ပုံရိပ်လှပဖို့အတွက်လိုအပ်တဲ့ လေးကြောင်းမျဉ်းကလည်း တစ်ကြောင်းချင်းစီအရေးပါသလို တစ်ကြောင်းချင်းစီတိုင်းမှာ တာဝန်ရှိပါတယ်။

နိုဝင်ဘာ ၁၂ရက်မှာ ဆူဇူကီးဖလားပြိုင်ပွဲစတော့ပါမယ်။ အာဆီယံဒေသတွင်းပြိုင်ပွဲဖြစ်သလို အာဆီယံဒေသတွင်းက လက်ရွေးစင်ဘောလုံးအသင်းတွေအတွက် အဆင့်အမြင့်ဆုံးပွဲဖြစ်လို့ ဘောလုံးဝါသနာအိုးတွေအားလုံး စိတ်ဝင်စားကြပါတယ်။ အာဆီယံဒေသတွင်း နိုင်ငံတွေအားလုံး ဒီပြိုင်ပွဲကို စိတ်ဝင်စားကြသလို မြန်မာဘောလုံးပရိသတ်တွေလည်း စိတ်ဝင်စားကြပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကလည်း စိတ်ဝင်စားလာအောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေပါတယ်။ မြန်မာ့ဘောလုံးအမာခံပရိသတ်တွေကလည်း သူတို့နည်း၊သူတို့ဟန်နဲ့ ပရိသတ်တွေ ကွင်းအတွင်းလာရောက် အားပေးဖို့ လှုံ့ဆော်ပါတယ်။

4-169.jpg

Photo: AFF

 

ဒီတော့ လှုံ့ဆော်သူတွေအချင်းချင်း ဆိုရှယ်မီဒီယာမှာ အငြင်းပွားကြပါတယ်။ ပရိသတ်တွေကွင်းထဲလာသင့်ကြောင်း တစ်ဖွဲ့ကလှုံ့ဆော်ချိန်မှာ တစ်ဖက်က ပရိသတ်တွေကွင်းထဲလာဖို့ အခက်အခဲတွေရှိနေတာကို ထောက်ပြပြောဆိုလာကြပါတယ်။ တစ်ချို့ကလည်း မြန်မာ့လက်ရွေးစင်အသင်း ခြေစွမ်းအရ အားပေးဖို့မတန်ဖူးဆိုတာတွေ ဝေဖန်လာကြပြန်ပါတယ်။ ဒါဆိုရင် ပရိသတ်တွေ ကွင်းထဲမလာတာ အခက်အခဲတွေကြောင့်လား….၊ လက်ရွေးစင်အသင်းခြေစွမ်းနဲ့ရလဒ်မကောင်းလို့လား…..၊ ပရိသတ်တွေ ကွင်းထဲကို လာသင့်လား… မလာသင့်ဖူးလား….။ လုံးချာလည်တွေလိုက်ကုန်ပါတယ်။ ဒီပြဿနာကို မဖြေရှင်းနိုင်တာ ဆယ်စုနှစ်တစ်ခုနီးပါးရှိနေပါပြီ။ ဘောလုံးကွင်းထဲကို ပရိသတ်တွေလာဖို့နဲ့ နိုင်ငံတကာမှာ  ဂုဏ်သိက္ခာမကျပဲ ပြိုင်ပွဲကြီးစည်စည်ကားကားအောင်မြင်ဖို့ဆိုတာ မျဉ်းကြောင်း လေးကြောင်းအပေါ်မှာပဲ မူတည်နေတယ်လို့ သုံးသပ်မိပါတယ်။

Photo: MFF

 

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း

ပထမဆုံးမျဉ်းကြောင်းပါ။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ခြေစွမ်းက ကွင်းအတွင်းပရိသတ် လာ၊မလာကို အဆုံးအဖြတ်ပေးတယ်ဆိုတဲ့ သုံးသပ်ချက်ကို လေ့လာကြည့်ရအောင်။ လက်ရွေးစင်အသင်းခြေစွမ်းနဲ့ ရလဒ်ပိုင်းက ပရိသတ်ကို ကွင်းထဲရောက်မလာစေဘူးဆိုတာ မှန်သင့်သလောက်မှန်ပါတယ်။ မြန်မာဘောလုံး ပရိသတ်တွေရဲ့မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို အားပေးပုံက တစ်ခြားနိုင်ငံတွေနဲ့မတူပါဘူး။ အရမ်းကို မျှော်လင့်ချက်ထားတတ်ပြီး နိုင်ငံ့ဂုဏ်သိက္ခာတစ်ခုလုံးနဲ့ရင်းနှီးအားပေးတတ်ကြပါတယ်။ ဆိုလိုချင်တာက ဘောလုံးရှုံးရင် နိုင်ငံဂုဏ်သိက္ခာကျတယ်ဆိုပြီး ခံယူကြတဲ့အထိ ခံစားအားပေးတတ်ကြပါတယ်။

