ဒီအစားအစာတွေကို နေ့စဉ်စားနိုင်အောင် ကြိုးစားပါ။

အမျိုးသမီးတစ်ယောက်အတွက် လိုအပ်တဲ့ ဗီတာမင်သက်စောင့်ဓာတ်တွေကတော့ အများကြီးပါ။ အမျိုးသမီးတစ်ယောက် ကျန်းမာဖို့ ၊ လှပဖို့ ၊ အသားအရေစိုပြေဖို့ စတာတွေအတွက် လိုအပ်တဲ့ သက်‌စောင့်ဓာတ်တွေကို နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေကနေ တစ်ဆင့်လည်း ရရှိနိုင်ပါတယ်။ ဒီနေ့တော့ အမျိုးသမီးတွေအတွက် လိုအပ်တဲ့ သက်စောင့်ဓာတ်တွေကို ဘယ်လိုအစားအစာတွေကနေ ရရှိနိုင်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 



၁။ကယ်ဆီယမ်  

အမျိုးသမီးတွေဟာ အသက်ကြီးလာတာနဲ့အမျှ ကယ်ဆီယမ်ဓာတ်တွေ ဆုံးရှုံးလာတတ်ပါတယ်။ ဒါ့ကြောင့် ဆယ်ကျော်သက်အရွယ်နဲ့ အသက် (၂၀) အရွယ်တွေမှာကတည်းက ကယ်ဆီယမ်ဓာတ်ပြည့်ဝအောင် စားသုံးထားမယ်ဆိုရင် အမျိုးသမီးတွေ အသက်ကြီးလာတဲ့အခါမှာ ဖြစ်တတ်တဲ့ ကယ်ဆီယမ်ဓာတ်လိုအပ်တာ ၊ အရိုးပွတာ ၊ အရိုးကျိုးတာ စတာတွေကို ကာကွယ်ပေးသွားနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကယ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ကယ်ဆီယမ်ဓာတ်ပါဝင်တဲ့ ကောက်နှံ (ဉပမာ - ကွေကာအုပ်) ၊ ဒိန်ချဉ် ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ၊ အယ်မွန်သီးနဲ့ အစေ့ စတာတွေကို နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာထည့်သွင်းစားသုံးပေးခြင်းအားဖြင့် လိုအပ်တဲ့ ကယ်ဆီယမ်ဓာတ်ကို ရရှိစေနိုင်မှာဖြစ်ပါတယ်။ 

healthkart.com

၂။ဗီတာမင်ဒီ 

ဗီတာမင်ဒီကလည်း အမျိုးသမီးတွေအတွက် လိုအပ်တဲ့ သက်စောင့်ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ ဦး နှောက်ဆဲလ်တွေကိုဆက်သွယ်ဖို့၊ ခုခံအားကိုမြှင့်တင်ဖို့ ၊ အရိုးတွေကိုကျန်းမာသန်စွမ်းစေဖို့အတွက် ဗီတာမင်ဒီဓာတ်လိုအပ်သလို အရိုးပွရောဂါ၊ ကင်ဆာရောဂါ နဲ့ သန္ဓေသားဖွံ့ဖြိုးဖို့ အတွက် ကိုယ်ဝန်ဆောင်စဉ်ကာလတွေမှာပါ လိုအပ်ပါတယ်။ ဗီတာမင်ဒီဓာတ်ကို နေရောင်ခြည်ကနေတစ်ဆင့်လည်း ရရှိနိုင်သလို နေ့စဉ်စားသုံးမှုတွေမှာ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ ကြက်ဥ ၊ ပုစွန်ဆိတ်စတာတွေကို ထည့်သွင်းစားသုံးမယ်ဆိုရင်လည်း ရရှိနိုင်ပါတယ်။

