နယ်သာလန်ဖုန်းကုမ္ပဏီ Fairphone ရဲ့ သက်တမ်း ၆ နှစ်ကျော် ကြာပြီ ဖြစ်တဲ့ Fairphone 2 ဟာ Android 10 သစ် တင်နိုင်မယ်လို့ ဆိုပါတယ်။
Modular ဖုန်းတွေနဲ့ လူသိများပြီး ဂေဟစနစ်ဟန်ချက်နဲ့ ကိုက်ညီတဲ့ ထုတ်ကုန်တွေ ထုတ်နေတဲ့ Fairphone ကုမ္ပဏီကနေ ၂၀၁၅ ခုနှစ်က Fairphone 2 ဆိုပြီး ဖုန်းတစ်မျိုး ထုတ်ခဲ့ပါတယ်။စပြီး မိတ်ဆက်ချိန်က Android 5.1 Lollipop OS နဲ့ လာတဲ့ ဒီဖုန်းဟာ အခုဆို ၆ နှစ်သက်တမ်း ရှိလာပြီ ဖြစ်ပါတယ်။ ဒီလောက် နှစ်တွေ ကြာလာချိန်မှာတောင် ကုမ္ပဏီက Software Update သစ် ပေးမယ့်အကြောင်း ကြေညာလိုက်တာပါ။
Fairphone ကုမ္ပဏီဟာ ၆ နှစ် သက်တမ်းရှိပြီ ဖြစ်တဲ့ Fairphone 2 ကို Android 9 Pie ကနေ Android 10 သစ်ကို Update ပေးမယ်လို့ ဆိုပါတယ်။ Fairphone 2 ဟာ စထွက်ချိန်ကနေ စပြီး အခုထိ Android Update ၃ ခု ရထားတာ ဖြစ်ပါတယ်။ Android 10 အတွက် beta testing ကိုလည်း ဒီဖုန်းမှာ စတင်နေပြီ ဖြစ်လို့ ၂၀၂၂ နှစ်ဆန်းပိုင်းမှာ Stable Version ကို ထုတ်ပေးဖို့ ရှိပါတယ်။
လက်ရှိ စမတ်ဖုန်း OEMs တွေထဲမှာ Android OS update ကို ၂-၃ ကြိမ်ပဲ ပေးလေ့ရှိတာပါ။ Security Support ကို အနည်းဆုံး ၂ နှစ်ကနေ အများဆုံး ၄ နှစ်အထိပဲ ပေးတာ ဖြစ်လို့ Fairphone ရဲ့ Update Support စံကို မီတဲ့ကုမ္ပဏီ မရှိသေးဘူးလို့ ပြောရမှာပါ။ ၆ နှစ်သက်တမ်းကြာ ဖုန်းတစ်လုံးကို major Android Update သစ် ပေးခြင်းဟာ အတော်လေး ချီးကျူးစရာအချက်လည်း ဖြစ်ပါတယ်။
Photo: androidauthority
Fairphone ကုမ္ပဏီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းကပဲ Modular ဒီဇိုင်းနဲ့လာတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းကို ကြေညာခဲ့ပါတယ်။ Fairphone 4 ဟာ ရေရှည်အသုံးခံဖို့နဲ့ ပြုပြင်ရလွယ်ကူအောင် Modular ဒီဇိုင်းနဲ့ ထုတ်ထားတာ ဖြစ်ပြီး French Repairability Index ရဲ့ ပြင်ဖို့အလွယ်ဆုံးအညွှန်း ၁၀ မှတ်မှာ ၉.၂ မှတ်အထိ ရထားတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ ဖုန်းပြင်ဖို့ လိုအပ်တဲ့ အပိုပစ္စည်းတွေကို Fairphone ကနေ အလွယ်တကူဝယ်နိုင်အောင် စီစဉ်ထားတာပါ။ Android 11 နဲ့ လာတဲ့ ဒီဖုန်းဟာ ၂၀၂၅ ထွက် Android 15 အထိ တင်နိုင်မှာ ဖြစ်ပါတယ်။
လောလောဆယ် Android OEMs တွေထဲမှာ Update စံအမြင့်ဆုံးအနေနဲ့ Google က အမြင့်ဆုံး ဖြစ်ပြီး Pixel ဖုန်းသစ်တွေမှာ Android Upgrades ၃ ကြိမ်နဲ့ Security Patch ၅ ခုအထိ ရမှာ ဖြစ်ပါတယ်။ Samsung ကတော့ ထုတ်သမျှ ဖုန်းအားလုံးနီးပါးကို Android Update ၃ ကြိမ်နဲ့ ၄ နှစ်ကြာ Security Patches ပံ့ပိုးသွားမယ်လို့ ကြေညာထားပါတယ်။