Photo: MFF

 

ဒီတော့ လက်ရွေးစင်ဘောလုံးအသင်းတွေခြေစွမ်းနဲ့ရလဒ်အပေါ်အမြဲလိုဝေဖန်ပြစ်တင်တတ်ကြပါတယ်။ အရင်ခေတ်က မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတွေဟာ ရလဒ်မကောင်းသည့်တိုင်အောင် ခြေစွမ်းပိုင်းမှာ ပရိသတ်စိတ်ကျေနပ်အောင် ကစားနိုင်ကြပါတယ်။ အစွမ်းကုန်ကြိုးစားကြပါတယ်။  ဒီအတွက် ပရိသတ်ကလည်း ကစားသမားတွေခြေစွမ်းကို ကြည့်ချင်၊ အားပေးချင်တော့ ကွင်းထဲကို အရောက်လာအားပေးကြပါတယ်။ အပါ်ကအချက်တွေကို အခြေခံကြည့်မယ်ဆိုရင် မြန်မာဘောလုံးပရိသတ်အများစု အရှုံးကို လက်မခံနိုင်ဘူးဆိုပေမယ့် ရှုံးသင့်တဲ့အရှုံးကိုလက်ခံတတ်ပြီး ရှုံးပေမယ့် ကြိုးစားအားထုတ်မှုကောင်းရင် လက်ခုပ်တီးအားပေးတတ်တာကို တွေ့ရပါတယ်။ သူတို့ယုံကြည်တဲ့ဘောလုံးအသင်းတစ်သင်းကို ရှုံးရှုံး၊နိုင်နိုင် တစ်ခဲနက်အားပေးတတ်ကြတာကို ယူ-၂၀ကမ္ဘာ့ဖလားအသင်းက သက်သေပြပြီးပါပြီ။

Photo: MFF

 

ဒီတော့ ပထမဆုံးမျဉ်းကြောင်းရဲ့တာဝန်က ကြိုးစားပါ၊ အစွမ်းကုန်အားထုတ်ပါ၊ ပညာပြည့်ဝပါ၊ ပရော်ဖက်ရှင်နယ်ပီသပါ၊ ရလဒ်ကောင်းရဖို့ တတ်စွမ်းသလောက်အစွမ်းကုန်အားထုတ်ပါ။ ဒါဆိုရင် ပရိသတ်ဖက်က ကွင်းလုံးပြည့်လာအားပေးဖို့အသင့်ရှိနေမှာပါ။ ရှုံးနိမ့်ခဲ့ရင်တောင် လက်ခုပ်တီးအားပေးမှာပါ။ ဘောလုံးသမားတွေရဲ့ကြိုးစားအားထုတ်မှုနဲ့ပရော်ဖက်ရှင်နယ်ပီသမှုက ပရိသတ်ဆီကို ကူးစက်ရောက်ရှိပြီး နိုင်ငံသူရဲကောင်းတွေအဖြစ် ချီးမြင့်မြှောက်စားခံရမှာပါ။

Photo: AFF

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်

ဒုတိယမြောက် မျဉ်းကြောင်းပါ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကတော့ ဘောလုံးကွင်းထဲလူပြန်ပြည့်ဖို့ကို အမြဲကြိုးစားနေမယ်ဆိုတာ သံသယဖြစ်စရာမရှိပေမယ့် မှန်ကန်တဲ့နည်းလမ်းကို ရှာဖွေလုပ်ဆောင်နိုင်ဖို့လိုပါတယ်။ ဘောလုံးကွင်းထဲလူပြည့်ဖို့ကို လက်မှတ်ဈေးတွေချ၊ လက်မှတ်အလကားဝေ၊ အပြန်ကားစီစဉ်ပေး။ အဲ့လောက်အထိလုပ်ပေးနေပေမယ့် ပရိသတ်က ကွင်းထဲကို အခုထိမရောက်လာနိုင်သေးတာကတော့ တစ်ခုခုလွဲနေတယ်လို့ယူဆမိပါတယ်။

Photo: MFF

 

