မန်ချက်စတာစီးတီးအသင်းရဲ့ကြယ်ပွင့်ကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းက ချယ်ဆီးအသင်းကနေ ထွက်ခွာခဲ့ရတဲ့ အကြောင်းအရင်းမှန်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီဘရိုင်းဟာ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ရှိခဲ့စဉ်အချိန်တုန်းက နည်းပြမော်ရင်ဟိုရဲ့ နှစ်သက်ခြင်းကို မခံခဲ့ရသူဖြစ်ပြီး ပွဲထွက်ခွင့် ကန့်သတ်ခံခဲ့ရသူဖြစ်ပါတယ်။
Photos: 90min
ယခုလက်ရှိအချိန်မှာတော့ ဥရောပရဲ့အကောင်းဆုံးကွင်းလယ်ဖန်တီးရှင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်နေပြီဖြစ်တဲ့ ကီဗင်ဒီဘရိုင်းဟာ ချယ်ဆီးအသင်းမှာ ကစားခဲ့စဉ်က နည်းပြမော်ရင်ဟိုရဲ့လက်အောက်မှာ ဆိုးရွားတဲ့နေ့ရက်တွေကို ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းရဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ 'All or Nothing'မှာ ချယ်ဆီးအသင်းကနေ ပေါင် ၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဒီဘရိုင်းက လန်ဒန်မှာ နေခဲ့စဉ်က နည်းပြမော်ရင်ဟိုဟာ ၎င်းရဲ့အဓိကပြဿနာတစ်ခုဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ပေါ့ဂ်ဘာကို စိတ်ပျက်အောင် လုပ်လိုက်တဲ့ ဂျာမန်တတိယတန်းအသင်း
ချယ်ဆီးအသင်းမှာ ၂ ရာသီကြာ ပွဲကစားခွင့်အတွက် ရုန်းကန်ခဲ့ရပြီးနောက် ဒီဘရိုင်းဟာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့အတွက် ၂၀၁၄ ခုနှစ်မှာ ဝုဖ်ဘတ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။
"ချယ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တုန်းက ကျွန်တော့်အသက် ၂၀ ပဲ ရှိပါသေးတယ်။ ပထမမှာတော့ ပွဲအနည်းငယ် ကျွန်တော် ကစားခွင့်ရရှိခဲ့တယ်။ အဲဒီတော့ ကျွန်တော် တွေးခဲ့မိတယ်။ ဟုတ်ပြီ၊ အခြေအနေတွေကတော့ အေးဆေးပဲ။ ငါ ကောင်းကောင်းကစားတယ်၊ ပွဲတွေ အနိုင်ရရှိခဲ့တယ်"
"ဒါပေမယ့် တစ်နေ့မှာတော့ အဲဒါတွေက ရပ်တန့်သွားခဲ့တယ်။ ကျွန်တော် သိနေခဲ့တယ်။ အဲဒီအချိန်မှာ သည်းခံနိုင်စိတ်အလုံအလောက်မရှိတော့ဘူး။ ဇန်နဝါရီလမှာ ကျွန်တော် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တယ်"လို့ ပြောကြားခဲ့ပါတယ်။
Photos: Metro
လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို နည်းပြနေတဲ့ နည်းပြမော်ရင်ဟိုဟာ ချယ်ဆီးအသင်းကို နည်းပြခဲ့တဲ့အချိန်တုန်းက ကီဗင်ဒီဘရိုင်းရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး လူသိရှင်ကြားဝေဖန်ခဲ့ဖူးပြီး စတူအာဘူခရက်နဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ပွဲစဉ်မှာ ဒီဘရိုင်းကို လူစာရင်းကနေ ချန်လှပ်ပစ်ခဲ့တဲ့အထိ မနှစ်သက်ကြောင်း ပြသခဲ့ပါတယ်။
"ကျွန်တော် ကီဗင်နဲ့ပတ်သက်ပြီး ရိုးသားဖို့ ကြိုးစားနေပါတယ်"
"သူ့ကို လူစာရင်းမှာ မရွေးချယ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဆွင်ဒန်နဲ့ပွဲတုန်းက သူ ကစားတာကို မကြိုက်လို့ပါ။ ပြီးတော့ သူ လေ့ကျင့်တဲ့ပုံစံကိုလည်း ကျွန်တော် မကြိုက်လို့ပါ"လို့ ချယ်ဆီးအသင်းကို ကိုင်တွယ်စဉ်က နည်းပြမော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာကတော့ ကီဗင်ဒီဘရိုင်းရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ချီးကျူးခဲ့ပြီး ဒီဘရိုင်းဟာ လွန်စွာကြံ့ခိုင်ပြီး အရာအားလုံးကို လုပ်ဆောင်နိုင်သူလို့ ပြောကြားခဲ့ပါတယ်။
"သူက အားလုံးနဲ့ယှဉ်ပြိုင်နိုင်သူပါ။ တကယ့်ကို ကြံ့ခိုင်သူတစ်ယောက်ပါ။ အားလုံးကို သူ လုပ်နိုင်ပါတယ်။ ဖိအားတွေလည်း သူ မခံစားရပါဘူး"
"အခု ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်နေပါပြီ။ အဲဒီနေရာနဲ့ သူက ထိုက်တန်ပါတယ်။ ပွဲစဉ်အတွင်းမှာ သူ တာဝန်တွေ အများကြီး ယူထားရတယ်လေ"လို့ ပြောကြားခဲ့ပါတယ်။
Share