စစ်တပ်အမှုထမ်းတွေ မဟုတ်ကြသလို ကြေးစားရေငုပ်သမားတွေလည်း မဟုတ်ကြပါဘူး။

ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲမှာ ပျောက်ဆုံးနေခဲ့တဲ့ ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ ဘောလုံးအသင်း နည်းပြတို့ကို ဇူလိုင် ၂ ရက် ညပိုင်းအချိန်က ပြန်ရှာတွေ့ခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ ထိုင်းလူငယ်အုပ်စုကို ရှာဖွေကယ်ဆယ်ရေးမှာ ပူးပေါင်းကူညီနေတဲ့ ဗြိတိန်မှ ရေငုပ်သမားနှစ်ဦးက စတင်တွေ့ရှိခဲ့ကြပါတယ်။

ဗြိတိန်ရေငုပ်သမားနှစ်ဦးဖြစ်သည့် ရစ်ချတ်နှင့် ဂျွန် (မျက်မှန်တပ်ထားသူ)




ဂူထဲမှာ ၉ ရက်ကြာပျောက်ဆုံးနေခဲ့ပြီးနောက် ၁၀ ရက်မြောက်နေ့ ညပိုင်းမှာ ထိုင်းလူငယ်အုပ်စုကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ ရေငုပ်သမားနှစ်ဦးဟာ စစ်တပ်အမှုထမ်းတွေ မဟုတ်ကြသလို ကြေးစားရေငုပ်သမားတွေလည်း မဟုတ်ကြပါဘူး။ ၎င်းတို့နှစ်ဦးဟာ ဗြိတိန်မှ လာရောက်ကူညီကြတဲ့ စေတနာ့ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်ရှိ ရေကြီးနေတဲ့ Tham Luang ဂူထဲမှာ ၉ ရက်ကြာ ပိတ်မိနေခဲ့ကြတဲ့ လူငယ်အုပ်စုကို အဆိုပါ ဗြိတိန်ရေငုပ်သမားနှစ်ဦးက စတင်တွေ့ရှိခဲ့ကြပြီး လူငယ်လေးတွေက ၎င်းတို့နှစ်ဦးကို "ဘယ်ကလာတာလဲ" လို့ မေးခဲ့ကြပါတယ်။

ရေငုပ်ဝတ်စုံနှင့်အတူ တွေ့ရသည့် ရစ်ချတ်နှင့်ဂျွန်



ရေငုပ်သမားတစ်ဦးက "အင်္ဂလန်၊ ယူကေ" လို့ ပြန်ဖြေခဲ့ပါတယ်။ ထိုင်းလူငယ်အုပ်စုကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ ရေငုပ်သမားနှစ်ဦးဟာ British Cave Rescue Council (BCRC) အဖွဲ့အစည်းကနေ လာရောက်ကူညီကြတဲ့ အဖွဲ့ဝင်သုံးဦးပါအဖွဲ့မှ ဖြစ်ပါတယ်။ ၎င်းတို့က ထိုင်းရေတပ်အထူးတပ်ဖွဲ့နဲ့ အတူ ဂူအတွင်း ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေစဉ် လူငယ်အုပ်စုကို ပထမဆုံး တွေ့ရှိခဲ့ကြသူတွေ ဖြစ်ပါတယ်။

ထိုင်းရေတပ်က ဇူလိုင် ၄ ရက်မှာ ထုတ်ပြန်ခဲ့သည့် ဗီဒီယိုမှာတွေ့ရသည့် ဂူအတွင်းမှ လူငယ်အုပ်စု



ထိုင်းလူငယ်တွေကို စတင်တွေ့ရှိတဲ့ ဗီဒီယိုမှတ်တမ်းအတွင်း ဗြိတိန်ရေငုပ်သမားနှစ်ဦးနဲ့ အပြန်အလှန် စကားပြောဆိုကြတာကို မြင်တွေ့ကြားသိခဲ့ရပါတယ်။ အဆိုပါ ဗီဒီယိုကို ထိုင်းရေတပ်အထူးတပ်ဖွဲ့ရဲ့ Facebook page မှာ လွှင့်တင်ထားခဲ့ပါတယ်။