အဓိက,ကတော့ ဒီအဖွဲ့အစည်းက စီမံခန့်ခွဲမှုကိုပဲ အဓိကလုပ်ရမှာပါ။ ကျန်တဲ့အပိုင်းတွေလောက် တာဝန်အတိအကျယူဖို့တော့မလိုပါဘူး။ ပထမဆုံးပြောချင်တာက ပြိုင်ပွဲစီစဉ်ပုံပါ။ ဘောလုံးကွင်းတွေကို ပျော်စရာကောင်းအောင်ဖန်တီးဖို့လိုပါမယ်။ ဘောလုံးကွင်းကို အနားယူစရာ၊ ဖျော်ဖြေပွဲပုံစံလို့ ထင်ရလောက်အောင်ကို စီစဉ်သင့်ပါတယ်။ ဘောလုံးကွင်းဆိုတာ၊ အမျိုးသားတွေအပြင်၊ အမျိုးသမီးတွေ၊ ကလေးတွေ၊ လူငယ်တွေပါ သက်သောင့်သက်သာနဲ့လာကြည့်ချင်အောင်၊ ကြည့်နိုင်အောင် အပြင်အဆင်တွေ လုပ်ဖို့လိုပါမယ်။ ဒါဆို ဘောလုံးပွဲကို စတိတ်ရှိုးလိုလုပ်ရမှာလား၊ အတတ်နိုင်ဆုံးအဆင်ပြေအောင် လုပ်ထားတာပဲ ဆိုပြီး ပြန်ပြောစရာရှိလာပါတယ်။ ပြင်ဆင်ရမယ်ဆိုတာ၊ ဘောလုံးပွဲကို အားကစားပွဲနဲ့မတူတော့တဲ့အထိ ပျော်ပွဲရွှင်ပွဲတွေဖန်တီးပေးဖို့မလိုပါဘူး။ လက်ရှိ မြန်မာနိုင်ငံက ဘောလုံးကွင်းတွေမှာ ပရိသတ်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ချို့ကိုပြောပါမယ်။

Photo: MFF

 

အစားအသောက်အဆင်မပြေပါဘူး။ ဆိုးဆိုးရွားရွားကို အဆင်မပြေတာပါ။ နိုင်ငံတကာအဆင့်ပွဲတွေကျင်းပနေချိန်မှာ နိုင်ငံတကာအဆင့်အစားအသောက်ကို မဆိုထားနဲ့ ပြည်တွင်းမှာတောင် ကျန်းမာရေးနဲ့ညီညွတ်ပါတယ်လို့ မပြောနိုင်တဲ့ အစားအသောက်တွေကိုပဲ ကြိတ်မှိတ်စားသောက်နေကြရပါတယ်။အဝင်ပြီးတော့ အထွက်ပါ။ မြန်မာနိုင်ငံကဘောလုံးကွင်းတွေအများစုဟာ သွင်းကုန်အဆင်မပြေသလို ထွက်ကုန်လည်းအဆင်မပြေပါဘူး။ ဘောလုံးပွဲတစ်ပွဲဟာ ပွဲချိန်တစ်နာရီခွဲပဲကစားရတယ်ဆိုပေမယ့် လူများတဲ့ နိုင်ငံတကာပွဲတွေမှာ ပရိသတ်အများစုဟာ အနည်းဆုံးကွင်းအတွင်းကို တစ်နာရီလောက်ကြိုပြီး လာရောက် စောင့်ဆိုင်းရပါတယ်။ ဒီအချိန်အတိုင်းအဟာ လူတစ်ယောက်အတွက် တစ်ကြိမ်လောက်တော့ အညစ်အကြေးစွန့်ဖို့လိုအပ်ပါတယ်။ အိမ်သာတော့ရှိပါတယ်။ နာမည်နဲ့လိုက်အောင် မသာယာပဲ ဆီးပင်လယ်ထဲ မျောနေရတာ။ မလုံလောက်ပါဘူး။ အမျိုးသားတွေတောင် ကြုံသလိုဖြေရှင်းနေရရင် အမျိုးသမီးတွေနဲ့ ကလေးတွေ ဘယ်လိုဖြေရှင်းကြရမလဲ…..။ ဒီတော့ ဘောလုံးကွင်းအတွင်းမှာ ရှိနေတဲ့ အချိန် သုံးနာရီဝန်းကျင်ဟာ တစ်ချို့တွေအတွက် ဆီးချုပ်၊ ဝမ်းချုပ်တွေဖြစ်ပြီး ပျော်ရွှင်မှုပျောက်ဆုံးကြရပါတယ်။

