လပ်တော့တွေ၊ တက်ဘလက်တွေ ခေတ်စားလာမှုနဲ့ အတူ ကျောပိုးအိတ်လွယ်တဲ့ ယဉ်ကျေးမှုကလည်းလူကြီးတွေမှာ ပြန့်နှံ့လာပါတယ်။ လူတွေဟာ အီလက်ထရောနစ်ပစ္စည်းတွေ ကိုယ်နဲ့မကွာထားလာခြင်းနဲ့အတူ ဒီပစ္စည်းတွေအတွက် ကျောပိုးအိတ်ဒီဇိုင်းတွေကလည်း ပြောင်းလဲလို့လာပါတယ်။ အမျိုးသားတွေအတွက် ကျောပိုးအိတ်နဲ့ပတ်သက်လို့ ကမ္ဘာ့နာမည်ကြီး အမှတ်တံဆိပ် ၇ မျိုးလောက်ကို ဖော်ပြလိုက်ပါတယ်။
1 - JanSport
JanSport ကို ကမ္ဘာ့ထိပ်တန်း ကျောပိုးအိတ် အမှတ်တံဆိပ်အဖြစ် လူသိများကြပါတယ်။ ကျောပိုးအိတ်အကြောင်း ပြောမယ်ဆိုရင် သူ့ကို ထိပ်ဆုံးက ထားပြီး ပြောလေ့ရှိပါတယ်။ သူ့မှာ ကမ္ဘာ့ထိပ်တန်းဖြစ်ရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ တစ်အချက်ကတော့ ဈေးနှုန်းပါ။ လူအများတတ်နိုင်တဲ့ ဈေးနှုန်းမျိုးနဲ့ ကျောပိုးအိတ်တွေကို ထုတ်လုပ်လေ့ရှိပေမဲ့ အရည်အသွေးကတော့ မြင့်မားပါတယ်။ ကျောပိုးအိတ်တည်ဆောက်ပုံက သင်ပေးတဲ့ ငွေကြေးထက် ပိုခိုင်ခံ့ပါတယ်။ ဈေးနှုန်းအတော်အသင့်နဲ့ ကျောပိုးအိတ်ဝယ်ချင်သူတွေ ရွေးချယ်သင့်ဆုံး ဖြစ်ပါတယ်။
2 - HERSCHEL SUPPLY CO.
HERSCHEL ဟာ အပြင်ဘက် ဒီဇိုင်းတွေကို ခပ်ရှင်းရှင်းထုတ်လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ အတွင်းပိုင်း ဒီဇိုင်းကတော့ စုံလင်ပါတယ်။ လပ်တော့၊ တက်ဘလက်၊ ဖုန်း စတဲ့ အီလက်ထရောနစ် ကိရိယာတွေကို လုံလုံခြုံခြုံ ကာကွယ်ပေးထားနိုင်အောင်လည်း စီစဉ်ထားပါတယ်။ ဒီဇိုင်းရှင်းရှင်းသန့်သန့်ကြိုက်သူတွေအတွက် အဆင်ပြေပါတယ်။ ဈေးနှုန်းကလည်း သင့်တင့်တဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။
(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - ကိုယ်နဲ့အလိုက်ဖက်ဆုံးဖြစ်မယ့် နေကာမျက်မှန်ကို ဘယ်လိုရွေးမလဲ)
3 - Fjallraven
Fjallraven ဟာ ဆွီဒင်ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်ကတည်းကတည်ထောင်ခဲ့တာဖြစ်ပြီး အဝတ်အစားတွေကိုလည်း ထုတ်လုပ်ကာ ကျောပိုးအိတ်နဲ့ပတ်သက်လို့ နာမည်ကြီးပါတယ်။ ရေရှည်အကြမ်းခံတာ၊ သက်သောင့်သက်သာရှိတာတွေကြောင့်လည်း နာမည်ကြီးပါတယ်။ အစကနဦးက ရွက်ဖျင်တဲသားမျိုးနဲ့ ချုပ်လုပ်တာကြောင့် နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။
