ကမ္ဘောဒီးယားမှာ backpacker ခရီးသွားတွေအတွက်လည်း ကုန်ကျစရိတ် နည်းနည်းနဲ့ သွားလို့ရမယ့် နေရာတွေ အများကြီး ကျန်ပါသေးတယ်။

တစ်ချိန်တုန်းက ကမ္ဘောဒီးယားနိုင်ငံကို ဘတ်ဂျက်ခရီးသွားတွေရဲ့ ဦးတည်ရာဒေသတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။ နိုင်ငံဆင်းရဲတာနဲ့ နိုင်ငံတွင်း ကုန်ဈေးနှုန်းထင်သလောက် မမြင့်မားတာက အရှေ့တောင်အာရှရဲ့ နေရောင်ခြည်ကို ခိုလှုံချင်တဲ့ ဥရောပတိုက်သားတွေအတွက် အကောင်းဆုံး ခရီးသွားဒေသတစ်ခု ဖြစ်ခဲ့ပါတယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာတာနဲ့အမျှ ကြယ် (၃) ပွင့်နဲ့ အထက် ဟိုတယ်ကြီးတွေပါ ပေါ်ပေါက်လာခဲ့ပြီး ဘတ်ဂျက်သမားတွေအတွက်ရော၊ ဇိမ်ခံလိုသူတွေအတွက်ပါ အဆင်ပြေခဲ့ပါတယ်။

 

ဒါပေမဲ့ backpacker ခရီးသွားတွေအတွက်လည်း ကုန်ကျစရိတ် နည်းနည်းနဲ့ သွားလို့ရမယ့် နေရာတွေ အများကြီး ကျန်ပါသေးတယ်။ ဒီတော့ ၂၀၁၈ ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာ ကမ္ဘောဒီးယား နိုင်ငံဘက်ကို ခရီးထွက်ဖို့ စိတ်ကူးနေတယ်ဆိုရင် ပိုက်ဆံဘယ်လောက် ထည့်သွားရမလဲ တွက်ချက်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်နော်။

ကမ္ဘောဒီးယားကို ရောက်ရင် Phnom Penh (ဖနွမ်းပင်) မြို့နဲ့ Siem Reap (ဆိုင်ရမ်ရိ) မြို့တို့ကိုတော့ မဖြစ်မနေ သွားသင့်ပါတယ်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာ ကမ္ဘောဒီးယားကို အလည်သွားမယ်ဆိုရင်တော့ နှစ်ရက်စာအတွက် ဘတ်ဂျက်ကုန်ကျစရိတ်ကို တွက်ချက်ရတော့မှာပါ။

 

ကမ္ဘောဒီးယားမှာ Low budget မိုတယ်လေးတွေရှိပြီး ရေချိုးခန်းမပါတဲ့ တစ်ယောက်ခန်းက တစ်ညမှ (၇) ဒေါ်လာပဲ ကျသင့်မှာပါ။ ရေချိုးခန်းပါမယ်ဆိုရင်တော့ တစ်ယောက်ခန်းတစ်ခန်းကို (၁၀) ဒေါ်လာခန့် ကျသင့်နိုင်ပါတယ်။ ခရီးသွားလုပ်ငန်းထဲမှာ အပြိုင်အဆိုင်တွေ များတာကြောင့် မိုတယ်တွေမှာတောင် အဲလ်ကွန်းနဲ့ ရေပူရေအေးစက်တောင် ပါဖို့များပါတယ်။

နိုင်ငံတစ်နိုင်ငံကို အလည်အပတ်သွားတယ်ဆိုတာ အဲဒီနိုင်ငံရဲ့ အစားအသောက်၊ နေထိုင်မှုပုံစံ၊ ယဉ်ကျေးမှုစတာတွေကို လေ့လာဖို့ပါပဲ။ အဲဒီလိုလေ့လာဖို့ဆိုတာလည်း လမ်းဘေးဆိုင်လေးတွေနဲ့ လမ်းဘေးယဉ်ကျေးမှုတွေမှာ စီးမျောတတ်မှ ယဉ်ကျေးမှုအရသာကို အကောင်းဆုံးထိတွေ့နိုင်မှာပါ။

 

ဒီတော့ ကမ္ဘောဒီးယားကိုရောက်ရင် လမ်းဘေးစာတွေကို စားကြည့်ဖို့ ကြိုးစားပါ။ အရသာရှိတဲ့ နယ်ခံအစားအစာတွေကို (၂) ဒေါ်လာဝန်းကျင်နဲ့ စားသုံးနိုင်သလို သတ္တိကောင်းတဲ့လူတွေဆိုရင် ကမ္ဘောဒီးယားရောက်ရင် စားကြည့်သင့်တဲ့ အစားအစာ အဆန်းကြီး တွေကိုတောင် မြည်းစမ်းကြည့်နိုင်ပါတယ်။

ဖနွမ်းပင်မြို့ရော၊ ဆိုင်ရမ်ရိမြို့ရောဟာ သေးငယ်တဲ့ မြို့လေးတွေဖြစ်ပြီး မြို့ထဲက အထင်ကရနေရာတွေမှာ လျှောက်သွားမယ်ဆိုရင် ခြေလျင်သွားနိုင်ပါတယ်။ ဒါမှမဟုတ် ဆိုင်ကယ်ကယ်ရီ စီးမယ်ဆိုရင်လည်း (၂) ဒေါ်လာ ဝန်းကျင်ခန့်ပဲ ကျသင့်မှာပါ။ ဈေးဆစ်တတ်ဖို့တော့ မမေ့နဲ့ပေါ့။

 

တစ်နေကုန်လည်ပတ်ပြီးမှ တစ်ခွက်၊ တစ်ဖလားလောက် မော့ချင်တယ်ဆိုရင်တော့ ဖနွမ်းပင်မြို့မှာဆိုရင် Riverside ဧရိယာနား၊ (၂၇၈) လမ်းနဲ့ (၁၇၂) လမ်းနားကို သွားနိုင်ပြီး Siem Reap မှာဆိုရင် Pub Street ဧရိယာနားကို သွားနိုင်ပါတယ်။ အဲဒီနေရာနားက ဘားတွေမှာ ဈေးသက်သာတဲ့ အရက်နဲ့ဘီယာတွေကို ရရှိနိုင်ပြီး ညနေ (၄) နာရီနဲ့ (၇) နာရီကြားမှာဆိုရင် happy hours (တစ်ခွက်သောက် တစ်ခွက်လက်ဆောင်) အစီအစဉ်တွေလည်း ရှိပါသေးတယ်။ အဲဒီအချိန်မှာဆိုရင် ဘီယာတစ်ခွက်ကို ဒေါ်လာဝက်လောက်ပဲ ကျသင့်နိုင်ပါတယ်။

ဖနွမ်းပင်နဲ့ ဆိုင်ရမ်ရိမြို့က အထင်ကရနေရာတွေကို ကြည့်လို့ဝပြီဆိုရင် လက်ဆောင်ပစ္စည်းလေးတွေကို ဝယ်လို့ရပါသေးတယ်။ ကမ္ဘောဒီးယားမှာ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်နှစ်ရက်ထဲ နေမယ်ဆိုရင် (လေယာဉ်လက်မှတ်ဖိုးမပါ) ဒေါ်လာ (၅၀) နဲ့ (၁၀၀) ကြားဆိုရင် ကောင်းကောင်းလောက်ငှပါတယ်။

Source: theculturetrip


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က