Photo: MFF

မြန်မာပရိသတ်တွေ ဘယ်တော့မှ မမေ့တဲ့ပွဲ (သို့) ၂၀၀၄ တိုက်ဂါးဆီမီး 

ဘောလုံးပွဲလက်မှတ်ရောင်းချမှုစနစ်ကလည်း ပရိသတ်ကို စိတ်ပျက်စေပါတယ်။ ပွဲကြိုရောင်းထားတယ်ဆိုပေမယ့် လက်မှတ်ရောင်းချတဲ့နေရာကို ကြိုပြီး လာဝယ်ဖို့က အလုပ်နဲ့လက်မပြတ်တမ်းလုပ်နေရတဲ့ မြို့နေလူတန်းစားအတွက် အဆင်မပြေသလို၊ နယ်ကနေ လာအားပေးမယ့်ပရိသတ်တွေအတွက်လည်း ကြိုတင်လက်မှတ်ဝယ်ဖို့ အဆင်မပြေနိုင်ပါဘူး။ ဒီတော့ ပွဲနေ့မှာမှ အဝယ်များကြပါတယ်။ ပွဲနေ့တွေမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့လက်မှတ်ရောင်းချမှုပုံစံက ပွဲတိုင်းနီးပါး အဆင်မပြေပါဘူး။ ပရိသတ်တွေကို မှတ်ပုံတင်တစ်စောင်ကို လက်မှတ်နှစ်စောင်ပဲရောင်းချပေးတယ်ဆိုပေမယ့် မှောင်ခိုရောင်းသူတွေမှာတော့ လက်မှတ်တွေဟာ အလျှံအပယ်ပါ။ လက်မှတ်ကောင်တာတွေရဲ့တည်နေရာကလည်း ပရိသတ်အများအပြားတန်းစီဝယ်ယူဖို့ အဆင်ပြေတဲ့နေရာမျိုးတွေ မစီစဉ်ထားတဲ့အတွက် တိုးဝှေ့တိုက်ခိုက်မှုတွေနဲ့ အမြဲလိုကြုံရပါတယ်။

Photo: MFF

 

ဒါတွေအားလုံးက ကွင်းအပြင်က ပြဿနာတွေပါ။ ကွင်းအတွင်းမှာလည်း ပြဿနာတွေရှိနေပါသေးတယ်။ ကွင်းအတွင်းထိုင်ခုံနေရာချထားမှုပါ။ မြန်မာနိုင်ငံကဘောလုံးကွင်းတွေက ထိုင်ခုံတွေမှာ ခုံနံပါတ်တွေကပ်ထားပေမယ့် ပရိသတ်တွေဝင်ရောက်လာချိန်မှာတော့ ဘယ်သူမှာ ခုံနံပါတ်အတိုင်း မထိုင်ကြရပါဘူး။ ဒီတော့ ထတဲ့လူကထ၊ ထိုင်တဲ့လူကထိုင်၊ ပြွတ်သိပ်ကျပ်ညပ်တဲ့နေရာတွေက ကျပ်ညပ်၊ ချောင်တဲ့နေရာတွေကချောင်နဲ့ အတော်လေးကို ကသိကအောက်နိုင်ပါတယ်။ ဒီပြဿနာမှာတော့ စည်းကမ်းမရှိတဲ့ ပရိသတ်တွေကြောင့်လို့ အပြစ်တင်နိုင်ပေမယ့် စီမံခန့်ခွဲမှုကို ပိုအားထုတ်မယ်ဆိုရင် ပရိသတ်ကို စည်းကမ်းရှိအောင်လုပ်နိုင်ပါတယ်။ ကွင်းအတွင်းမှာ သက်သောင့်သက်သာ ထိုင်လို့မရတဲ့ ဘယ်လိုနေရာမျိုးကိုမဆို လူအများစုက လက်ရှောင်ကြမှာပါ။ သူများနိုင်ငံကဘောလုံးကွင်းတွေမှာလို ဘီယာလေး၊ အအေးလေးမော့၊ ဆင်းဒဝှစ်ချ်လေးစားပြီး ကိုယ့်နေရာကိုယ်ထိုင်၊ ကိုယ့်အသင်းကိုယ်အားပေးခွင့်ကို မြန်မာပရိသတ်တွေလည်း လိုချင်မှာပါ။ သယ်ယူပို့ဆောင်ခက်ခဲမှု၊ ကားပါကင်အခြေအနေ စတာတွေကတော့ နိုင်ငံရဲ့အခြေအနေနဲ့ ရှိပြီးသားအခြေခံ အဆောက်အဦအပေါ်မှာစီစဉ်နေရတာမို့အဖွဲ့ချုပ်နဲ့ တိုက်ရိုက်မသက်ဆိုင်တော့ပါဘူး။

