လမ်းမယ့်ဘေးဆိုတာ ပြေးတွေ့လိုက်တာက ပိုကောင်းပါတယ်။


နှစ်ရှည်လများတွဲလာတဲ့ရည်းစားက  ကိုယ်နဲ့ပြတ်ချင်တဲ့အရိပ်အယောင်တွေဖော်ပြနေပြီလား။ ကိုယ့်ရဲ့ဂရုစိုက်မှုတွေ၊ အကြင်နာတွေကို စိတ်ရှုပ်စရာချုပ်နှောင်မှုတွေသဖွယ် မြင်နေပြီလား။ ဒီလိုအချိန်မျိုးမှာ ဘာဆက်လုပ်ရမလဲမသိတာဟာ ထုံးစံပါပဲ။ ကိုယ့်ဖက်က မပြတ်နိုင်သေးတော့ ဒီအချိန်မျိုးမှာပြန်ဆွဲထားဖို့ကိုပဲ ကြိုးစားမိကြမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ဆွဲထားတိုင်းကော အလုပ်ဖြစ်မှာတဲ့လား။ ပြတ်ခါနီး Relationship တစ်ခုက ပြတ်ခါနီးကြိုးတစ်ချောင်းလိုပါပဲ။ တစ်ဖက်ဖက်က အားအနည်းငယ်သက်ရောက်လိုက်ရုံနဲ့ပြတ်သွားနိုင်တဲ့အနေအထားပါ။ ဒါပေမယ့်လည်း အခြေအနေကြီးကိုဒီတိုင်းဆက်ထားလို့လည်း မဖြစ်ဘူးလေ။ ဒီတိုင်းတန်းလန်းကြီးဖြစ်နေတာက နှစ်ဖက်စလုံးအတွက်မကောင်းပါဘူး။ ဒီလိုအခြေအနေမျိုးဆိုတာ နှစ်ဖက်စလုံးက သူစပြောနိုးနိုးဆိုပြီး စောင့်နေတဲ့အနေအထားဆိုတော့ ယောကျ်ားလေးဘက်ကပဲ လာမယ့်ဘေးပြေးတွေ့လိုက်တာကောင်းပါတယ်။ ပြတ်ကိုပြတ်ရတော့မယ့်အခြေအနေဆိုရင်လည်း ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ထားပြီးမှ နှစ်ဦးသဘောတူလမ်းခွဲလိုက်တာက အကောင်းဆုံးပါပဲ။ ဒီလိုအခြေအနေမျိုးမှာလုပ်သင့်တဲ့အချက်လေးတွေကို အဆင့်လိုက်ဖော်ပြပေးထားပါတယ်။

သင်စိတ်ဝင်စားနိုင်တဲ့အကြောင်းအရာ (ဒီလိုတွေဖြစ်နေပြီဆိုရင် ကောင်မလေးကကိုယ့်ကိုဖြတ်တော့မယ်)

အဆင့် (၁)

ခင်ဗျားတို့စကားပြောဖို့လိုပြီဖြစ်တဲ့အကြောင်း လေးလေးနက်နက်ပုံစံနဲ့ပြောပါ။ ဒီနေရာကအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားအနေနဲ့ သူ့ကို ပြဿနာတစ်ခုခုရှိနေပြီဖြစ်ကြောင်းသိအောင် ဟန်အမူအရာတွေ ပြသရမှာမို့ပါပဲ။ ခင်ဗျားအဲဒီလိုပြောလိုက်တာက သူ့ရဲ့အာရုံကိုဆွဲဆောင်နိုင်ပါလိမ့်မယ်။ ခင်ဗျားပြောဖို့လိုတာက "ကိုယ်တို့စကားပြောဖို့လိုနေပြီထင်တယ်။ ကိုယ်တို့ကြားမှာ တစ်ခုခုမှားနေပြီလို့ ကိုယ်ခံစားနေရတယ်" ဆိုတာလောက်ပါပဲ။

အဆင့် (၂)

သူ့ရဲ့အာရုံစူးစိုက်မှုကိုရပြီဆိုရင် သူ့ကိုအပြစ်တင်တဲ့လေသံ၊ ဝေဖန်တဲ့လေသံကိုရှောင်ရှားပြီး အခြေအနေကိုပဲဦးတည်ပြောပါ။ ဥပမာ... "ချစ်ကြည့်ရတာအရင်လိုမဟုတ်တော့ဘူး။ ကိုယ့်ကိုအရင်ကလောက် အချိန်မပေးတော့ဘူး။ အဆင်မပြေတာများတစ်ခုခုရှိလို့လား" ဆိုပြီးပြောကြည့်သင့်ပါတယ်။ ဒီလိုပြောခြင်းက သူ့ကို အပြစ်တင်ရာလည်းမရောက်၊ ဖြစ်နေတဲ့ပြဿနာကို တိတိလင်းလင်းရင်ဆိုင်လိုက်ရာလည်းရောက်ပါတယ်။ တကယ်လို့သူသာ ခင်ဗျားကို ခင်ဗျားတို့ကြားက ပြဿနာတွေကိုပြောချင်နေပေမယ့် ဘယ်ကစပြောရမှန်းမသိဖြစ်နေတယ်ဆိုရင် ခင်ဗျားဆီက အဲဒီလို လမ်းဖွင့်ပေးတဲ့စကားကို ကြားရပြီးနောက်မှာ သူခံစားနေရတဲ့ပြဿနာတွေကို ထုတ်ပြောလာပါလိမ့်မယ်။

