ဂျက်စင်ဒါဟာ ၁၈၅၆ ခုနှစ်နောက်ပိုင်း နယူးဇီလန်ရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်လည်းဖြစ်ပါတယ်။

နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်းက သူမရဲ့ ပထမဆုံးကလေးအဖြစ် သမီးလေးတစ်ဦးကို မွေးဖွားခဲ့ပါတယ်။

နယူးဇီလန်ဝန်ကြီးချုပ် တင်ထားသည့် Instagram ပို့စ်ကို တွေ့ရစဉ်



ဝန်ကြီးချုပ်ဂျက်စင်ဒါက ယနေ့ (ဇွန်လ ၂၁ ရက်) အစောပိုင်းမှာ အုတ်ကလန်မြို့ရှိ ဆေးရုံတစ်ရုံသို့တက်ရောက်ခဲ့ပြီး သမီးဦးလေးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ နယူးဇီလန်ဝန်ကြီးချုပ်ရဲ့သမီးလေးဟာ ၇.၃ ပေါင် ကိုယ်အလေးချိန်ရှိတယ်လို့ သိရပါတယ်။

နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါဟာ သမီးဦးလေး မွေးဖွားခဲ့ပြီးနောက် ယနေ့ခေတ်သစ်သမိုင်းတစ်လျှောက် တာဝန်ထမ်းဆောင်နေစဉ် ကလေးမွေးဖွားခဲ့တဲ့ ဒုတိယမြောက် ရွေးကောက်ခံခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ဂျက်စင်ဒါနှင့် လက်တွဲဖော်အမျိုးသား ကလက်ခ်



အသက် ၃၇ နှစ်အရွယ် လေဘာပါတီခေါင်းဆောင် ဂျက်စင်ဒါဟာ ၁၈၅၆ ခုနှစ်နောက်ပိုင်း နယူးဇီလန်ရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်လည်းဖြစ်ပါတယ်။ သမီးဦးလေးကို မွေးဖွားပြီးနောက် ဝန်ကြီးချုပ်ဂျက်စင်ဒါက ရက်သတ္တပတ်ခြောက်ပတ်ကြာ မီးဖွားခွင့်ယူမှာဖြစ်ပြီး သူမရဲ့ တာဝန်တွေကို လက်ထောက်ဝန်ကြီးချုပ် ဝင်စတန်ပီတာစ်ထံ လွှဲပြောင်းပေးထားပါတယ်။

မီးဖွားခွင့်ယူထားပေမဲ့လည်း ဂျက်စင်ဒါက အရေးကြီးတဲ့ကိစ္စတွေကို အကြံပေးသွားမှာဖြစ်ပြီး အစိုးရအဖွဲ့ အစီရင်ခံစာတွေကိုလည်း ပုံမှန်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်ဂျက်စင်ဒါရဲ့ သမီးဦးလေးကို ယနေ့မနက် ဒေသစံတော်ချိန် ၄ နာရီ ၄၅ မိနစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

လေဘာပါတီခေါင်းဆောင်ဖြစ်ခဲ့သည့် ဂျက်စင်ဒါ



ဂျက်စင်ဒါက သမီးဦးလေး မွေးဖွားခဲ့တဲ့သတင်းကို ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပြီး သူမဟာ အလွန်ကံကောင်းတယ်လို့ ခံစားခဲ့ရကြောင်းနဲ့ ဆေးရုံဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်းလည်း ပြောခဲ့ပါတယ်။

ယမန်နှစ် အောက်တိုဘာလမှာ နယူးဇီလန်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံခဲ့ရတဲ့ ဂျက်စင်ဒါက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း သူမနဲ့ အတူနေလက်တွဲဖော် ကလက်ခ်ဂေးဖော့ဒ်တို့ ကလေးတစ်ဦးရရှိတော့မယ်လို့ ကြေညာခဲ့ပါတယ်။

ဂျက်စင်ဒါဟာ လေဘာပါတီခေါင်းဆောင်အဖြစ် သြဂုတ် ၁ ရက်မှာ တင်မြှောက်ခံခဲ့ရပြီးနောက် ၃ လအတွင်းမှာပင် နယူးဇီလန်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

ဂျက်စင်ဒါ အာဒန်းရဲ့ အချက်အလက်အချို့

- ဆယ်ကျော်သက်အရွယ်ကတည်းက လက်ဝဲဝါဒီ နိုင်ငံရေးနယ်ပယ်မှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဗြိတိန်မှာ ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲရဲ့ မူဝါဒဆိုင်ရာ အကြံပေးအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။

- ၂၀၀၈ ခုနှစ်က အသက် ၂၈ နှစ်အရွယ်ဖြင့် လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။

- ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၃၁ ရက်မှာ လေဘာပါတီခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။

- ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း သာတူညီမျှဖြစ်မှု၊ ဈေးနှုန်းသင့်တင့်တဲ့ နေအိမ်များဆောက်လုပ်မှု၊ ကျောင်းသားများကြွေးမြီကိစ္စရပ်တွေကို ဦးစားပေးဆောင်ရွက်မယ်လို့ ပြောဆိုခဲ့ပါတယ်။

- အမျိုးသမီးဝါဒနဲ့ စိတ်ကျန်းမာရေးတို့နဲ့ ပတ်သက်ပြီး ထိန်းသိမ်းမှုမရှိဘဲ ပြေဆိုတတ်သူလို့ ဆိုပါတယ်။

- Mormon ဘာသာရေးဂိုဏ်းဝင် ဖြစ်ခဲ့ဖူးပေမဲ့ လိင်တူချင်း လက်ထပ်ထိမ်းမြားမှုကို အဆိုပါဂိုဏ်းက လက်မခံတာကြောင့် နုတ်ထွက်သူ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က