Photo: MFF

 

ဆူဇူကီးလို နိုင်ငံတကာပွဲမှာ တစ်ခြားနိုင်ငံက ပရိသတ်တွေပါ လာရောက်အားပေးတတ်လို့ အခက်အခဲတွေကို မဖြေရှင်းနိုင်ရင် နိုင်ငံအတွက်လည်း ရှက်စရာဖြစ်လာနိုင်ပါတယ်။ အပေါ်ကအချက်တွေကိုသာ အဆင်ပြေအောင်လုပ်ပေးနိုင်ရင် လက်မှတ်ဈေးလျှော့စရာတောင် မလိုပါဘူး။ မြန်မာပရိသတ်တွေဟာ နိုင်ငံအတွက် လိုအပ်လာရင် လက်မှတ်ဈေးကို နှစ်ဆ၊သုံးဆပေးပြီးတောင် ဝယ်ကြည့်ကြပါတယ်။ အနှစ်ချုပ်ရရင် ပရိသတ်တွေဘောလုံးကွင်းကို ပျော်စရာ၊ အပန်းဖြေစရာလို့သတ်မှတ်နိုင်အောင် ဒုတိယမျဉ်းကြောင်းဖြစ်တဲ့ ဘောလုံးအဖွဲ့ချုပ်က လက်မှတ်ရောင်းချမှုအဆင်ပြေအောင်လုပ်ပေးပါ၊ ကွင်းအတွင်း အစားအသောက်၊ အိမ်သာ အဆင့်မီသန့်ရှင်းအောင်လုပ်ပေးပါ။ ထိုင်ခုံနေရာအဆင်ပြေအောင်လုပ်ပေးပါ။ ပျော်ပွဲရွှင်ပွဲ၊ ကံစမ်းမဲတွေပေးစရာ မလိုပဲ ပရိသတ်တွေကွင်းထဲရောက်လာဖို့ မျှော်လင့်နိုင်ပါတယ်။

Photo: MFF

 

မြန်မာဘောလုံး ပရိသတ်

တတိယမြောက်မျဉ်းကြောင်းကတော့ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်တွေဖြစ်တဲ့ မြန်မာဘောလုံးပရိသတ်ပါ။ မြန်မာဘောလုံးပရိသတ်ရဲ့ဘောလုံးအပေါ်စွဲလန်းရူးသွပ်ပြီး တစ်ခဲနက်အားပေးတတ်တာကို ချွင်းချက်မရှိလက်ခံယုံကြည်ပါတယ်။ ဒါပေမယ့် အားပေးပုံနဲ့ ပတ်သက်ပြီးတော့ ပြောစရာအချက်အနည်းငယ်ရှိပါတယ်။ ဒါကတော့ ခံယူချက်နဲ့စည်းကမ်းပါ။ ခံယူချက်ဆိုတာကတော့ အသင်းကို အားပေးတဲ့စိတ်ပိုင်းဆိုင်ရာခံယူချက်ကို ဆိုလိုတာပါ။ လက်ရွေးစင်အသင်းကို အားပေးတယ်ဆိုတာ အနိုင်၊အရှုံးရလဒ်ထက် ကိုယ့်နိုင်ငံအတွက် တာဝန်တစ်ခုလို လုပ်သင့်တဲ့အရာတစ်ခုကို လုပ်နေတာဆိုတဲ့ စိတ်မျိုးရှိဖို့လိုပါမယ်။

Photo: MFF

 