အဆင့် (၃)

ဒီနေရာကအရေးအကြီးဆုံးပါပဲ။ သူက ဘာမှပြန်ဖြေမလာသေးဘူးဆိုရင် သူ့ရဲ့အဖြေကိုပဲစောင့်ပါ။ စိတ်မရှည်ဘဲ ကိုယ်မေးလိုက်တဲ့မေးခွန်းကို ကိုယ်ဝင်ဖြေပေးလိုက်တာမျိုး မလုပ်ပါနဲ့။ ခင်ဗျားတို့နှစ်ယောက်ကြားမှာ နောက်တစ်ကြိမ်စကားစပြောမယ့်သူက သူပဲဖြစ်ပါစေ။ သွားလည်းမတွန်းပါနဲ့။ အသာလေးပဲစောင့်နေပြီး ခင်ဗျားတို့ကြားက တိတ်ဆိတ်မှုကို သူကိုယ်တိုင်ဖြိုခွဲပါစေ။ စိတ်မလုံမလဲ ဖြစ်နေသူက တိတ်ဆိတ်မှုကိုကြောက်ပါတယ်။ သူသာစိတ်မလုံမလဲဖြစ်နေရင် တိတ်ဆိတ်မှုကိုအမြန်ဆုံးဖြိုခွဲပါလိမ့်မယ်။ သူကခင်ဗျားဘာကိုဆိုလိုတာလဲပြန်မေးရင် ခင်ဗျားခံစားနေရတဲ့ ခင်ဗျားတို့ကြားက အဆင်မပြေမှုတွေကိုထုတ်ပြောပြလိုက်ပါ။

 

အဆင့် (၄)

သူ့ရဲ့တုံ့ပြန်မှုကိုစောင့်ကြည့်အကဲခတ်ပါ။ သိပ်ပြီးအေးစက်တဲ့ပုံစံလည်း မပြပါနဲ့။ လက်ကြီးပိုက်၊ မျက်မှောင်ကြီးကုတ်ပြီး တရားခံစစ် လာစစ်တာကိုမိန်းကလေးတွေ မုန်းပါတယ်။ ပုံစံအတိုင်းပဲ ဂရုစိုက်တဲ့ပုံစံနဲ့ သေချာနားထောင်ပါ။ ဒါပေမယ့် သူဘယ်လိုတုံ့ပြန်လာမလဲ ဆိုတာကိုလည်း သေသေချာချာစောင့်ကြည့်အကဲခတ်သင့်ပါတယ်။ တကယ်လို့ သူက သူ့ဘက်ကလွန်တဲ့အကြောင်းကိုဝန်ခံပြီး တောင်းပန်လာတယ်။ ဒါပေမယ့် တစ်ပတ်အတွင်းဘာမှထူးထူးခြားခြားပြောင်းလဲမလာဘူးဆိုရင်တော့ သူကခင်ဗျားကိုအချိန်ဆွဲနေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ သူ့ကိုယ်သူကာကွယ်ပြောဆိုတာမျိုးလုပ်ပြီး တစ်ပတ်အတွင်းဘာမှပြောင်းလဲမလာဘူးဆိုရင်တော့ ခင်ဗျားစိတ်ကိုပြတ်ပြတ်သားသားဆုံးဖြတ်ပြီး လမ်းခွဲစကားစပြောဖို့အချိန်ရောက်ပါပြီ။ ကံကောင်းရင် (ဒါမှမဟုတ်) ကံဆိုးရင် ခင်ဗျားမေးလိုက်တဲ့အချိန်မှာပဲ သူက လမ်းခွဲမယ့်အကြောင်းပြောချင်ပြောလာနိုင်ပါသေးတယ်။ ခံစားရပေမယ့် တစ်ခါတလေ အနာဆိုတာ စိမ်းနေတုံးအနာခံပြီး အပ်နဲ့ချုပ်လိုက်တာက အကျက်ပိုမြန်စေပါတယ်။

ခင်ဗျားက သူ့အကြောင်းကို သူ့မိဘကလွဲရင်အသိဆုံးလူတစ်ဦးဖြစ်နေနိုင်တော့ သူ့ရဲ့တုံ့ပြန်မှုတွေကိုသေချာလေ့လာအကဲခတ်ပါ။ အရမ်းကြီးခက်ခက်ခဲခဲကြီးလည်းမလိုပါဘူး။ သူတုံ့ပြန်လိုက်တဲ့ တုံ့ပြန်မှုတွေနဲ့ ပတ်သက်ပြီးခင်ဗျားဘယ်လိုခံစားရလဲဆိုတာကိုပဲ ခင်ဗျားကိုယ်ခင်ဗျားပြန်မေးပါ။ ဆက်စောင့်ကြည့်လို့အခြေအနေက တိုးတက်မလာဘူးဆိုရင်တော့ ကိုယ့်လမ်းကိုယ်ဆက်လျှောက်ဖို့ အချိန်ကျပါပြီ။ အေးအေးဆေးဆေးပဲ လမ်းခွဲပေးလိုက်ပါ။ ကမ္ဘာပေါ်မှာခင်ဗျားရဲ့ဖူးစာရှင်အစစ်အမှန်က တစ်နေရာရာမှာ ရှိနေဦးမှာပါ။



Source: Get-a-wingman

Share

Loading Next Article...
က္က