ရှုံးပွဲတစ်ပွဲသာ ရှိသေးတာပါ။

ဒီရာသီ ပရီးမီးယားလိဂ်မှာ ဝုလ်ဗ်အသင်းရဲ့ ရပ်တည်မှုအနေအထားက အံ့သြစရာပါ။ (၈)ပွဲ ကစားပြီးချိန်မှာ (၆)ဂိုးသာ ခွင့်ပြုထားရပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၇)မှာ ရပ်တည်နေခဲ့ပါတယ်။ ဒီထက်ပိုပြီးတော့ အံ့အားသင့်စရာက ဒီနှစ်မှာ ဝုလ်ဗ်အသင်းဟာ မန်ချက်စတာ မြို့ခံကလပ်နှစ်သင်းကို မရှုံးနိမ့်ခဲ့တာပါ။ နှစ်ပွဲလုံးမှာ ဝုလ်ဗ်က ခြေစွမ်းကောင်းကောင်းနဲ့ ကစားနိုင်ခဲ့ပြီး တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ပြီးတော့ သူတို့က ဒီရာသီမှာ ရှုံးပွဲတစ်ပွဲသာ ရှိသေးတဲ့ အသင်းပါ။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်မှာ ဗိုလ်စွဲပြီး တန်းတက်လာတဲ့ အသင်း တစ်သင်းရဲ့ စွမ်းဆောင်ရည်က ပြောစရာဖြစ်လာပါတယ်။ သူတို့ရဲ့ လျှို့ဝှက်ချက်က ဘာများဖြစ်မလဲဆိုတာ မေးလို့ကောင်းတဲ့ မေးခွန်းတစ်ခုပါ။

Photo : Sportkeeda

 

ပြန်ပြီး သုံးသပ်ကြည့်ရင် အပြောင်းအရွှေ့ပေါ်လစီမှာ ဝုလ်ဗ်က တော်တော်လေး ဖြစ်မြောက်ခဲ့ပါတယ်။ ကွင်းလယ်တစ်ခုလုံးကို လွှမ်းမိုးကစားနိုင်စွမ်းရှိတဲ့ မော်တင်ဟိုလို ကစားသမားကို ရအောင်ခေါ်နိုင်ခဲ့သလို ပေါ်တူဂီရဲ့ ပထမဦးစားပေး ဂိုးသမား ရူအီပက်ထရီစီယို ကိုလည်း ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မစ်ဒယ်ဘရော့တိုက်စစ်မှူး ထရာအိုယေးကိုလည်း ကလပ်စံချိန်တင်ကြေးနဲ့ သူတို့က အရခေါ်ယူခဲ့ပါသေးတယ်။ ဒုတိယတစ်ချက်ကတော့ လက်ရှိနည်းပြ နူနိုဆန်တိုရဲ့ သဘောထားနဲ့ နည်းဗျူဟာပိုင်းပါ။ ဆန်တိုက သူ့အသင်းကို ၃-၄-၃ ကစားကွက်နဲ့ ကစားစေခဲ့ပါတယ်။ ဒီကစားကွက်မှာ အပင်ပန်းဆုံးက Wingbacks တွေအဖြစ် ကစားနေရတဲ့ ကက်စထရို နဲ့ ဒိုဟာတီတို့ပါ။

ဒီဂီယာကို ခေါ်ယူသွားဖို့ စောင့်ကြည့်နေတဲ့ ပီအက်စ်ဂျီ 

 

အနေအထားအရ ဝုလ်ဗ်က အောက်အသင်းဆိုတာ ငြင်းမရပါဘူး။ ဒီအတွက် ဆန်တိုက ခံစစ်ပိုင်းကို ပိုအားပြုထားပြီးတော့ တန်ပြန်တိုက်စစ်နဲ့ သူ့အသင်းကို အသက်သွင်းခဲ့ပါတယ်။ ဒီကစားကွက်မှာ အသင်းက ခံစစ်လုံခြုံနေခဲ့ပြီး ကွင်းလယ်နဲ့ခံစစ်တို့ကြား နားလည်မှုအပြည့်အဝနဲ့ ကစားနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းက ပိုပြီးတောင် အလုပ်ဖြစ်ခဲ့ပါသေးတယ်။ ဘန်လေကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာဆို ဝုလ်ဗ်ရဲ့ တိုက်စစ်က ဂိုးကန်သွင်းချက် စုစုပေါင်း အကြိမ် (၃၀)ထိ ရှိခဲ့တာကို ကြည့်ရင် ဆန်တိုရဲ့ ကစားကွက်က အလုပ်ဖြစ်နေတာကို တွေ့ရမှာပါ။ နောက်တစ်ခုက ဝုလ်ဗ်ရဲ့ ပေါ်တူဂီသားအစုအဖွဲ့ပါ။ ဝုလ်ဗ်မှာ နက်ဗက်စ်၊ မော်တင်ဟို၊ ကော်စတာ၊ ပက်ထရီစီယိုတို့က ပေါ်တူဂီ လက်ရွေးစင်တွေအဖြစ် ကစားပေးနေသူတွေဖြစ်လို့ နားလည်မှုပြည့်ဝပြီးသား ဖြစ်နေပါတယ်။ ကလပ်မှာရော၊ နိုင်ငံအသင်းမှာပါ အသင်းဖော်တွေအဖြစ် ကစားနေရတာက သူတို့ကြား နားလည်မှုအတိုင်းအတာကို ပိုမိုပြည့်ဝလာစေခဲ့တာ ဝုလ်ဗ်အတွက် အကျိုးအမြတ်ပါပဲ။ နောက်တစ်ဦးကတော့ ဒီအိုဂိုဂျိုတာပါ။

