ခြောက်ရက်အတွင်း အသွားအပြန်ကစားထားရလို့ မြန်မာကစားသမားတွေ ပွဲပန်းပြီး ကြံ့ခိုင်မှု သိသိသာသာအားနည်းနေပါတယ်။

ကာတာခရီးလမ်းကြုံဝင်ကစားခဲ့တဲ့ ဘာရိန်းလက်ရွေးစင်အသင်းနဲ့ မြန်မာ့လက်ရွေးစင်အသင်းတို့ခြေစမ်းပွဲမှတော့ အိမ်ရှင်ဘာရိန်းအသင်းက ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဒီခြေစမ်းပွဲက နည်းပြ အန်တိုနီဟေးလက်ထက် လက်ရွေးစင်အဆင့် လေးပွဲမြောက်ခြေစမ်းပွဲဖြစ်ပြီး ရှုံးပွဲထပ်ကြုံခဲ့ရပေမယ့် အန်တိုနီဟေးလက်ထက် ပထမဆုံးသွင်းဂိုးတော့ ရခဲ့ပါတယ်။



44057192_1218286934976783_1115483902480220160_o.jpg

Photo: MFF

 

ဆူဇူကီးအကြိုပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက် ခြောက်ရက်အတွင်း တတိယမြောက် ခြေစမ်းပွဲဖြစ်ပေမယ့် ပွဲထွက်လူစာရင်းမှာ အပြောင်းအလဲသိပ်မလုပ်ထားပါဘူး။ ကိုယ့်ထက် ကမ္ဘာ့အဆင့်၊ ကစားပုံ၊ အလုံးအထည်၊ နည်းစနစ် အဘက်ဘက်ကသာတဲ့ ဘာရိန်းကို ဘောလုံးပိုင်ဆိုင်မှုထိန်းနိုင်ဖို့နဲ့ ကွင်းလယ်ကစားကွက်ထိန်းချုပ်နိုင်ဖို့အတွက် ရဲကိုဦး၊ လှိုင်းဘိုဘို၊ မျိုးကိုထွန်းစတဲ့ ကွင်းလယ်ဗဟိုကစားသမား သုံးဦးကို ဘိုလီးဗီးယားနဲ့ပွဲတုန်းကလိုပဲ ဆက်လက်ပွဲထုတ်ခဲ့ပါတယ်။ အန်တိုနီဟေးရင်ဆိုင်နေရတဲ့ တိုက်စစ်ပြဿနာကတော့ အခုထိဖြေရှင်းနိုင်ပုံမရသေးပဲ ကျန်တဲ့တိုက်စစ်မှူးတွေထက် တိုးအား၊ အတွေ့အကြုံ၊ အလှုပ်ကစားပုံပိုသာတဲ့ ကောင်းဆက်နိုင်ကိုပဲ တိုက်စစ်မှူးနေရာမှာဆက်သုံးခဲ့တာတွေ့ရပါတယ်။

Photo: MFF

ဇော်မင်းထွန်းနဲ့ချောင်ဘူရီ အကြို သဘောတူ စာချုပ် ချုပ်ဆိုပြီး 

ဘာရိန်းနဲ့ပွဲမှာ မြန်မာကစားသမားတွေရဲ့ထင်ရှားတဲ့တိုးတက်မှုကတော့ အသင်းကြီးတွေကို ရှိန်မနေတော့ပဲ ရဲရဲတင်းခံကစားလာနိုင်တာကိုတွေ့ရပါတယ်။ အန်တိုနီဟေးလက်ထက်မှာ ခြေစမ်းပွဲရော ပြိုင်ပွဲတွေမှာပါ အာရှအဆင့်နဲ့ ကမ္ဘာ့အဆင့်အသင်းတွေနဲ့ချည်းကစားခွင့်ရခဲ့တဲ့ အကျိုးဆက်လို့ဆိုနိုင်ပါတယ်။ မြန်မာကစားသမားတွေရဲ့ရဲရဲတင်းတုံ့ပြန်ကစားပုံကြောင့် ဘာရိန်းအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ပေမယ့်လည်း ထိရောက်တဲ့ထိုးဖောက်မှုတွေများများစားစားမဖန်တီးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် နိုင်ငံသုံးနိုင်ငံကို ခြောက်ရက်အတွင်း အသွားအပြန်ကစားထားရလို့ မြန်မာကစားသမားတွေ ပွဲပန်းပြီး ကြံ့ခိုင်မှု သိသိသာသာအားနည်းနေပါတယ်။ ဒါကြောင့်ပဲ ပွဲချိန်ပထမပိုင်းမှာတင်ပဲ မောင်မောင်လွင်၊ မျိုးကိုထွန်းစတဲ့အဓိက ကစားသမားတွေအစား ထက်ဖြိုးဝေ၊ လွင်မိုးအောင်စတဲ့ လူငယ်တွေနဲ့ အစားထိုးခဲ့ရပါတယ်။ ပထမပိုင်းအပြီးမှာ ဘာရိန်းအသင်းက တစ်ဂိုးအသာနဲ့ဦးဆောင်နိုင်ခဲ့တယ်ဆိုပေမယ့် ပေးခဲ့ရတဲ့ဂိုးက ပင်နယ်တီဖြစ်သလို ထက်ဖြိုးဝေရဲ့အနီးကပ်အပိုင်ကန်ချက်ကိုသာ ဘာရိန်းဂိုးသမား မကာကွယ်နိုင်ခဲ့ရင် ဦးဆောင်မယ့် အသင်းက မြန်မာတောင်ဖြစ်သွားနိုင်ပါတယ်။

Photo: MFF

 

ဒုတိယပိုင်းမှာတော့ မြန်မာအသင်းဟာ ရန်နိုင်ဦး၊ သန်းထက်အောင်၊ မြတ်ကောင်းခန့် စတဲ့ကစားသမားတွေကို လူစားလဲကစားခဲ့ပြီး တိုက်စစ်ပိုင်းကို ပိုပြီးပီပီပြင်ပြင်ကစားလာနိုင်ပါတယ်။ ဒါပေမယ့် ဒုတိယမြောက်ဦးဆောင်ဂိုးကိုတော့ ဘာရိန်းအသင်းကပဲ ခေါင်းတိုက်သွင်းယူခဲ့ပြန်ပါတယ်။ ဒါပေမယ့် ဒုတိယဦးဆောင်ဂိုးပေးခဲ့ရအပြီးမှာတော့ နည်းပြ အန်တိုနီဟေးလက်ထက် လက်ရွေးစင်အသင်းရဲ့ပထမဆုံးဂိုး ဖြစ်လာမယ့် ချေပဂိုးကိုတော့ လူစားဝင်ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်က သန်းထက်အောင်နဲ့ အပေးအယူလုပ်ပြီး ဂိုးသမားနဲ့တစ်ဦးချင်းအတွေ့မှာအပိုင်ကန်သွင်းရယူနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဘာရိန်းက ဦးဆောင်ဂိုးတွေထပ်သွင်းပြီး ၄-၁ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က