၃။Folate 

အမျိုးသမီးတိုင်းအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေထဲမှာ folate ဓာတ်လည်း ပါဝင်ပါတယ်။ ဆယ်ကျော်သက်မိန်းကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ မီးဖွားပြီးကာစအမျိုးသမီးတွေမှာ မဖြစ်မနေလိုအပ်သလို သွေးအားနည်းရောဂါ ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းတွေကို ကာကွယ်ပေးပါတယ်။ နေ့စဉ်အစားအစာတွေထဲမှာ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ အသည်း၊ ပဲ၊ ဆန်၊ လိမ္မော်ရည်စတာတွေပါရှိမယ်ဆိုရင် folate ဓာတ်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ 

၄။သံဓာတ် 

ရာသီသွေးဆင်းရတဲ့ ဓမ္မတာရှိသူတွေဖြစ်တဲ့အတွက် သံဓာတ်ကလည်း အမျိုးသမီးတွေအတွက် မဖြစ်မနေလိုအပ်ပါတယ်။ သံဓာတ်လုံလောက်စွာမရရှိဘူးဆိုရင် င်ပန်းနွမ်းနယ်တာ သွေးအားနည်းတာ ၊ ဖြူဖတ်ဖြူလျော်ဖြစ်လာတာတွေအပြင် ဆံပင်၊ ခြေသည်း ၊ လက်သည်း စတာတွေမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်မိန်းကလေးတွေ၊ ကလေးမီးဖွားထားသူတွေနဲ့ သက်သက်လွတ်စားသူတွေမှာ သံဓာတ်ချို့တဲ့နေတတ်ပါတယ်။ သံဓာတ်ကိုတော့ အသည်း၊ အမဲသား၊ ကြက်သား၊ တူနာငါး၊ ပဲအမျိုးမျိုး၊ တို့ဟူးစတာတွေမှာ ရရှိနိုင်ပါတယ်။ 

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သံဓာတ် ပိုမိုလိုအပ်ကြောင်းကို ဒေါက်တာစိမ့်စမ်းဖြူက ““အမျိုးသမီးတစ်ယောက် လိုအပ်တဲ့ ဗီတာမင်တွေကတော့ အများကြီးပေါ့။ ကျန်းမာဖို့ကော လှဖို့ကော အစုံပေါ့။ အမျိုးသမီးနဲ့ အမျိုးသား အဓိကကွာခြားချက်က အမျိုးသမီးတွေက ရာသီလာတာ ဖြစ်တဲ့အတွက် သွေးတွေ ဆုံးရှုံးရတာဖြစ်တဲ့အတွက် ရေဓာတ်တို့ ၊ သံဓာတ်တို့ပါ ဆုံးရှုံးသွားတာပေါ့။ ပိုပြီးတော့ ဒါတွေကို ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်။ သွေးအားနည်းတဲ့ ပြဿနာတွေ၊ သံဓာတ်အားနည်းတဲ့ ပြဿနာတွေလည်း ဖြစ်တတ်တယ်။ အဲဒီတော့ သံဓာတ်အားဖြည့်စေမယ့် အစားအစာတွေ စားဖို့ လိုအပ်တယ်။ သံဓာတ်လျော့နည်းရင် သွေးအားနည်းမယ်။ သွေးအားနည်းရင် နောက်ဆက်တွဲပြဿနာအနေနဲ့ အလှအပနဲ့ သက်ဆိုင်တဲ့ လူကဖြူဖြူဖျော့ဖျော့ဖြစ်နေတာတို့ ၊ လက်သည်းခြေသည်းတွေ ကျိုးလွယ်တာ၊ ဆံပင်ကျွတ်လွယ်တာ ၊ အရမ်းဆိုးလာရင်တော့ နှလုံးပါထိခိုက်တာ ၊ အသက်အန္တရာယ်ထိခိုက်တာတွေ ဖြစ်လာနိုင်တဲ့အတွက် သံဓာတ်ကြွယ်ဝတဲ့ အသားတို့ ၊ အသည်းတို့၊ ပဲတို့ ၊ နို့တို့ ၊ ဥတို့ အဲဒါတွေ စားပေးသင့်တယ်။” လို့ အကြံပြုပါတယ်။

