စက်တင်ဘာ ၂၅ ရက်နေ့မှာ ပြင်သစ်ကနေ ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးသွားခဲ့ပါတယ်။

ပြင်သစ်ရဲတပ်ဖွဲ့က နိုင်ငံတကာရဲတပ်ဖွဲ့အကြီးအကဲ မန်ဟောင်ဝေ ပျောက်ဆုံးနေမှုကို စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။ နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol - အင်တာပိုလ်) အကြီးအကဲ မန်ဟောင်ဝေဟာ ပြင်သစ်ကနေ ၎င်းရဲ့မွေးရပ်မြေ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီးနောက် ပျောက်ဆုံးနေတာလည်း ဖြစ်ပါတယ်။

အင်တာပိုလ်အကြီးအကဲ မန်ဟောင်ဝေ (Photo: SCMP)





မန်ဟောင်ဝေဟာ စက်တင်ဘာ ၂၅ ရက်နေ့မှာ ပြင်သစ်ကနေ ထွက်ခွာသွားပြီးနောက် အဆက်အသွယ်မရဘဲ ဖြစ်နေခဲ့ရာ ၎င်းရဲ့ဇနီးက အင်တာပိုလ်ဌာနချုပ်တည်ရှိတဲ့ ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့ရှိ ရဲတပ်ဖွဲ့ထံ ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

အနောက်အုပ်စု စုံစမ်းရေးမှူးတွေရဲ့ ကနဦး ထောက်လှမ်းယူဆချက်အရ အင်တာပိုလ်အကြီးအကဲ မန်ဟောင်ဝေဟာ တရုတ်အာဏာပိုင်တွေနဲ့ ပြဿနာတစ်ခုခု ဖြစ်ခဲ့ပြီးနောက် ထိန်းသိမ်းခံခဲ့ရတယ်လို့ စုံစမ်းစစ်ဆေးမှုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မန်ဟောင်ဝေ ပျောက်ဆုံးနေမှုကို အင်တာပိုလ်က သတင်းထုတ်ပြန်ထားမှု (Photo: Interpol/Twitter)



လတ်တလော နှစ်များအတွင်း တရုတ်အစိုးရ ထိပ်တန်းအရာရှိအချို့ဟာ အကြောင်းပြချက်မရှိဘဲ ပျောက်ဆုံးခဲ့ဖူးပါတယ်။ ထိုသို့ ပျောက်ဆုံးပြီးနောက် သီတင်းပတ်အကြာ သို့မဟုတ် လနဲ့ချီကြာပြီးမှသာ အဆိုပါ အရာရှိတွေကို အဂတိလိုက်စားမှုဖြင့် စစ်ဆေးနေကြောင်း အစိုးရက ထုတ်ပြန်ကြေညာလေ့ရှိပါတယ်။

အသက် ၆၄ နှစ်အရွယ် အင်တာပိုလ်အကြီးအကဲ မန်ဟောင်ဝေဟာ တရုတ်ကိုရောက်ရှိပြီး မကြာမီမှာပင် စစ်ဆေမေးမြန်းရန် ခေါ်ဆောင်သွားခံရကြောင်း၊ သို့သော် မည်သည့်အတွက်ကြောင့် ဖြစ်ကြောင်းကိုမူ ရှင်းလင်းစွာ မသိရကြောင်း ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းဌာနက အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံ အများပြည်သူလုံခြုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မန်ဟောင်ဝေ (Photo: Xinhua)



အင်တာပိုလ် (နိုင်ငံတကာရဲတပ်ဖွဲ့) ကို ကမ္ဘာ့နိုင်ငံ ၁၉၂ နိုင်ငံမှ ရဲတပ်ဖွဲ့များဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ပုံမှန်အားဖြင့် ပျောက်ဆုံးနေသူတွေ သို့မဟုတ် ရာဇဝတ်ပြစ်မှုအတွက် အလိုရှိနေသူတွေကို နိုင်ငံဖြတ်ကျော် ရှာဖွေရေးကို အဓိက ဆောင်ရွက်လေ့ရှိကြောင်း သိရပါတယ်။

ပြင်သစ်ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တွေက ယခုဖြစ်ရပ်ဟာ စိုးရိမ်ဖွယ်ရာ လူပျောက်ဆုံးမှုဖြစ်တယ်လို့ Reuters သတင်းဌာနကို ပြောပါတယ်။ မန်ဟောင်ဝေ ပျောက်ဆုံးနေမှုဟာ ပြင်သစ်နဲ့ တရုတ်နိုင်ငံရှိ အာဏာပိုင်တွေနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တစ်ခု ဖြစ်တယ်လို့ အင်တာပိုလ်က ထုတ်ပြန်ပါတယ်။

ြ့ပင်သစ်နိုင်ငံ လိုင်ယွန်မြို့ရှိ အင်တာပိုလ်ဌာနချုပ် (Photo: Interpol)



အင်တာပိုလ်အကြီးအကဲ တာဝန်ထမ်းဆောင်ရသူဟာ မိခင်နိုင်ငံရဲ့ ရဲတပ်ဖွဲ့မှာလည်း ရာထူးတာဝန် ဆက်လက် ထမ်းဆောင်ရတယ်လို့ ဆိုပါတယ်။ ထိုမူဝါဒအရ မန်ဟောင်ဝေကိုလည်း တရုတ်နိုင်ငံရဲ့ အများပြည်သူ လုံခြုံရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဒုတိယဝန်ကြီးအဖြစ် ဆက်လက် ဖော်ပြထားဆဲဖြစ်ပါတယ်။

သို့သော် မန်ဟောင်ဝေဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်း တရုတ်ကွန်မြူနစ်ပါတီမှ ၎င်းရဲ့ရာထူးကို လက်လွှတ်ခဲ့ရကြောင်း South China Morning Post သတင်းက ပြောပါတယ်။ တရုတ်အစိုးရကတော့ မန်ဟောင်ဝေ ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

၎င်းဟာ ရဲတပ်ဖွဲ့လုပ်ငန်းတွေမှာ နှစ်ပေါင်း ၄၀ နီးပါး အတွေ့အကြုံရှိသူဖြစ်ပြီး ဥပဒေရေးရာများ၊ မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးတို့မှာ ကောင်းစွာလုပ်ဆောင်နိုင်သူ ဖြစ်တယ်လို့ အင်တာပိုလ်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ မန်ဟောင်ဝေဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၀ ခုနှစ်အထိ အင်တာပိုလ်အကြီးအကဲအဖြစ် တာဝန်ယူထားကြောင်း သိရပါတယ်။

- နောက်ဆက်တွဲသတင်းဖတ်ရှုရန်

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က