အစပ်ကြိုက်တဲ့ မဒီတွေအနေနဲ့ ငရုတ်သီးရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို သိထားသင့်ပါတယ်။

မြန်မာမိန်းကလေးတော်တော်များများဟာ အစပ်ကို အရမ်းကြိုက်နှစ်သက်ကြပြီး စပ်တဲ့အရသာကို တမက်တမော စားသုံးတတ်ကြပါတယ်။ ထမင်းစားလည်း အစပ်ပါမှ၊ အစာပြေမုန့်စားလည်း အစပ်ကလေးနဲ့မှ ဆိုတဲ့မိန်းကလေးတွေအနေနဲ့ ကိုယ်စားနေတဲ့ ငရုတ်သီးရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို သိထားသင့်ပါတယ်။ 



ငရုတ်သီးရဲ့ ကောင်းကျိုးများ 

ပထမဆုံးအနေနဲ့ ငရုတ်သီးရဲ့ ကောင်းကျိုးတွေကို အရင်ပြောပြပေးချင်ပါတယ်။ 

၁။ဗီတာမင်ဓာတ်များ ကြွယ်ဝစွာပါဝင်ခြင်း 

ငရုတ်သီးတွေမှာ ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက် ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ငရုတ်သီးစိမ်းကတော့ ဗီတာမင် စီဓာတ် ကြွယ်ဝစွာပါဝင်ပြီး ငရုတ်သီးခြောက်တွေမှာတော့ ဗီတာမင် အေဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ အစိမ်းရောင်/အနီရောင် အစရှိတဲ့ ငရုတ်သီးအစိုတွေမှာတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဘီတာကယ်ရိုတင်၊ ဗီတာမင် ဘီနဲ့ အီး၊ သံဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်တွေလည်းပါဝင်တာကြောင့် ငရုတ်သီးဟာ ဗီတာမင်ဓာတ်တွေ များစွာပါဝင်နေတဲ့ အသီးလည်းဖြစ်ပါတယ်။ 

၂။ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း 

ငရုတ်သီးမှာ ဗီတာမင်စီဓာတ်နဲ့ ဗီတာမင်အေဓာတ်တွေ ပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ပြင်ပက ဝင်ရောက်လာမယ့် ရောဂါနဲ့ ဘက်တီးရီးယားပိုးတွေကိုကာကွယ် ခုခံနိုင်စွမ်းရှိပါတယ်။

desang.net

၃။မျက်စိအားကောင်းလာစေနိုင်ခြင်း 

ငရုတ်သီးစိမ်းမှာပါဝင်တဲ့ ဗီတာမင်စီဓာတ်က မျက်စိနဲ့ အမြင်အာရုံကျန်းမာရေးကို အထူးကောင်းမွန်စေနိုင်ပါတယ်။ ဒါ့ပြင် မျက်စိအတွင်းတိမ်တာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၄။အအေးမိဝေဒနာကို ကုသပေးနိုင်ခြင်း 

ငရုတ်သီးဟာ အအေးမိဝေဒနာကိုလည်း သက်သာပျောက်ကင်းစေနိုင်တဲ့ အစွမ်းရှိပါတယ်။ ငရုတ်သီးကြောင့် ဖြစ်တဲ့ အစပ်ဟာ အဆုတ်ကို နှိုးဆွပေးပြီး ခန္ဓာကိုယ်ကို အားဖြစ်လာစေပါတယ်။ ငရုတ်သီးမှာပါဝင်တဲ့ ဗီတာမင်စီက ကိုယ်ခံအားကို ကောင်းမွန်စေပြီး အအေးမိတာ ၊ ဖျားနာတာ ၊ နာမကျန်းဖြစ်တာတွေကို သက်သာသွားစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။

၅။ကိုယ်အလေးချိန်လျော့ကျစေခြင်း 

ငရုတ်သီးဟာ အစားစားချင်စိတ်ကို လျော့နည်းစေပြီး ခန္ဓာကိုယ်တွင်းက ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပါတယ်။ 

၆။အိုမင်းမှုကို လျော့ကျစေနိုင်ခြင်း 

ငရုတ်သီးထဲမှာ ပါဝင်တဲ့ ဗီတာမင်အီးဓာတ်က အိုမင်းခြင်းကို လျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် အသားအရေကောင်းမွန်စေပြီး အရေးအကြောင်းတွေ ဖြစ်ပေါ်လာတာကိုလည်း ကာကွယ်ပေးပါတယ်။ အသားအရေသာမက ဆံသားကိုလည်း ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ အရွယ်မတိုင်မင် အိုမင်းရင့်ရော်မှုတွေကိုလည်း ကာကွယ်ပေးတာဖြစ်လို့ မိန်းကလေးတွေ အစပ်ကြိုက်တာဟာ ကောင်းမွန်တဲ့ကိစ္စရပ်တစ်ခုပါ။ 

