loading...

loading...

loading...

ခံတွင်းနံ့ဆိုးနေတာတွေက လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေကို ပျောက်ဆုံးသွားစေပါတယ်။
Thin Nu Swe

နေ့စဉ်လူနေမှုဘဝမှာ အရေးကြီးဆုံးအရာတွေထဲက တစ်ခုကတော့ ခံတွင်းနံ့ဆိုးဝါးတာပဲဖြစ်ပါတယ်။ ခံတွင်းနံ့ဆိုးဝါးသူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေမှာ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မှုတွေကိုပါ ခံစားလာရနိုင်ပါတယ်။ ခံတွင်းနံ့ဆိုးတယ်ဆိုတာကိုတော့ လူတိုင်းလိုလိုကြုံဖူးကြမှာပါ။ ခံတွင်းနံ့ဆိုးတာက ကုရခက်တဲ့ ရောဂါတော့မဟုတ်ပါဘူး။ ဘာ့ကြောင့်ဖြစ်သလဲဆိုတဲ့ အကြောင်းရင်းကို သိခဲ့မယ်ဆိုရင်တော့ ခံတွင်းနံ့ဆိုးခြင်း ကို ကုသနိုင်မှာ ဖြစ်ပါတယ်။

MC တစ်ဦးဖြစ်တဲ့ မမေဖူးကတော့ ခံတွင်းနံ့ဆိုးခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေအကြောင်းကို Duwun ကို ခုလိုပြောပြပါတယ်။

ခံတွင်း နံ့ဆိုးခြင်းရဲ့ ဆိုးကျိုးတွေကတော့ မိမိကိုယ်ကိုယ် ယုံကြည်မှု နည်းပါးလာမယ်၊ အများနဲ့ ပြောဆို ဆက်ဆံရာမှာ အခက်အခဲ ဖြစ်လာမယ်၊ တစ်ဖက်သားရဲ့ အထင်‌သေးမှုကို ခံစားလာရမယ်၊ စကားပြောဆို ဆက်ဆံခြင်း လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းလုပ်နေသူတွေအတွက် လုပ်ငန်းမှာပါ ထိခိုက်မှုရှိလာနိုင်မယ်၊ လူအများရဲ့ ရှောင်ကြဥ်မှုကို ခံစားရပါလိမ့်မယ်။ ဒီတော့ ခံတွင်းနံ့ဆိုးတာက ကိုယ့်ရဲ့ လူနေမှုဘဝကို အများကြီးထိခိုက်စေပါတယ်။”

ခံတွင်းအတွင်းမှာ အစာတွေကျန်နေတာ

အစားစားပြီးတိုင်း ပလုတ်ကျင်းတာမျိုး လုပ်လေ့မရှိတဲ့သူတွေကလည်း ခံတွင်းနံ့ဆိုးတဲ့ ပြဿနာကို ကြုံတွေ့ရတတ်ပါတယ်။ အစာစားပြီးတိုင်း ပလုတ်မကျင်းတဲ့အတွက် ခံတွင်းမှာ စားထားတဲ့ အစာဟောင်းတွေ ကျန်ရှိနေတတ်ပါတယ်။ ဒီအစာဟောင်းတွေက ကိုယ့်ရဲ့ ခံတွင်းနံ့ကို ဆိုးဝါးသွားစေတဲ့ အဓိကတရားခံပါပဲ။

စင်ကြယ်အောင်ဆေးကြောပါ

စားထားတဲ့ အစာတွေကို သေချာစင်ကြယ်အောင် မသန့်စင်တဲ့အတွက် စားထားတဲ့အစားအစာတွေက သွားကြားတွေ ၊ သွားဖုံးကြားတွေမှာ အများကြီးကပ်ပြီး ကျန်ခဲ့တယ်။ ဒီအစားအစာတွေက ဘတ်တီးရီးယားအမြောက်အမြားကို ပေါက်ဖွားစေတတ်ပါတယ်။ ဘတ်တီးရီးယားတွေများရင်လည်း ခံတွင်းနံ့တအားဆိုးတတ်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။

သွားရောဂါဖြစ်နေတဲ့သူတွေ

သွားရောဂါဖြစ်နေတဲ့သူတွေကလည်း ခံတွင်းနံ့ဆိုးတတ်ပါတယ်။ သွားပိုးပေါက်တွေရှိနေတာ ၊ သွားပိုးစားတာတွေကလည်း ခံတွင်းနံ့ဆိုးရွားစေတာကြောင့် ကိုယ့်ရဲ့ ခံတွင်းနဲ့ သွားကို အမြဲ ဂရုထားသင့်ပါတယ်။ သွားပိုးပေါက်တွေထဲမှာ အစာဟောင်းတွေ ကျန်ခဲ့ရင်လည်း အဲဒီအစာဟောင်းတွေကနေတဆင့် ခံတွင်းနံ့ဆိုးဝါးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ခံတွင်းနံ့နံလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးဆိုရင် ပထမဆုံး သွားဆေးခန်းကို ၄လတစ်ကြိမ် သွားကျောက်ခြစ်ပေးသင့်ပါတယ်။

