သရေတစ်မှတ်ဆိုတာ မလေးရှားအသင်းထံက ရမှ ဖြစ်မှာပါ။

မြန်မာအသင်းအနေနဲ့ သင်္ချာနည်းအရ ဗီယက်နမ်နဲ့ မလေးရှား နှစ်ပွဲမှာ သရေတစ်မှတ်ရရုံနဲ့ နောက်တစ်ဆင့်တက်မယ်ဆိုတာ မလေးရှားစီက ရမှ သေချာပေါက်တက်မှာပါ။ ဗီယက်နမ်ထံက သရေတစ်မှတ်ရပြီး မလေးရှားကို ရှုံးလို့တော့ မရပါဘူး။

 

မြန်မာ့လက်ရွေးစင်အသင်းက ၂၀၁၈ အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲကို အုပ်စု(က)မှာ ဝင်ရောက်ယှဉ်ပြိုင်နေပါ တယ်။

"ပရိသတ်အားပေးမှုနဲ့အတူ ဆီမီးဖိုင်နယ် အရောက်သွားမယ်"(အန်တွန်နီဟေး) 

ဒီအချိန်မှာ ၂ ပွဲကစားပြီးရာမှာတော့ ကမ္ဘောဒီးယားကို ၄-၁ ဂိုး၊ လာအို ကို ၃-၁ ဂိုးတွေနဲ့ အနိုင်ယူပြီး ၂ ပွဲကစား၂ ပွဲနိုင် ရမှတ် (၆)မှတ်ရရှိထားပါတယ်။

Photo - MFF

 

ပြိုင်ဖက် ဗီယက်နမ်အသင်းကလည်း လာအိုကို ၃-၀ ၊ မလေးရှားကို ၂-၀ ဂိုးတွေနဲ့ အနိုင်ယူပြီး ပေးဂိုးမရှိ ၆ မှတ် ရရှိထားပါတယ်။

နောက်ထပ် တစ်သင်းဖြစ်တဲ့ မလေးရှားအသင်းကလည်း ကမ္ဘောဒီးယားကို ၁-၀ ဂိုး၊ လာအိုကို ၃-၁ ဂိုးတွေနဲ့ အနိုင်ယူပြီး မနေ့ကတော့ ဗီယက်နမ်ကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်လို့ ၆ မှတ်ရရှိထားပါတယ်။

 ကမ္ဘောဒီးယားနဲ့ လာအိုအသင်းတို့ကတော့ ရမှတ် လုံးဝမရသေးပဲ အုပ်စုအောက်ဆုံးမှာ ရပ်တည်နေကြပါ တယ်။

Photo - MFF

 

လက်ရှိ ၆ မှတ်ချင်းတူညီနေတဲ့ အနေအထားမှာ မြန်မာအသင်းက ရဂိုး ၇ ဂိုး ပေးဂိုး ၂ ဂိုး၊ ဗီယက်နမ်အသင်းက ရဂိုး ၅ ဂိုး ပေးဂိုး လုံးဝမရှိ၊ မလေးရှားအသင်းကတော့ ရဂိုး ၄ ဂိုး ပေးဂိုး ၃ ဂိုး ရရှိထားပါတယ်။

ဂိုးကွာခြားချက်အရ မြန်မာနဲ့ ဗီယက်နမ်က ၅ ဂိုးစီ တူညီနေပေမယ့်လည်း မြန်မာအသင်းက ရဂိုး  ပိုမို ရရှိထား တာကြောင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ချက်အတိုင်း မြန်မာအသင်းက အုပ်စုဗိုလ်နဲ့ ရပ်တည် နေပါတယ်။

မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့က လက်ကျန် ၂ ပွဲစီ ကစားဖို့ ကျန်နေသေးတဲ့ အချိန်မှာ မလေးရှားအ သင်းကတော့ မြန်မာနဲ့ ကစားဖို့သာ ကျန်ပါတော့တယ်။

Photo - MFF

 

မြန်မာအသင်းအနေနဲ့ ဗီယက်နမ်အသင်းကို လာမယ့် နိုဝင်ဘာ ၂၀ ရက်နေ့မှာ အိမ်ကွင်းကစားရမှာ ဖြစ်ပေမယ့် တစ်ကယ် ဆီမီးဖိုင်နယ် တက်ရောက်ဖိုု့ အရေးကြီးဆုံးပွဲက မလေးရှားနဲ့ ပွဲပါ။