4 - TOPO DESIGNS
TOPO DESIGNS ရဲ့ ဒီဇိုင်းဟာ လူငယ်တွေကို အလွန်အမင်း ဆွဲဆောင်နိုင်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ သပ်ရပ်စတိုင်ကျပါတယ်။ ဒီဇိုင်းတွေဟာ အရောင်အသွေးစုံစုံလင်လင်ရှိပါတယ်။ နေ့စဉ်လွယ်လို့ရသလို ခရီးထွက်ဖို့လည်း အဆင်ပြေတဲ့ အိတ်မျိုးတွေကို ထုတ်လုပ်လေ့ရှိပါတယ်။
5 - TESSEL SUPPLY
တန်ဖိုးမြင့် ကျောပိုးအိတ်တွေ ဖြစ်ပါတယ်။ တန်ဖိုးမြင့်သလို ဒီဇိုင်းကလည်း ဆွဲဆောင်မှုအလွန်ကောင်းပါတယ်။ ဘယ်သူနဲ့မှမတူတဲ့ ဒီဇိုင်းကို ထုတ်လုပ်လေ့ရှိပါတယ်။ ကျောပိုးအိတ်ဒီဇိုင်းနဲ့ပတ်သက်ပြီး ဆုတွေလည်း ရရှိထားပါတယ်။ ကျောပိုးအိတ်ရဲ့ အသုံးဝင်မှုနဲ့ ဒီဇိုင်းဟာ သီးခြားစီဖြစ်နေတာမျိုးမဟုတ်ဘဲ ပူးပေါင်းရောစပ်လှပနေရမှာ ဖြစ်ပါတယ်။ အထူးပြုလုပ်ထားတဲ့ နိုင်လွန်သားမျိုးကို အသုံးပြုလေ့ရှိပါတယ်။ TESSEL SUPPLY ရဲ့ JET PACK 2.0 ကျောပိုးအိတ်ရောင်းဈေးဟာ ဒေါ်လာ ၁၄၀ လောက်ရှိပြီး သူတို့ဝက်ဆိုက်မှာတော့ ကုန်သွားပြီလို့ ရေးထားပါတယ်။
(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - ဗိုက်အောင့်ရင်ပူတာတွေကို ခဏခဏ ဖြစ်စေတဲ့ အလေ့အကျင့် (၅) ခု)
6 - Mystery Ranch
Mystery Ranch ဟာ တောင်တက်ကျောပိုးအိတ်တွေ၊ စစ်သုံးကျောပိုးအိတ်တွေထုတ်လုပ်ရာမှာ နာမည်ကြီးပါတယ်။ ဈေးနှုန်းကလည်း ဒေါ်လာ ၂၀၀ နီးပါးဝန်းကျင်တွေပါပဲ။ ခရီးကြမ်းထွက်တဲ့ ကျောပိုးအိတ်မျိုးတွေ ဖြစ်ပေမဲ့ အခုအခါမှာတော့ နေ့စဉ်သုံးအဖြစ် လွယ်လာကြပါတယ်။
7 - COLFAX DESIGN
COLFAX DESIGN ဟာ ဈေးကြီးတဲ့ ကျောပိုးအိတ်တွေကိုပဲ ထုတ်လုပ်လေ့ရှိပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၃၅၀ အထက်နားလောက်မှာပဲ ရှိပါတယ်။ ချုပ်လုပ်တဲ့ အသားတွေ၊ ပိုးသတ်ကျောခံတွေနဲ့ စတဲ့ အဆင့်မြင့်နည်းပညာတွေကို သုံးလေ့ရှိပါတယ်။ သူတို့ရဲ့ SDP_01 ကျောပိုးအိတ်ဟာ ၃၄၅ ဒေါ်လာ ရှိပါတယ်။
(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး -ကျောင်းတုန်းကတွဲခဲ့တဲ့ စုံတွဲတွေ မမြဲရတဲ့ အကြောင်းအရင်း (၅) ချက် )
Photos & Source: hiconsumption