၅။ဗီတာမင်စီ 

ဗီတာမင်စီဓာတ်ကတော့ အမျိုးသမီးတွေအတွက် အကောင်းဆုံးသူငယ်ချင်းလို့တောင် ပြောလို့ရတဲ့ သက်စောင့်ဓာတ်ဖြစ်သလို ကူးစက်ရောဂါတွေနဲ့ နာတာရှည်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဘာ့ကြောင့် အမျိုးသမီးတွေအတွက် အကောင်းဆုံးသူငယ်ချင်းဖြစ်ရသလဲဆိုတော့ ဗီတာမင်စီဟာ collagen ကိုထောက်ပံ့ပေးပြီးအသက်အရွယ်ရလာသောအခါမှာ ဖြစ်တတ်တဲ့ အရေးအကြောင်းနဲ့ အသားအရေခြောက်ခြင်းကိုကာကွယ်ပေးပါတယ်။ ဗီတာမင်စီကိုတော့ အနီရောင်နှင့်အစိမ်းရောင်ပွ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ အာလူးနှင့်ခရမ်းချဉ်သီးစတာတွေမှာ ရရှိနိုင်ပါတယ်။ 

၆။ ဗီတာမင် B12

ဗီတာမင် B12ကတော့ သွေးအားနည်းရောဂါခံစားရခြင်းမှကင်းေ၀းစေပြီး သွေးဖိအားမြင့်တက်ခြင်း၊ လေဖြတ်ခြင်းနဲ့ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောတွေကိုပါ လျှော့ချပေးနိုင်တဲ့ ဗီတာမင်ဖြစ်ပါတယ်။ သက်သက်လွတ်စားတဲ့ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ပိုလို့ လိုအပ်ပါတယ်။ Vitamin B12 ချို့တဲ့တဲ့အခါမျိုးတွေမှာ ၀က်ခြံထွက်တာ ၊ ၀မ်းလျှောတာ ၊ အင်ပျဉ်များဖြစ်ပေါ်လာတာ ၊ အရေပြားယားယံတာ ၊ သွေးကြောတွင်း သွေးခဲတာတွေကို ခံစားရတတ်ပါတယ်။ နေ့စဉ်အစားအစာတွေထဲမှာ ဒိန်ခဲ၊ နို့နှင့်နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး ၊ အသည်း ၊ အသား နဲ့ ပင်လယ်ငါး စတာတွေထဲက တစ်မျိုးမျိုး ပါဝင်မယ်ဆိုရင် ဗီတာမင် B12 ဓာတ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

timesofindia.indiatimes.com/

၇။မဂ္ဂနီဆီယမ်

အမျိုးသမီးတွေဟာ များသောအားဖြင့် စိတ်ဖိစီးမှုဝေဒနာကို အမျိုးသားတွေထက် ပိုခံစားရလေ့ရှိပါတယ်။ မဂ္ဂနီဆီယမ်ကတော့ စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်ရှိဖို့၊ လုံလောက်တဲ့စွမ်းအင်တွေ ထုတ်ပေးနိုင်ဖို့နဲ့ ကျန်းမာတဲ့အရိုးတွေကို တည်ဆောက်နိုင်ဖို့အတွက် အထောက်အပံ့ပေးနိုင်သလို ဆီးချိုနဲ့ နှလုံးရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဟင်းနုနွယ်ရွက်နဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ ၊ အစေ့အဆန်များ၊ ပဲများနှင့်အခွံမာသီးများမှာ မဂ္ဂနီဆီယမ် ကို ရရှိနိုင်ပါတယ်။ 

အခုပြောပြခဲ့တာတွေကတော့ အမျိုးသမီးတွေမှာ မဖြစ်မနေလိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ အဲဒီအာဟာရဓာတ်တွေကို ရရှိနိုင်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ဟင်းသီးဟင်းရွက်တွေ ၊ အသားငါးတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ဥအမျိုးမျိုးတွေမှာ အာဟာရဓာတ်တေွ ပါဝင်နေတာကို တွေ့ရတဲ့အတွက် ကိုယ်နေ့စဉ်စားသုံးတဲ့ အစားအစာတွေမှာ အာဟာရဓာတ်ပြည့်စုံအောင် စားသုံးဖို့ တိုက်တွန်းချင်ပါတယ်။



က္က