ဘယ်လိုကြောင့် မလေးရှားနဲ့ပွဲက အရေးကြီးပြီး ဗီယက်နမ်နဲ့ပွဲက အရေးမကြီးရတာလဲဆိုတော့ ဗီယက်နမ် အသင်းက လက်ရှိ အုပ်စုအနေအထားအရ မြန်မာရော၊ မလေးရှားအသင်းရော နှစ်သင်းစလုံးအတွက် အားသာ ချက်ရှိတယ်။

မလေးရှားကို ၂-၀ ဂိုးနဲ့ နိုင်ထားလို့ အဖြေတစ်ဝက်ပေါ်နေပေမယ့် မြန်မာပြီးရင် ဗီယက်နမ်အသင်းက ကမ္ဘောဒီးယားကို အိမ်ကွင်းကစားရမှာ ဖြစ်လို့ ဗီယက်နမ်အတွက် ၉မှတ်ရဖို့ အလွယ်လေးပါ။

Photo - MFF

 

ဒါဆို ဗီယက်နမ်က နောက်တစ်ဆင့်ကို သေချာပေါက် တက်ဖို့များနေပြီး မြန်မာကိုလည်း အနည်းဆုံး သရေ ကစားမယ်ဆို ဗီယက်နမ်က ဘယ်လိုဖြစ်ဖြစ် နောက်တစ်ဆင့်ဖြစ်တဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နေပါပြီ။

လက်ကျန် တစ်နေရာအတွက် မြန်မာနဲ့ မလေးရှားတို့ အပြိုင်လုဖို့ရှိနေပြီး အခုလက်ရှိအခြေအနေမှာ မြန်မာက မလေးရှားနဲ့ ရမှတ်တူ ဂိုးကွာခြားချက် ၄ ဂိုးသာနေပါတယ်။

Photo - bongda.com.vn

 

မြန်မာအသင်းအနေနဲ့ ဗီယက်နမ်ကို ရှုံးနိမ့်သွားမယ်ဆိုရင်တောင် အများဆုံး ၃-၀ ဂိုးအထိ ရှုံးနိမ့်ဦးတော့ ရဂိုး ၇ ဂိုးမှာ ပေးဂိုးက ၅ ဂိုးအထိ ရှိလာမှာပါ။

ဒါဆို ဂိုးကွာခြားချက်က +၂ သာကျန်ပါတော့မယ်၊ ဒီအခြေအနေထိတိုင် မြန်မာအသင်းဟာ မလေးရှားအသင်း ထက် ဂိုးကွာခြားချက် ၁ ဂိုးသာနေဦးမှာပါ။

Photo - www.xinhuanet.com

 

ဒါဆို အုပ်စုနောက်ဆုံးပွဲအဖြစ် မလေးရှားမြေမှာ ကစားရမယ့် မလေးရှားနဲ့ပွဲမှာ မြန်မာအသင်းဟာ အနိမ့်ဆုံးသရေ ကစားရုံနဲ့ ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားပါပြီ။

အကယ်လို့ ဗီယက်နမ်ကို အနိုင်ကစားနိုင်မယ်ဆိုရင်လည်း သေချာပေါက် မလေးရှားကို ဖိဖိစီးစီးနဲ့ အနိမ့်ဆုံးသရေ တစ်မှတ်ကို မဖြစ်ဖြစ်အောင်ယူရပါဦးမယ်။

ဘာလို့လဲဆိုတော့ ဗီယက်နမ်ကို မြန်မာက နိုင်လို့ ၉ မှတ်ရရင် ဗီယက်နမ်ကလည်း ကမ္ဘောဒီးယားကို အနိုင်ယူပြီး ၉ မှတ်ရှာမှာပဲ။ ဒါဆို မလေးရှားကလည်း မြန်မာကို အနိုင်ယူပြီး ၉ မှတ်ရှာမယ်။ဒီလိုဆို ၉ မှတ် ၃ သင်းဖြစ်နေပြန်ပြီ။

ဒီအခြေအနေမှာဆိုရင် မြန်မာက ရဂိုးသာနေလို့ အနိမ့်ဆုံးတော့ အုပ်စုတက်မယ့် တစ်နေရာမှာ ရပ်တည်နိုင်ဦး တော့ ဗီယက်နမ်ကလည်း လိုအပ်နေတဲ့ ဂိုးတွေ ကမ္ဘောဒီးယားကို မသွင်းနိုင်ဘူးလို့ မဆိုသာဘူး။

ထိုနည်းလည်းကောင်းပဲ အိမ်ကွင်းမှာ ဖောင်ဖျက်တိုက်မယ့် မလေးရှားကို မြန်မာအသင်း ခြေချော်ပြီး ဂိုးပြတ်မရှုံးဘူးလို့ မပြောနိုင်ပြန်ဘူး။