ရှုံးရင်အားမပေးတော့ဘူးတဲ့လား။ လွန်ခဲ့တဲ့ဆယ့်ရှစ်နှစ်လောက်က မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတွေ ဟာ ရလဒ်ပိုင်းဆိုးရွားခဲ့ပါတယ်။ ဘယ်ပြိုင်ပွဲပြိုင်ပြိုင် ပွဲတိုင်းနီးပါး ရှုံးပါတယ်။ ဒါပေမယ့် အိမ်ကွင်း (သို့) မြန်မာလူမျိုးအများစုရှိတဲ့ တိုင်းပြည်တွေမှာကန်ရတဲ့ပွဲတိုင်း ကွင်းလုံးပြည့်တစ်ခဲနက်အားပေးပါတယ်။ ပရိသတ်အားပေးတော့ ကစားသမားတွေကလည်း အစွမ်းကုန်ကြိုးစားပါတယ်။ ရလဒ်ဆိုးသည့်တိုင် ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပြီး ဆက်အားပေးကြပါတယ်။ အဓိပ္ပာယ်ကတော့ တစ်ချိန်က မြန်မာဘောလုံးပရိသတ်တွေဟာ ရှုံးသင့်ရှုံးထိုက်တဲ့အရှုံး၊ ကြိုးစားအားထုတ်မှုမြင်ရတဲ့ အရှုံးတွေကို လက်ခံတတ်ပြီး မျှမျှတတစဉ်းစားတွေးခေါ်တတ်ပါတယ်။

Photo: MFF

 

ဒီနေ့ခေတ်မြန်မာဘောလုံးပရိသတ်အများစုက အသင်းကို ရလဒ်ထက် အသိစိတ်နဲ့အားပေးတတ်ကြပေမယ့် တစ်ချို့ကတော့ အစွန်းရောက်အားပေးမှုတွေကို ပြုလုပ်နေဆဲပါ။ အသင်းရှုံးလို့ ကွင်းထဲလာအားမပေးတော့ဘူးဆိုတာ မဖြစ်သင့်သလို၊ ကွင်းထဲတော့လာအားပေးပါရဲ့ရှုံးရကောင်းလားဆိုပြီး အစွန်းရောက်အားပေးတတ်တာမျိုးကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။ နိုင်ငံကိုယ်စားပြု လက်ရွေးစင်အသင်းကို အားပေးတယ်ဆိုတာ အနိုင်၊အရှုံးထက် ကိုယ့်နိုင်ငံကိုယ်စားပြုသူတွေကို အားတက်လာအောင် အားပေးတာမျိုးပဲ ဖြစ်သင့်ပါတယ်။ လာမယ့် ဆူဇူကီးဖလားပြိုင်ပွဲက မြန်မာဘောလုံးအသင်းတင်မကပဲ မြန်မာဘောလုံးပရိသတ်တွေအတွက်ပါ စိန်ခေါ်မှုတွေရှိနေပါတယ်။ စိန်ခေါ်မှုက ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ လက်ခံကျင်းပမယ့် မန္တလာသီရိနဲ့ သုဝဏ္ဏကွင်း နှစ်ကွင်းစလုံးမှာ အကာအရံတွေမရှိတာပါ။ အကာအရံတွေမရှိတော့ တစ်ချိန်က အလေ့အထအတိုင်း ကွင်းထဲကို ပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့မယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ တစ်ချိန်က ကိုယ့်အပြုအမူဆိုးကြောင့် ထောင်ချခံခဲ့ရတဲ့ သုဝဏ္ဏကွင်းကြီးကိုလည်း နောက်တစ်ကြိမ်ထပ်အကျဉ်းမကျအောင် ကူညီကြဖို့လိုပါတယ်။

Photo: MFF

 

တတိယမျဉ်းကြောင်းဟာ ဘောလုံးပွဲဟေ့ဆိုတာနဲ့ ဘာအခက်အခဲတွေရှိရှိ ကွင်းထဲအရောက်လာသူတွေပါ။ မျိုးချစ်စိတ်နဲ့အားပေးတတ်သူတွေပါ။ ကွင်းထဲကို တကူးတကန့်ဖိတ်ခေါ်စရာမလိုဘူးဆိုတာ ယုံကြည်ပါတယ်။ ဒီတော့ ဆူဇူကီးမှာ မြန်မာ့ပုံရိပ်ကမ္ဘာကသိစေဖို့အတွက်၊ ကိုယ့်အသင်းကို အားဖြစ်စေပြီး ပြိုင်ဖက်အသင်းကို ဖိအားဖြစ်စေဖို့အတွက် အားပေးပါ။ စည်းကမ်းရှိပါ။ ကွင်းထဲကိုပစ်ပေါက်မယ့် ပစ္စည်းတွေကို လက်က လွှတ်ချပြီး လက်ခုပ်တီးပါ။ သန်း ၅၀ကျော်ကို ကိုယ်စားပြုထားတာ ကွင်းထဲက ကစားသမား ၁၁ယောက်တင် မကပဲ ကွင်းထဲက ပရိသတ် သုံးသောင်းလည်း ပါတယ်ဆိုတာ သတိပြုစေချင်ပါတယ်။

