ယမန်နေ့ညက ဂျူဗင်တပ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုက လက် ၃ ချောင်းထောင်ပြီး ဆဲရေးနေတဲ့ ဂျူဗင်တပ်ပရိသတ်တွေကို တုံ့ပြန်ခဲ့ပါတယ်။
Photos: Daily Mail
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပထမပိုင်း ၁၇ မိနစ်မှာ ဒီဘာလာရဲ့အဖွင့်ဂိုးကို ခွင့်ပြုပေးခဲ့ရပြီး တစ်ပွဲလုံးကို နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းဟာ ပွဲစဉ်ကို ထိန်းချုပ်ထားနိုင်တဲ့အတွက် ဂျူဗင်တပ်ပရိသတ်တွေဟာ မော်ရင်ဟို ကြားနိုင်လောက်တဲ့အထိ စိတ်အနှောင့်အယှက်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဂျူဗင်တပ်အသင်းပရိသတ်တွေဟာ ဒုတိယပိုင်းအလယ်ကနေ ပွဲပြီးတဲ့အချိန်အထိ သီချင်းတွေသီဆိုခဲ့ပြီး ကြွေးကြော်ခဲ့ကြတဲ့အထဲမှာ 'မော်ရင်ဟို အလကားကောင်၊ မော်ရင်ဟို ခွေးမသား'ဆိုတဲ့ စာသားတွေကို ထည့်သွင်းခဲ့ကြပါတယ်။ မော်ရင်ဟိုဟာ ပွဲအပြီးမှာ ဂျူဗင်တပ်ပရိသတ်တွေဘက်ကို တိုက်ရိုက် လက် ၃ ချောင်းထောင်ပြပြီး တုံ့ပြန်ခဲ့ကြပါတယ်။
Photos: Daily Mail
မော်ရင်ဟို လက် ၃ ချောင်းထောင်ရတဲ့အဓိပ္ပာယ်ဟာ ဂျူဗင်တပ်အသင်းရဲ့အဓိကပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ အင်တာမီလန်အသင်းကို ၎င်းကိုင်တွယ်ခဲ့စဉ်အချိန်က ဂျူဗင်တပ်အသင်းကို နောက်ကောက်ချပြီး တစ်ရာသီအတွင်း ဖလား ၃ လုံးကို တပြိုင်တည်းရယူခဲ့တာကို ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။
အင်တာမီလန်အသင်းကို မော်ရင်ဟိုကိုင်တွယ်ခဲ့စဉ်က ဂျူဗင်တပ်အသင်းကို ကိုပါအီတာလီယာဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ ဖြုတ်ပစ်နိုင်ခဲ့ပြီး စီးရီအေဖလားကို ဂျူဗင်တပ်အသင်းထက် ၂၇ မှတ်အသာနဲ့ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယင်းအချိန်ကတည်းက မော်ရင်ဟိုကို ဂျူဗင်တပ်ပရိသတ်တွေက မုန်းတီးခဲ့ကြပြီး ယမန်နေ့ညက အိုးထရက်ဖို့ဒ်မှာ အငြှိုးနဲ့ ရန်စခဲ့ကြတာဖြစ်ပါတယ်။