သုံးလအရွယ် သမီးငယနဲ့အတူ ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်လာခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်းက ယခုသီတင်းပတ်အတွင်း ကုလသမဂ္ဂအထွေထွေညီလာခံကို နို့စို့အရွယ် သူမရဲ့ကလေးငယ်နဲ့အတူ တက်ရောက်လာတဲ့ ပထမဆုံး အမျိုးသမီး နိုင်ငံ့ခေါင်းဆောင်အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ကုလသမဂ္ဂမှာ မိန့်ခွန်းပြောနေသည့် ဂျက်စင်ဒါအာဒန်း (Photo: TIME)

နယူးဇီလန်ဝန်ကြီးချုပ်ဂျက်စင်ဒါက ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ရန်အတွက် လက်တွဲဖော်အမျိုးသား ကလာ့ခ်ဂေးဖော့ဒ်၊ သုံးလအရွယ် သမီးငယ်နီဗီတီအာရိုဟာတို့နဲ့အတူ နယူးယော့ခ်ကို ရောက်ရှိလာခဲ့ပါတယ်။

ဂျက်စင်ဒါက စက်တင်ဘာ ၂၄ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နယ်လ်ဆင်မင်ဒဲလား ငြိမ်းချမ်းရေးညီလာခံမှာ မိန့်ခွန်းပြောကြားစဉ် သမီးငယ်နီဗီက ရှေ့ဆုံးတန်းတစ်နေရာကနေ ဂေးဖော့်ဒ်ရဲ့ပေါင်ပေါ်မှာထိုင်ရင်း ပါဝင်တက်ရောက်ခဲ့ပါတယ်။

ဂျက်စင်ဒါ မိန့်ခွန်းပြောနေစဉ် တွေ့ရသည့် သမီးလေးနီဗီနဲ့ ဂေးဖော့ဒ် (Photo: CNN)

"ကျွန်မက အလုပ်ခွင်ကို ကျွန်မရဲ့ကလေး ခေါ်လာခွင့်ရှိပါတယ်၊ ဒါမျိုးလုပ်နိုင်တဲ့နေရာ အများအပြား မရှိပါဘူး" လို့ နယူးဇီလန်ဝန်ကြီးချုပ်က ပြောပါတယ်။

ဝန်ကြီးချုပ်ဂျက်စင်ဒါရဲ့ လက်တွဲဖော်အမျိုးသား ဂေးဖော့ဒ်ကလည်း သမီးဖြစ်သူနီဗီအတွက် ထုတ်ပေးထားတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ဝင်ခွင့်ကတ်ပြားဓာတ်ပုံကို ၎င်းရဲ့ Twitter မှာ စက်တင်ဘာ ၂၄ ရက်နေ့က တင်ခဲ့ပါသေးတယ်။

ဂျက်စင်ဒါရဲ့သမီးလေးအတွက် ကုလသမဂ္ဂ ဝင်ခွင့်ကတ်ပြား (Photo: Clarke Gayford)

အဆိုပါကတ်ပြားမှာ ကလေးရဲ့အမည်နဲ့အတူ 'first baby' လို့ ဖော်ပြထားတာလည်း တွေ့ရပါတယ်။ အသက် ၃၈ နှစ်အရွယ် ဂျက်စင်ဒါဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ နယူးဇီလန်ရဲ့ တတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်နဲ့ ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီးနိုင်ငံ့ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

Photo: AFP

ယခုနှစ် ဇွန်လအတွင်း သမီးလေးမွေးဖွားခဲ့ပြီးနောက် ဂျက်စင်ဒါဟာ တာဝန်ထမ်းဆောင်နေစဉ် ကလေးမွေးဖွားခဲ့တဲ့ ဒုတိယမြောက် နိုင်ငံ့ခေါင်းဆောင်လည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကလေးမွေးဖွားခဲ့တဲ့ ပထမဆုံးအမျိုးသမီးမှာ ပါကစ္စတန်ဝန်ကြီးချုပ် ဘနာဇီယာဘူတိုဖြစ်ကြောင်း သိရပါတယ်။

Photo: Reuters

နယူးဇီလန်ဝန်ကြီးချုပ်ဂျက်စင်ဒါက ယမန်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် တစ်ပတ်အတွင်းမှာ ကိုယ်ဝန်ရှိနေကြောင်း သိခဲ့ရတယ်လို့ ဆိုပါတယ်။ ဂျက်စင်ဒါက ကလေးမွေးဖွားပြီးနောက် တစ်လွဲအကြာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း နိုင်ငံ့ခေါင်းဆောင်တာဝန်တွေကို ပြန်လည်ထမ်းဆောင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က