Photo: MFF

 

မီဒီယာ

ကိုယ့်နိုင်ငံမှာ အာဆီယံဒေသတွင်းအဆင့်အမြင့်ဆုံးပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် ပွဲစဉ်တစ်ချို့ လက်ခံကျင်းပရမှာကို တစ်နိုင်ငံလုံးစိတ်ဝင်စားပြီး ကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့အတွက် မီဒီယာ အခန်းကဏ္ဍကလည်းတကယ့်ကိုအရေးပါ,ပါတယ်။ စတုတ္ထမြောက် မျဉ်းကြောင်းလို့ ဆိုရမှာပါ။ ဒီမျဉ်းကြောင်းကတော့ ပုံမှန်အတိုင်းကြည့်ရင် သူတို့အလုပ်သူတို့လုပ်နေတာပါပဲ။ ပရိသတ်တွေကွင်းထဲဝင်မဝင်၊ ပြိုင်ပွဲစည်ကား၊ မစည်ကားဆိုတာက သူတို့နဲ့ဘာဆိုင်လို့လည်း ထင်စရာရှိပါတယ်။ မီဒီယာက ပရိသတ်တွေ ကွင်းထဲဝင်လာအောင်လှုံ့ဆော်ပေးနိုင်သလို၊ ပရိသတ်တွေစည်းကမ်းရှိလာအောင်လည်း ကူညီထိန်းသိမ်းပေးနိုင်ပါတယ်။

Photo: MFF

 

မီဒီယာအနေနဲ့ ပြိုင်ပွဲကြီးတစ်ခုမှာ လက်ရွေးစင်ဘောလုံးအသင်းကို တစ်ဖက်တစ်လမ်းက ကူညီနိုင်သလို၊ ပြိုင်ပွဲအတွင်း ပရိသတ်တွေ၊ ပြိုင်ပွဲကျင်းပရေးတာဝန်ခံတွေရဲ့လိုအပ်ချက်၊ အခြေအနေတွေကိုလည်း ကူညီဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါဆို ဘယ်လိုကူညီမှာလဲ…။ မှန်ကန်တိကျတဲ့ သတင်းထုတ်ပြန်မှုပါ။ လက်ရွေးစင်ဘောလုံးသမားတွေနဲ့နည်းပြတွေရဲ့လေ့ကျင့်မှုအခြေအနေမှန်၊ ပြိုင်ဖက်နိုင်ငံတွေရဲ့ပြင်ဆင်မှု သတင်း၊ စတာတွေကိုဖော်ပြပေးခြင်းနဲ့ လက်ရွေးစင်ကစားသမားနည်းပြတွေ ပြိုင်ဖက်အကြောင်းသိပြီး ကြိုတင်ပြင်ဆင်နိုင်သလို လက်ရွေးစင်အသင်းအခြေအနေအမှန်ကိုလည်း ပရိသတ်ကသိထားတဲ့အတွက် အစွန်းရောက်အားပေးမှုကိုရှောင်ပြီး အရှုံးကို လက်ခံနိုင်အောင် စည်းရုံးနိုင်ပါတယ်။

Photo: MFF

 

ဒါ့အပြင် ပြိုင်ပွဲရဲ့စည်းမျဉ်းစည်းကမ်းတွေ၊ ပြိုင်ပွဲအတွင်း၊အပြင်က ဖြစ်ရပ်တွေ ကွင်းအတွင်းလိုက်နာစောင့်ထိန်းရမယ့် ဥပဒေတွေကို လက်ဆင့်ကမ်းသယ်ဆောင်ပေးခြင်းနဲ့ ပရိသတ်တစ်ချို့ရဲ့အစွန်းရောက်အားပေးမှုကို လျှော့ချပေးနိုင်မှာပါ။ ဒီလိုပြိုင်ပွဲမျိုးက မြန်မာမီဒီယာတွေအတွက် နိုင်ငံတကာမီဒီယာသမားတွေနဲ့ ရင်ဘောင်တန်းအလုပ်လုပ်ရမယ့်အချိန်ဖြစ်လို့ အိမ်ရှင်လုပ်ချိန်မှာ အိမ်ရှင်ပီသပြီး ဧည့်သည်တွေကို ကူညီပေးဖို့လိုသလို၊ အဝေးကွင်းပွဲတွေအတွက် ဧည့်သည်လုပ်ချိန်မှာလည်း ဧည့်သည်ပီသစွာ နိုင်ငံ့ဂုဏ်သိက္ခာကို ထိန်းသိမ်းကြရမှာပါ။ စတုတ္ထမျဉ်းကြောင်းရဲ့အဓိက တာဝန်က ပွဲမတိုင်ခင်မှာ ပွဲနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေ၊ ပွဲချိန်အတွင်းနဲ့ပွဲအပြီးမှာ ဘက်မလိုက်ပဲ မျှတတဲ့သတင်းဖော်ပြမှုမျိုးတွေကို မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်နဲ့ ကူညီလုပ်ဆောင်ပေးခြင်းပါ။ ဒါမှသာ ဆူဇူကီးမှာ မြန်မာဟာ ကွင်းအတွင်း၊ကွင်းအပြင်၊စတဲ့နေရာတိုင်းမှာ ကောင်းမွန်တဲ့ ပုံရိပ်လက္ခဏာကို ကမ္ဘာသိအောင် တည်ဆောက်ပြသနိုင်မှာပါ။

