ရာသီဥတု အေးလာပြီဆိုရင် နှုတ်ခမ်းတွေက ခြောက်သွေ့အက်ကွဲလာရောလေ။ ရာသီဥတုကိုချည်းပဲ အပြစ်တင်နေလို့ မရပါဘူး။ ရာသီဥတု မအေးတဲ့အချိန်တွေမှာလည်း နှုတ်ခမ်းသားတွေ ခြောက်တတ်ပါတယ်။ သင်လည်း ကြုံဖူးမှာပါ။
ဆက်စပ်ဖတ်ရှုနိုင်ရန် ---> နှုတ်ခမ်းနီတောင့်ကပြောတဲ့ သင့်အကြောင်း
နှုတ်ခမ်းသားတွေဟာ ခန္ဓာကိုယ်ရဲ့ အခြားနေရာက အရေပြားလို အဆီဂလင်းတွေ မပါရှိပါဘူး။ ဒါကြောင့်မို့လို့လည်း ပိုပြီးခြောက်သွေ့လွယ်တာပါ။ နှုတ်ခမ်းသားတွေရဲ့ အရေပြားဟာ တကယ်ကို ပါးလွန်းပါတယ်။ ဒီလို နူးညံ့တဲ့ အရေပြားဟာ ဖီနောလ် (Phenols) ၊ ဆိုဒီယမ် လော်ရိုင်းဆာလ်ဖိတ် (Sodium lauryl sulfates) နဲ့ ပရုပ် (Menthol) တို့လို ဓာတုပစ္စည်းတွေနဲ့ ဓာတ်မတည့်ပါဘူး။ ဒီပစ္စည်းတွေဟာ သွားတိုက်ဆေးဖော်စပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေလည်း ဖြစ်ပါတယ်။ နှုတ်ခမ်းသား ခြောက်သွေ့လာပြီဆိုရင် ဓာတုပစ္စည်းနည်းပါးတဲ့ သဘာဝသွားတိုက်ဆေးကို ပြောင်းလဲအသုံးပြုသင့်ပါတယ်။
နှုတ်ခမ်းသားတွေ ခြောက်သွေ့တာကို နှုတ်ခမ်းလိမ်းအဆီ (lipbalm) သုံးပြီး ဖြေရှင်းပေမဲ့ မအောင်မြင်ရတာလည်း ထိုနည်းလည်းကောင်းပါပဲ။ အထက်မှာဖော်ပြခဲ့တဲ့ ဓာတုပစ္စည်းတွေထဲက တစ်မျိုးတစ်မည်နဲ့အထက် ပါဝင်နေလို့ဖြစ်ပါတယ်။ Lipbalm သုံးနေတာကို ရပ်လိုက်ပါ။ အဲ့ဒီအစား Vaseline ကို ပြောင်းသုံးမယ်ဆို အဆင်ပြေသွားပါလိမ့်မယ်။ နယူးယော့ခ်အခြေစိုက် အရေပြားအထူးကု ဆီဂျယ်လ်ရှားကတော့ နှုတ်ခမ်းအတွက် အသုံးပြုတဲ့ အလှကုန်ပစ္စည်းတွေဟာ နေလောင်ဒဏ်ကာကွယ်တဲ့ SPF ပါတာမျိုးကို ရွေးသင့်တယ်လို့ အကြံပေးပါတယ်။ နှုတ်ခမ်းသားတွေက အရမ်းပါးတော့ နေရောင်နဲ့ထိပါများရင် အရောင်ပြောင်းသွားတတ်တယ်လေ။
Source : Allure
ဆက်စပ်ဖတ်ရှုနိုင်ရန် ---> နှုတ်ခမ်းသားလှအောင် ဘယ်လို လုပ်မလဲ