နည်းစနစ်တကျသွားတိုက်ဖို့လိုပါတယ်

သွားရောဂါတွေမဖြစ်စေဖို့ ၊ ခံတွင်းရောဂါတွေ မဖြစ်စေဖို့ဆိုရင် သွားကို စနစ်တကျတိုက်ဖို့ လိုအပ်ပါတယ်။ သွားတိုက်တဲ့အခါ သွားတင်မက သွားဖုံးနဲ့ လျှာကိုပါ တိုက်ပေးသင့်ပါတယ်။ သွားကို မနက်နဲ့ည တစ်နေ့နှစ်ကြိမ်တိုက်ပေးရုံသာမက သွားပွတ်တံကိုလည်း ကိုယ့်ရဲ့ သွားနဲ့ ကိုက်ညီတဲ့ သွားပွတ်တံကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ သွားပွတ်တံတွေဟာ မမာလွန်း ၊ မပျော့လွန်းတဲ့ သွားပွတ်တံတွေ ဖြစ်ဖို့ အထူးလိုအပ်ပါတယ်။ ခံတွင်းနံ့ပြင်းစေတဲ့ အစားအစာတွေ စားသုံးပြီးရင်လည်း သွားပြန်တိုက်ပေးဖို့ မမေ့သင့်ပါဘူး။ သွားပွတ်ကြိုးလည်း သုံးပေးသင့်ပါတယ်။ အထူးသဖြင့် ညအိပ်ယာဝင်ခါနီးမှာ သွားပွတ်ကြိုးနဲ့ သွားကြားတွေကို သန့်စင်ပေးခြင်းအားဖြင့် သွားပိုးစားတာကိုပါ ကာကွယ်ပြီးသား ဖြစ်မှာပါ။

TV Presenter တစ်ဦးဖြစ်တဲ့ မယဉ်မိုးထက်ကလည်း ခံတွင်းနံ့ နံရခြင်းရဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး သူ့အမြင်ကို Duwun ကို ခုလိုပြောပြပါတယ်။

“ခံတွင်းနံ့ဆိုးတယ်ဆိုက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အပူအပုပ် မကင်းစင်တာတွေ အထူးသဖြင့် ဝမ်းပုံမှန်မသွားတာ ဝမ်းချုပ်တာတို့ကြောင့် ဖြစ်တတ်တယ်လို့ ထင်ပါတယ်။ အကျိုးဆက်လို့ ပြောလိုက်ရင် ပြေးမြင်မိတာက ကိုယ့်ရဲ့ Self Confidence ပထမဆုံးလျော့ကျသွားမယ်လို့ ထင်တယ်။ လူတိုင်းက လုပ်ငန်းခွင်မှာဖြစ်စေ လူနေမှု ပတ်ဝန်းကျင်မှာဖြစ်စေ စကားပြော communication နဲ့ပဲ ဆက်သွယ်ကြတာဆိုတော့ အဲ့ဒီမှာ အဓိက ကျတဲ့ ခံတွင်းနံ့ဆိုးသာ ထွက်နေမယ်ဆိုရင် ကိုယ်နဲ့ ထိတွေ့ပြောဆိုမယ့်လူရဲ့ တုံ့ပြန်မှု ၊ နောက်ပြီး ကိုယ်ကိုယ်တိုင်ကလည်း ဒါကို သိနေတဲ့ အတွက် မပြောရဲ မဆိုရဲနဲ့ ယုံကြည်မှုလျော့လာမယ်။ ဒီလို အကျိုးဆက် ကြုံနိုင်တယ်။ နောက်ထပ်ပြီးတော့ ခံတွင်းမကောင်းလို့ အနံ့ဆိုးထွက်တဲ့ အတွက် ခံတွင်းထဲမှာရှိတဲ့ အစိတ်အပိုင်းတွေ မကောင်းလာတာမျိုးတွေ သာမက ဝမ်းနဲ့လည်းဆိုင်တဲ့ ကျန်းမာရေးထိခိုက်လာနိုင်တာမျိုးတွေ ဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်”

