ပြင်သစ်ကနေ တရုတ်နိုင်ငံသို့သွားရောက်စဉ်အတွင်း ပျောက်ဆုံးသွားခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့ နိုင်ငံတကာရဲတပ်ဖွဲ့ အကြီးအကဲ မန်ဟောင်ဝေကို လာဘ်ယူခဲ့ကြောင်း သံသယရှိမှုဖြင့် ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမေးမြန်းနေတယ်လို့ တရုတ်နိုင်ငံ လာဘ်စားမှုတိုက်ဖျက်ရေး အာဏာပိုင်တွေက ယမန်နေ့ (အောက်တိုဘာ ၇ ရက်) နှောင်းပိုင်းမှာ အတည်ပြု ပြောကြားလိုက်ပါတယ်။



တရုတ်မှာ ထိန်းသိမ်းခံရသည့် အင်တာပိုလ် အကြီးအကဲ မန်ဟောင်ဝေ (Photo: Reuters)



မန်ဟောင်ဝေဟာ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ် - Interpol) အကြီးအကဲအဖြစ် ဆောင်ရွက်နေသလို တရုတ်အစိုးရရဲ့ အများပြည်သူလုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသူ ဖြစ်ပါတယ်။

၎င်းဟာ အင်တာပိုလ်ဌာနချုပ် တည်ရှိရာ ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့ကနေ တရုတ်နိုင်ငံသို့သွားရောက် စက်တင်ဘာ ၂၅ ရက်မှာ ထွက်ခွာသွားခဲ့ပြီးနောက် အားလုံးနဲ့အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးနေခဲ့ပါတယ်

မန်ဟောင်ဝေနဲ့ ဇနီးတို့ ဆက်သွယ်ခဲ့သည့် နောက်ဆုံး မက်ဆေ့ချ် (Photo: AFP)



ယခုအခါမှာတော့ တရုတ်အစိုးရ လာဘ်စားမှုတိုက်ဖျက်ရေး အာဏာပိုင်တွေက "အများပြည်သူလုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မန်ဟောင်ဝေကို ဥပဒေချိုးဖောက်မှုများအတွက် သံသယရှိတာကြောင့် National Supervisory Commission က စုံစမ်းစစ်ဆေးနေတယ်" လို့ ၎င်းတို့ရဲ့ဝက်ဘ်ဆိုက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အင်တာပိုလ်က အဖွဲ့အစည်းရဲ့ အကြီးအကဲ မန်ဟောင်ဝေ ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး တရုတ်အစိုးရထံ ရှင်းလင်းချက်တောင်းခံခဲ့ကြောင်း သောကြာနေ့ (အောက်တိုဘာ ၅ ရက်) မှာ ပြောထားခဲ့ပါတယ်။ တရုတ်အစိုးရရဲ့ ယမန်နေ့ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အင်တာပိုလ်က မှတ်ချက်တစ်စုံတရာ ပြောကြားခြင်းမရှိသေးပါဘူး။

မန်ဟောင်ဝေရဲ့ဇနီးနဲ့ ပြင်သစ်မှ တာဝန်ရှိသူများ (လုံခြုံရေးအတွက် သူမရဲ့ မျက်နှာကို မဖော်ပြစေခဲ့ပါဘူး) (Photo: AFP)



အနောက်အုပ်စု စုံစမ်းရေးမှူးတွေကတော့ အသက် ၆၄ နှစ်အရွယ် အင်တာပိုလ်အကြီးအကဲ မန်ဟောင်ဝေဟာ တရုတ်အာဏာပိုင်တွေနဲ့ ပြဿနာတစ်ခုခု ဖြစ်ခဲ့ပြီးနောက် ထိန်းသိမ်းခံခဲ့ရတယ်လို့ အစောပိုင်းကတည်းက ကောက်ချက်ချထားခဲ့ကြပါတယ်။

လတ်တလော နှစ်များအတွင်း တရုတ်အစိုးရ ထိပ်တန်းအရာရှိအချို့ဟာ အကြောင်းပြချက်မရှိဘဲ ပျောက်ဆုံးခဲ့ဖူးပါတယ်။ ထိုသို့ ပျောက်ဆုံးပြီးနောက် သီတင်းပတ်အကြာ သို့မဟုတ် လနဲ့ချီကြာပြီးမှသာ အဆိုပါ အရာရှိတွေကို အဂတိလိုက်စားမှုဖြင့် စစ်ဆေးနေကြောင်း အစိုးရက ထုတ်ပြန်ကြေညာလေ့ရှိပါတယ်။

တရုတ်သမ္မတရှီကျင်းပင် (Photo: Xinhua)



အင်တာပိုလ်အကြီးအကဲ တာဝန်ထမ်းဆောင်ရသူဟာ မိခင်နိုင်ငံရဲ့ ရဲတပ်ဖွဲ့မှာလည်း ရာထူးတာဝန် ဆက်လက် ထမ်းဆောင်ရတယ်လို့ ဆိုပါတယ်။ ထိုမူဝါဒအရ မန်ဟောင်ဝေကိုလည်း တရုတ်နိုင်ငံရဲ့ အများပြည်သူ လုံခြုံရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဒုတိယဝန်ကြီးအဖြစ် ဆက်လက် ဖော်ပြထားဆဲဖြစ်ပါတယ်။

သို့သော် မန်ဟောင်ဝေဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်း တရုတ်ကွန်မြူနစ်ပါတီမှ ၎င်းရဲ့ရာထူးကို လက်လွှတ်ခဲ့ရကြောင်း South China Morning Post သတင်းက ပြောပါတယ်။ မန်ဟောင်ဝေဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၀ ခုနှစ်အထိ အင်တာပိုလ်အကြီးအကဲအဖြစ် တာဝန်ယူထားကြောင်း သိရပါတယ်။

ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့ရှိ အင်တာပိုလ်ဌာနချုပ် (Photo: Interpol)



၎င်းဟာ ရဲတပ်ဖွဲ့လုပ်ငန်းတွေမှာ နှစ်ပေါင်း ၄၀ နီးပါး အတွေ့အကြုံရှိသူဖြစ်ပြီး ဥပဒေရေးရာများ၊ မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးတို့မှာ ကောင်းစွာလုပ်ဆောင်နိုင်သူ ဖြစ်တယ်လို့ အင်တာပိုလ်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အင်တာပိုလ် (နိုင်ငံတကာရဲတပ်ဖွဲ့) ကို ကမ္ဘာ့နိုင်ငံ ၁၉၂ နိုင်ငံမှ ရဲတပ်ဖွဲ့များဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ပုံမှန်အားဖြင့် ပျောက်ဆုံးနေသူတွေ သို့မဟုတ် ရာဇဝတ်ပြစ်မှုအတွက် အလိုရှိနေသူတွေကို နိုင်ငံဖြတ်ကျော် ရှာဖွေရေးကို အဓိက ဆောင်ရွက်လေ့ရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က