Photo : Football Highlights

 

နောက်ပြီး နည်းပြနူနိုဆန်တိုကလည်း ပေါ်တူဂီသားဖြစ်နေတာပါ။ အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပေါ်တူဂီသား (၅)ဦး ပါဝင်နေပြီး နည်းပြကလည်း ပေါ်တူဂီသား ဖြစ်နေတဲ့အတွက် ဝုလ်ဗ်ရဲ့ စည်းလုံးမှုနဲ့ နားလည်မှုက တော်တော်လေး ခိုင်မာနေပါတယ်။ ဒီအခြေအနေမှာ ဆန်တိုရဲ့ ကစားသမားအတွဲအဖက် ပေါင်းစပ်မှုနဲ့ နည်းဗျူဟာကပါ အသုံးဝင်နေခဲ့တော့ ဝုလ်ဗ်က ပရီးမီးယားလိဂ်မှာ အခြေအနေ ကောင်းသွားခဲ့ပါတယ်။ မန်စီးတီးနဲ့ပွဲမှာဆိုရင် ဝုလ်ဗ်ရဲ့ ခံစစ်ပိုင်းကျစ်လစ်မှုကို ဘောလုံးဝေဖန်သူတွေကတောင် ချီးကျူးခဲ့ရပါတယ်။ စတာလင်၊ အဂူရို၊ ဆေးလ်ဗားတို့ရဲ့ တိုက်စစ်ဆင်မှုကို ကွင်းလယ်နဲ့နောက်တန်းက ခံစစ်နှစ်ထပ်ပုံစံ တုန့်ပြန်ခဲ့ပြီး ဗဟိုခံစစ်ကစားသမား (၃)ဦးကလည်း အချိန်နဲ့တစ်ပြေးညီ နေရာယူမှု၊ လူကပ်ကစားပုံတို့ ကောင်းမွန်ခဲ့လို့ စတာလင် နဲ့ အဂူရိုတို့ အကျဉ်းအကျပ်ထဲရောက်ခဲ့ပြီး မကြာခဏဆိုသလို ဘောလုံးကို နောက်ပြန်ပေးခဲ့ရပါတယ်။ ဒီအနေအထားပေါ် ဝေဖန်သူတွေက သုံးသပ်ပြခဲ့ပြီး ဆန်တိုရဲ့ ဗျူဟာကို ချီးကျူးခဲ့ကြပါတယ်။

Photo : The Busby Babe

 

ဆိုရရင်တော့ နူနူဆန်တိုရဲ့ နည်းဗျူဟာ နဲ့ ပေါ်တူဂီသား အစုအဖွဲ့က ဝုလ်ဗ်ရဲ့ အသက်ပါ။ ကျန်တဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည် မပါဝင်ဘူးလို့ ယတိပြတ်ပြောတာမျိုး မဟုတ်ပါဘူး။ ဒီရာသီမှာ ဝုလ်ဗ်တို့ တောက်ပနေခဲ့ရတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်က ကစားသမား အစုအဖွဲ့ ကောင်းမွန်နေမှု နဲ့ ဆန်တိုရဲ့ ဗျူဟာပိုင်း ပြောင်မြောက်နေမှုတို့ကြောင့် ဖြစ်တယ်ဆိုတာကို ပေါ်လွင်စေချင်တာပါ။ သူတို့တွေ ဘယ်လောက်ထိ ပရီးမီးယားလိဂ်မှာ တောက်ပမလဲဆိုတာကိုတော့ စောင့်ကြည့်သွားရပါဦးမယ်။ အချိန်တန်ရင် နေရာမှန် ရောက်သွားမှာလား၊ ဒါမှမဟုတ် ဒီထက်မြင့်တဲ့ နေရာကိုပဲ ရောက်သွားမလားဆိုတာကိုတော့ အချိန်က အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။

Share

Loading Next Article...
က္က