အခြားရောဂါတွေကြောင့်လည်း ဖြစ်ပွားနိုင်

တစ်ခါတရံမှာ ခံတွင်းနံ့ဆိုးဝါးတယ်ဆိုတာက သွားနဲ့ခံတွင်းကြောင့် မဆိုင်ဘဲ ကိုယ်တွင်းရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဝမ်းချုပ်နေတာမျိုး၊ အသက်ရှူလမ်းကြောင်း အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပြဿနာရှိနေတာမျိုးနဲ့ အာသီးယောင်နေတဲ့အခြေအနေတွေမှာလည်း ခံတွင်းနံ့နံတတ်ပါတယ်။ ဒါ့ကြောင့်ကိုယ်ရဲ့ ခံတွင်းက ဘာ့ကြောင့် အနံ့ဆိုးဝါးနေရသလဲဆိုတာကို ကိုယ်တိုင်သေချာသိဖို့လိုအပ်ပါတယ်။

ခံတွင်းနံ့ဆိုးတွေကို မောင်းထုတ်ချင်တယ်ဆိုရင်တော့

-သွားပုံမှန်တိုက်ပါ

-အစာစားပြီးတိုင်းပလုတ်ကျင်းပါ

-သွားကျန်းမာရေး နဲ့ ကိုယ်တွင်းကျန်းမာရေးတွေကိုဂရုစိုက်ပါ

-ငုံဆေး နဲ့ ပီကေ ဆောင်ပါ

-လျှာကို သွားတိုက်တိုင်း သန့်စင်ပေးပါ

-အနံ့ပြင်းတဲ့ အစားအစာတွေကို ရှောင်ပါ

My Dentist Clinic ရဲ့ Founder ဒေါက်တာ ကျော်ရှိန်မောင် က ခံတွင်းနံ့ဆိုးမှုတွေကို ဘယ်လိုဖြေရှင်းလို့ ရနိုင်မလဲဆိုတာကို Duwun ကတစ်ဆင့် ဝေမျှပေးသွားပါတယ်။

“လူတော်တော်များများက ကိုယ်ကိုယ်တိုင် ခံတွင်းနံ့ဆိုးတာ မသိတဲ့သူရှိသလို ကိုယ့်ကိုယ်ကိုယ် ခံတွင်းနံ့ဆိုးတယ်လို့ ခံစားနေရတဲ့သူတွေလည်း အများကြီးရှိပါတယ်။ တကယ်တော့ ခံတွင်းနံ့ဆိုးတဲ့ ပြဿနာက ကုသဖြေရှင်းရလွယ်ကူပါတယ်။ သွားစနစ်တကျ တိုက်မယ် ၊ သွားဆေးခန်းမှာ အမြဲ Check up လုပ်မယ်၊ ဘာ့ကြောင့် ခံတွင်းနံ့ဆိုးရလဲဆိုတာကို သိသွားပြီဆိုရင်တော့ ဒီပြဿနာက ဖြေရှင်းရလွယ်ကူသွားပါပြီ။ ခံတွင်းနံ့နံတဲ့အကြောင်းရင်းကတော့ လူတွေက အစားအများကြီးစားကြတယ်၊ ဒီအစာတွေအများကြီးကို ရာနှုန်းပြည့် သန့်ရှင်းရေးမလုပ်နိုင်တဲ့အခါမှာ အစားအကြွင်းအကျန်တွေက သွားကြားထဲမှာဖြစ်ဖြစ် သွားဖုံးထဲမှာဖြစ်ဖြစ် ကျန်ခဲ့သလို လျှာမှာ ကျန်ခဲ့တာတွေလည်း ဖြစ်တတ်ကြတယ်။ အဲဒီအစာတွေက ဘတ်တီးရီးယားတွေဖြစ်လာတယ်။ အဲဒီ ဘတ်တီးရီးယားတွေက ခံတွင်းနံ့နံစေတာပါပဲ။ ဒီတော့ အစာစားပြီးတိုင်း ပလုတ်ကျင်းပါ၊ သွားတိုက်တဲ့အခါမှာလည်း သွားကိုချည်းပဲ မတိုက်ဘဲ သွားဖုံးပေါ်က တိုက်ကြပါ၊ သွားကို စနစ်တကျပုံမှန် တိုက်ပေးကြပါလို့ အကြံပေးချင်ပါတယ်။”

ဘာ့ကြောင့်ကိုယ်က ခံတွင်းနံ့နံနေရတာလဲဆိုတဲ့ အကြောင်းရင်းကို သိပြီဆိုရင်တော့ ဒီပြဿနာကို အထက်ကနည်းလမ်းတွေနဲ့ ဖြေရှင်းလိုက်ရင်း နေ့ရက်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဖြတ်သန်းသွားနိုင်မှာပါ။


loading...

က္က