မနေ့ညက ကစားခဲ့တဲ့ ဆဲလ်ဘာ့ဂ်နဲ့လီဗာပူးတို့ရဲ့ ခြေစမ်းပွဲမှာ ဆဲလ်ဘာ့ဂ်က တက်သစ်စကြယ်ပွင့် ဆက်စ်ကိုရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီရှုံးပွဲဟာ လီဗာပူးအတွက်တော့ လက်ရှိနွေရာသီခြေစမ်းပွဲတွေမှာ ဒုတိယမြောက်ရှုံးပွဲလည်းဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာလည်း လီဗာပူးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်တယောက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြန်ပါတယ်။ နူးနက်ဇ်ဟာ ဒီပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ လိုက်ပ်ဇစ်ကို ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲမှာ တယောက်တည်း လေးဂိုးသွင်းပြီး ခြေစွမ်းပြခဲ့ပါတယ်။ ဒါပေမယ့် အခု ဆဲလ်ဘာ့ဂ်နဲ့ပွဲမှာတော့ နူးနက်ဇ်တယောက် ပြောစရာဖြစ်တဲ့ ခြေစွမ်းမျိုး ပြန်လည်ရရှိသွားခဲ့တာပါ။
တွစ်တာပေါ်မှာ ပရိသတ်တယောက်က “နူးနက်ဇ်က လွယ်ကူတဲ့အရာတွေကို မဖြစ်နိုင်တဲ့အရာတွေအဖြစ် လုပ်ပေးလိုက်ပါတယ်” ဆိုတဲ့ စာသားနဲ့အတူ ဆဲလ်ဘာ့ဂ်နဲ့ပွဲက နူးနက်ဇ်ရဲ့ အလွဲအမှားတွေကို ထုတ်နှုတ်ထားတဲ့ ဗီဒီယိုကို မျှဝေခဲ့ပါတယ်။ နူးနက်ဇ်ရဲ့ ကန်ချက်တကြိမ် ဘားတန်းထိခဲ့တာအပါအဝင် (၄၆) စက္ကန့်စာ ဒီဗီဒီယိုထဲမှာ ဒီကစားသမားရဲ့ အလွဲအချော်အချို့ကို ကောက်နှုတ်ဖော်ပြထားပါတယ်။
နူးနက်ဇ်ဟာ ယူနိုက်တက်၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ ကစားခဲ့တဲ့ပွဲတွေမှာလည်း အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့တာ၊ ကစားပုံအရ အလွဲလွဲအချော်ချော်ဖြစ်ခဲ့တာမျိုးတွေကို မြင်တွေ့ခဲ့ရပြီး လိုက်ပ်ဇစ်နဲ့ပွဲမှာတော့ ဂိုးသွင်းခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေ တိတ်ဆိတ်ခဲ့ရပါတယ်။ ဒါပေမယ့် အခု ဆဲလ်ဘာ့ဂ်ကိုရှုံးတဲ့ပွဲအပြီးမှာတော့ ပရိသတ်အချို့က ပြန်လည်ဝေဖန်နေကြပါတယ်။
ပရိသတ်တွေက “ငါ့အနေနဲ့ ရာသီကြိုကာလမှာ ဒါဝင်နူးနက်ဇ်ကို မဝေဖန်ချင်ပါဘူး။ ဒါပေမယ့် ဒါကြီးကတော့ ဆိုးပါတယ်” ဆိုတဲ့မှတ်ချက်အပါအဝင် ဝေဖန်မှုတွေ အများအပြားရှိခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးပရိသတ်တွေကတော့ ဖာနန်ဒိုတောရက်စ်ကို ခေါ်ယူခဲ့ချိန်တုန်းကလည်း အခုလို ရာသီကြိုကာလမှာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ နောက်ပိုင်းမှာ ပရိသတ်အချစ်တော် ကစားသမားအဖြစ် ဂိုးသွင်းခြေစွမ်းပြခဲ့တာကို ပြန်လည်ထောက်ပြတုံ့ပြန်နေကြပါတယ်။