လက်ရှိမှာ Tham Luang ဂူအတွင်း ပြန်ရှာတွေ့ခဲ့ပြီဖြစ်တဲ့ ထိုင်းလူငယ်အုပ်စုကို ဂူအပြင်သို့ ပြန်ခေါ်ထုတ်နိုင်ရန် အစီအစဉ်များ ရေးဆွဲနေပြီး ဂူအတွင်း ရေကြီးနေမှုကြောင့် သွားလာရန်ခက်ခဲနေရာ ရေပြန်ကျသွားမယ့် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလအထိ အဆိုပါလူငယ်များ ဂူထဲမှာပင် စောင့်ဆိုင်းရနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဂူထဲမှာ ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့သည့် ထိုင်းလူငယ်ဘောလုံးအသင်း



၎င်းတို့ထံသို့ ၄ လစာအတွက် လုံလောက်အတဲ့ အစားအစာများ ပို့ဆောင်ထားပြီး ဆရာဝန်နဲ့ သူနာပြုများလည်း ရောက်ရှိခဲ့ပြီလို့ သိရပါတယ်။ ထိုင်းလူငယ်အုပ်စုကို ဂူအတွင်းမှရေများ ပြန်ကျသွားမယ့် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလမတိုင်မီ ဂူအပြင်သို့ပြန်ခေါ်ထုတ်ပါက ၎င်းတို့ဟာ ရေငုပ်နည်းသင်ကြားရမှာ ဖြစ်ပါတယ်။

Wild Boar လူငယ်ဘောလုံးအသင်းမှ အသက် ၁၁ နှစ်မှ ၁၆ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြတို့ဟာ ဇွန်လ ၂၃ ရက်မှာ Tham Luang ဂူအတွင်း ဝင်ရောက်သွားခဲ့ကြပြီးနောက် ပျောက်ဆုံးနေခဲ့ပါတယ်။

Tham Luang ဂူအတွင်း မြင်ကွင်းတစ်ခု



၎င်းတို့အုပ်စု ဝင်ရောက်သွားခဲ့ပြီးနောက် ဂူအတွင်း ရေကြီးလာခဲ့ရာက ပြန်မထွက်နိုင်ဖြစ်ကာ ပိတ်မိနေခဲ့ကြတာလည်း ဖြစ်ပါတယ်။ အဆိုပါ ဂူအတွင်းသို့ မိုးရာသီကာလမှာ ရေများစီးဝင်လေ့ရှိပြီး ရေကြီးနစ်မြုပ်လေ့ရှိတာကြောင့် ထိုကာလအတွင်း ဂူအတွင်း ဝင်ရောက်ခြင်းကို တားမြစ်ထားတယ်လို့ ဆိုပါတယ်။

စေတနာ့ဝန်ထမ်း ဗြိတိန်ရေငုပ်သမားနှစ်ဦး

စေတနာ့ဝန်ထမ်း ရေငုပ်သမားနှစ်ဦးဟာ အသက် ၄၇ နှစ်အရွယ် ဂျွန်ဗိုလန်သန်းနဲ့ အသက် ၅၆ နှစ်အရွယ် ရစ်ချတ်စတန်တန်တို့ ဖြစ်ကြတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

ထိုင်းလူငယ်အုပ်စုကို ပထမဆုံး တွေ့ရှိခဲ့တဲ့ ရေငုပ်သမားနှစ်ဦးအနက် ဂျွန်က ဘရစ္စတိုးလ်မှာနေထိုင်တဲ့ အင်တာနက်ပညာရှင်ဖြစ်ပြီး လှိုဏ်ဂူအတွင်း ကယ်ဆယ်ရေးလုပ်ငန်း အကျွမ်းကျင်ဆုံးသူတွေအနက် တစ်ဦးလည်းဖြစ်ပါတယ်။

ရေငုပ်ကျွမ်းကျင်သူ၊ အင်တာနက်ပညာရှင်နှင့် ခရီးရှည် မာရာသွန် အပြေးသမား ဂျွန်



၎င်းဟာ ကင်းထောက်ယောက်ျားလေး အရွယ်ကတည်းက ရေငုပ်ခဲ့သူဖြစ်ပြီး ရေငုပ်သမားအပြင် ခရီးရှည်မာရသွန် အပြေးသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်အတွင်း Sunday Times နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရေငုပ်သမားဂျွန်က လှိုဏ်ဂူအတွင်း ရေငုပ်ရာမှာ ထိတ်လန့်တုန်လှုပ်မှုနဲ့ စိတ်လှုပ်ရှားမှု မဖြစ်သင့်ဘဲ စိတ်အေးအေးထားရန် လိုအပ်တယ်လို့ ပြောခဲ့ဖူးပါတယ်။

