့အယုံကြည်ရဆုံးတိုးတိုးဖော်ကို ရင်ဖွင့်ပါ။ စိတ်ကျဝေဒနာဆိုတာက သင်မသိဘဲသင့်အနားကိုရောက်ရှိလာနိုင်တဲ့ အသံတိတ်လူသတ်သမားတစ်ဦးပါ။

သတင်းဆောင်းပါးပါအချက်အလက်များကိုဒေါ်နန်းကြည်ပြာမော်(စိတ်ကျန်းမာရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်) က အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။



က္က