Photo: AFF

 

လှပဖို့အတွက် ကူညီရမယ့် လေးကြောင်းမျဉ်း

မြန်မာနိုင်ငံက ပညာရေးစနစ်မှာ မူလတန်းကျောင်းသားလေးတွေ လှပဝိုင်းစက်တဲ့ လက်ရေးပုံစံမျိုးကို ရေးသားနိုင်ဖို့ လေးကြောင်းမျဉ်းစာအုပ်တွေကို သုံးရပါတယ်။ လေးကြောင်းမျဉ်းမှာ မြန်မာစာ စာလုံးတွေကို ဝိုင်းစက်ညီညာအောင်ရေးနိုင်ပြီဆိုတော့မှ အလွတ်တန်းစာရေးသားမှုမျိုးကို စရပါတယ်။ လက်ရေးတွေ လှပဝိုင်းစက်ဖို့ လေးကြောင်းမျဉ်းက ကူညီပေးရပါတယ်။ လေးကြောင်းမျဉ်းရဲ့ဥပဒေသအရ သူ့မျဉ်းကြောင်းနဲ့သူ သတ်မှတ်ချက်ရှိသလို၊ စည်းမျဉ်းတွေလည်းရှိပါတယ်။ လေးကြောင့်မျဉ်းရဲ့မျဉ်းကြောင်းတိုင်းက အရေးပါသလို၊ သူ့တာဝန်လည်းသူယူရပါတယ်။ တစ်ကြောင်းနဲ့တစ်ကြောင်း ရှုပ်ယှက်နေအောင် ငြိစွန်းနေရင် ဥပဒေကို မလိုက်နာပဲ ကိုယ့်တာဝန်ကိုယ်မယူရင် လေးကြောင်းမျဉ်းမပီသနိုင်တော့ပါဘူး။

Photo: AFF

 

ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာနိုင်ငံရဲ့အားကစားအဆင့်အတန်းနဲ့ ပုံရိပ်လှပဖို့အတွက်လိုအပ်တဲ့ လေးကြောင်းမျဉ်းကလည်း တစ်ကြောင်းချင်းစီအရေးပါသလို တစ်ကြောင်းချင်းစီတိုင်းမှာ တာဝန်ရှိပါတယ်။ တစ်ကြောင်းချင်းစီရဲ့ဥပဒေသနဲ့တာဝန်ယူမှုက အရေးကြီးနေပြီး တစ်ကြောင်းရဲ့တာဝန်ကို တစ်ကြောင်းက ဝင်ရောက်စွက်ဖက်ဖို့မဖြစ်နိုင်ပါဘူး။ လေးကြောင်းမျဉ်းဆိုတာ အလှဆင်ဖို့ပါ။ ဒီတော့ ဆူဇူကီးပြိုင်ပွဲကြီး ကျင်းပနေတဲ့ကာလအတွင်းနဲ့ ကျင်းပပြီးစီးသွားချိန်မှာ မြန်မာနိုင်ငံအတွက် လှပဝိုင်းစက်တဲ့လက်ရေး လေးတွေလို ဂုဏ်ယူစရာအရာတွေ ဖန်တီးထုတ်လုပ်နိုင်ဖို့ လိုအပ်နေတဲ့ လေးကြောင်းမျဉ်းတွေ အနေနဲ့ ကိုယ့်တာဝန်ကိုယ်ယူပြီး ကျေပွန်အောင်ထမ်းဆောင်ဖို့လိုအပ်တယ်ဆိုတာကို သိရှိနားလည်ရင်း……………။

Share

Loading Next Article...
က္က