ဗြိတိန်နန်းတော်ရဲ့ ဂုဏ်ထူးဆောင် MBE ဘွဲ့ရ မီးသတ်သမားတစ်ဦးဖြစ်သည့် ရစ်ချတ်



နောက်ထပ် ဗြိတိန်ရေငုပ်သမား ရစ်ချတ်ကတော့ ကိုဗင်ထရီမှ မီးသတ်သမားတစ်ဦးပဲ ဖြစ်ပါတယ်။ ရစ်ချတ်ဟာ အသက် ၁၈ နှစ်အရွယ်ကတည်းက ရေငုပ်ခဲ့သူဖြစ်ပြီး ၎င်းရဲ့ ကယ်ဆယ်ရေးဆောင်ရွက်မှုတွေကြောင့် ဗြိတိန်နန်းတော်က ဂုဏ်ပြုချီးမြှင့်တဲ့ MBE ဘွဲ့ရရှိထားပါတယ်။

ရစ်ချတ်ရဲ့ အကြီးမားဆုံး ကယ်ဆယ်ရေးဆောင်ရွက်ချက်မှာ မက္ကစီကိုနိုင်ငံရှိ ဂူတစ်ခုအတွင်း ပိတ်မိခဲ့ကြတဲ့ ဗြိတိသျှစစ်သား ခြောက်ဦးကို ကယ်ဆယ်ခဲ့မှုဖြစ်တယ်လို့ ဒေသခံသတင်းစာကို ၂၀၁၂ ခုနှစ်မှာ ပြောခဲ့ပါတယ်။

ရစ်ချတ်နဲ့ဂျွန်တို့ဟာ ၂၀၁၀ ခုနှစ်မှာလည်း ပြင်သစ်တောင်ပိုင်း Ardeche ဒေသရှိ လှိုဏ်ဂူတစ်ခုထဲမှာ ပိတ်မိနေခဲ့တဲ့ ပြင်သစ်လှိုဏ်ဂူလေ့လာရေးသမား အဲရစ် အက်စ်တက်ဘ်လီကို ရှာဖွေကယ်ဆယ်ရေးမှာ ပါဝင်ကူညီခဲ့ကြဖူးပါတယ်။ အဆိုပါ လှိုဏ်ဂူလေ့လာရေးသမားရဲ့ အလောင်းကို ၎င်းပျောက်ဆုံးသွားပြီး ၈ ရက်အကြာမှာ ပြန်ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

ရစ်ချတ် (ဝဲဘက်မှ)၊ ရောဘတ် (အလယ်) နှင့် ဂျွန်တို့ကို ဂူအနီးမှာ တွေ့ရစဉ်



ဗြိတိန် ရေငုပ်သမားနှစ်ဦးဟာ ၂၀၁၁ ခုနှစ်ကလည်း ဂူအတွင်း အချိန်အကြာဆုံးရေငုပ်မှု ကမ္ဘာ့စံချိန်အဖြစ် စပိန်နိုင်ငံရှိ Pozo Azul ဂူအတွင်း ရေငုပ်ခဲ့ကြတဲ့အဖွဲ့မှာ ပါဝင်ခဲ့ကြပါတယ်။ ၎င်းတို့နှစ်ဦးလုံးဟာ South and Mid Wales Cave Rescue Team ရဲ့ စေတနာ့ဝန်ထမ်းတွေ ဖြစ်ကြပါတယ်။

ထိုင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း BCRC ထံ ဆက်သွယ်ပြီး အကူအညီတောင်းခဲ့ကြပါတယ်။ BCRC က အတွေ့အကြုံရှိတဲ့ ရေငုပ်သမားသုံးဦးကို ကူညီပေးရန် စေလွှတ်ခဲ့ကြောင်း ပြောခဲ့ပါတယ်။

ယခု ထိုင်းလူငယ်အုပ်စုကို ဂူအတွင်း စတင်တွေ့ရှိခဲ့ကြတဲ့ ဂျွန်နဲ့ခရစ်ခ်တို့ဟာ အခြား ရေငုပ်သမားဖြစ်သူ ရောဘတ် ချားလစ်ဟာပါးနဲ့အတူ မယ်ဆိုင်ကိုရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က