ဒါဆိုရင် မြန်မာအသင်း ဘယ်နည်းလမ်းကို သုံးမလဲ၊ ဒီအပေါ်မှာ နည်းပြ အန်တွန်နီဟေး အပိုင်နိုင်ဆုံး ဖြစ်မယ့် ပွဲကို ရွေးဖို့ လိုလာပါပြီ။

ဗီယက်နမ်နဲ့ပွဲမှာ အားကုန်သုံးပြီး ကစားမလား၊ မလေးရှားနဲ့ပွဲမှာ သရေတစ်မှတ်ရရုံနဲ့ ဆီမီးတက်မယ့် အခွင့်အ ရေးကို ဖမ်းဆုပ်မလား ဆိုတာ အရမ်းကို စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

ဘယ်လိုပဲ ဖြစ်ဖြစ် အိမ်ကွင်းဖြစ်တဲ့ ဗီယက်နမ်နဲ့ပွဲမှာ အကုန်လုံးက နိုင်ချင်ကြတာပါပဲ။ ၂၀၁၆ ခုနှစ်တုန်းကလည်း အိမ်ကွင်းကစားရပေမယ့် ဗီယက်နမ် ခြေကို မြန်မာအသင်း မမီပါဘူး။ ၂-၁ ဂိုးနဲ့ ရှုံးခဲ့ပါ တယ်။

မလေးရှားကို မြန်မာအသင်းက ၂၀၁၆ တုန်းက ၁-၀ ဂိုးနဲ့ နိုင်ပြီး ဆီမီးတက်တုန်းကလည်း မလေးရှားက မြန်မာကို မဖြစ်မနေ အနိုင်ကစားဖို့ လို အပ်ခဲ့ပါတယ်။

မြန်မာက အဲ့ပွဲမှာဆိုရင်လည်း သရေရရုံနဲ့ ဂိုးကွာခြားချက်အသာနဲ့ နောက်တစ်ဆင့်ကို တက်မှာပါ။ ဒါပေမယ့် မြန်မာအသင်းဟာ အိမ်ကွင်းမှာ အကောင်းဆုံး ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲအပြီးမှာ ၁-၀ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။

ဒီနှစ်မှာလည်း မလေးရှားအသင်းက မြန်မာအသင်းက ဂိုးပြတ်သွင်း အနိုင်ယူထားတဲ့ ကမ္ဘောဒီးယားကို ၁ ဂိုးတည်းနဲ့ ကပ်နိုင်ထားသလို လာအို အသင်းကိုလည်း အိမ်ကွင်းမှာ ဦးဆောင်ဂိုးပေးပြီးမှ မြန်မာနည်းတူ နောက်က လိုက်ကစားပြီး ၃-၁ ဂိုးနဲ့ နိုင်တယ်။

အခု အဝေးကွင်းမှာ ဗီယက်နမ်ကို ဂိုးပြတ် ခြေပြတ် ပြန်ရှုံးပြန်တော့ မလေးရှားအသင်းရဲ့ ဒီနှစ်ခြေစွမ်းက ၂၀၁၆ တုန်းကထက် မလျော့ရင်သာ နေမယ် ပိုလာနိုင်စရာတော့ မရှိပါဘူး။

ဒါကြောင့် မြန်မာအသင်းအနေနဲ့ ဗီယက်နမ်နဲ့ပွဲကို ရှုံးခဲ့မယ်ဆိုရင်တောင် လက်ခံလို့ရတဲ့ အတိုင်းအတာတစ်ခုအထိ ရှုံးလို့ရသေးပြီး မလေးရှားနဲ့ ပွဲက ရနိုင်မယ့် သရေတစ်မှတ်ကိုသာ အစွမ်းကုန် တိုက်ပွဲဝင်လိုက်မယ်ဆိုရင် ဘယ်လိုပဲ ဖြစ်ဖြစ် ဆီမီးဖိုင်နယ်ကို တက်ရောက်သွားမှာပါ။

ဒါကြောင့် မြန်မာအသင်း တစ်မှတ်ရရုံနဲ့ တက်မယ့် အခွင့်အရေးမှာ ၂ ပွဲစလုံး အားကုန်သုံးမှာလား၊ တစ်ပွဲကိုပဲ အားကုန်သုံးပြီး ညစ်မလား ဆိုတာ ဝိဝါဒ ကွဲပြားစွာ သိနိုင်ဖို့ လိုနေပါပြီ။

Share

Loading Next Article...
က္က