]womenshealthmag.com

ငရုတ်သီးရဲ့ ဆိုးကျိုးတွေ မခံစားရအောင် ငရုတ်သီးကို ဘယ်လိုစားသုံးရမလဲဆိုတာကို ဒေါက်တာ ကျော်ရှိန်မောင်က ခုလို အကြံပြုပေးထားပါတယ်။ 

“ငရုတ်သီးကို စားသုံးတဲ့နေရာမှာ ငရုတ်သီးအခြောက်ဆိုတာရှိတယ် ၊ ငရုတ်သီးစိမ်းဆိုတာရှိတယ်။ အများအားဖြင့်တော့ Green Chili လို့ခေါ်တဲ့ ငရုတ်သီးစိမ်းကို စားပေးတာပိုကောင်းတယ်။ ငရုတ်သီးခြောက်ကို စားတဲ့အခါမှာ ဘာဖြစ်စေသလဲဆိုတော့ မှိုတွေ ဘာတွေ ပါတာမျိုးတွေဖြစ်တတ်တယ်။ ငရုတ်သီးခြောက်ကို စားတဲ့နေရာမှာ ဒီတိုင်းမစားဘဲနဲ့ ရေနွေးပွက်ပွက်ဆူတဲ့ထဲမှာ ပြုတ်ပြီးတော့ စားတာမျိုးတွေ လုပ်ပေးရမယ်။ နောက်တစ်ခုက ကင်ပြီးတော့ပဲဖြစ်ဖြစ် တစ်ခုခုပေါ့၊ ဒီတိုင်းစားတာထက် သူ့ကို ပိုးသတ်စေပြီးစားတာက သူ့ကို ပိုအဆင်ပြေစေတယ်။ အဲဒီတော့ ကျွန်တော်က Green Chili ကို ပိုအားပေးတယ်။” 

ငရုတ်သီးရဲ့ ဆိုးကျိုးများ 

ငရုတ်သီးစားတာဟာ ခန္ဓာကိုယ်အတွက် ဘယ်လောက်ထိအကျိုးပြုသလဲဆိုတာကို သိသွားပြီဆိုတော့ ငရုတ်သီးကို အလွန်အကျွံစားသံုးမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ပြောပြပေးချင်ပါတယ်။ 

-ပန်းနာရင်ကျပ်ရောဂါရှိသူတွေအနေနဲ့ ငရုတ်သီးစားပါက ရင်ကျပ်စေနိုင်ခြင်း 

-အစာအိမ်နာရောဂါရှိသူတွေအနေနဲ့ ငရုတ်သီးစားပါက ရောဂါပိုဆိုးစေနိုင်ခြင်း 

-ငရုတ်သီးစားသုံးမှုအလိုက် ဝမ်းသွားသောအခါ စအိုတွင် ပူစပ်ပူလောင်ခံစားရနိုင်ခြင်း 

ငရုတ်သီး အလွန်အကျွံစားသုံးပါက 

-အစာအိမ်ကင်ဆာဖြစ်စေနိုင်ခြင်း 

-ကျောက်ကပ်ရောဂါဖြစ်စေနိုင်ခြင်း 

-ဝမ်းလျှောစေနိုင်ခြင်း 

-လျှာအပူလောင်တာဖြစ်စေနိုင်ခြင်း 

-ဝမ်းဗိုက်အတွင်း အပူလောင်နိုင်ခြင်း စတဲ့ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ 

ဒါ့ကြောင့် အစပ်ကို စားသုံးတဲ့အခါမှာ မဒီတို့အနေနဲ့ သင့်တင့်အောင် စားသုံးခြင်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းကျိုးတွေရရှိစေနိုင်သလို တန်ဆေးလွန်‌ေဘးဆိုတဲ့ စကားအတိုင်း ငရုတ်သီးကို အလွန်အကျွံစားသုံးခဲ့မယ်ဆိုရင် ကင်ဆာကဲ့သို့သော ဘေးထွက်ဆိုးကျိုးတွေကို ရရှိစေနိုင်မှာဖြစ်တဲ့အတွက် အစပ်ကို ကိုယ်နဲ့ သင့်တော်ရုံပမာဏလောက်သာ စားသံုးကြဖို့ တိုက်တွန်းလိုက်ပါရစေ။


ဆက်စပ်အကြောင်းအရာများ



က္က