ကုန်ပစ္စည်းဖြစ်စေ စားသောက်စရာဖြစ်စေ အချိန်ကာလအလိုက် သက်တမ်းကုန်ဆုံးရက် ရှိပါတယ်။ ဘူးပေါ်မှာ ဖော်ပြထားတဲ့ သက်တမ်းကုန်ဆုံးရက် (expire date) ဆိုတာက ၃ နှစ် (သို့မဟုတ်) ၅ နှစ်လောက် ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါဟာ အဖုံးမဖွင့်၊ ဘူးမဖောက်ဘဲ ထားရှိမယ်ဆိုမှ အထားခံတဲ့သက်တမ်းကို ဆိုလိုတာပါ။ အဖုံးဖွင့်ပြီးသွားရင်တော့ ဘူးပေါ်မှာရေးထားတဲ့ရက်အတိုင်း သတ်မှတ်လို့မရတော့ပါဘူး။ သက်တမ်းကုန်ဆုံးရက်က ပိုတိုတောင်းသွားပါတယ်။ အဖုံးဖွင့်ပြီး စတင်အသုံးပြုလိုက်တာနဲ့ ဘူးမှာ မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေ ကပ်ငြိသွားလို့ပါပဲ။ လေထုနဲ့ထိတွေ့တဲ့အခါမှာလည်း ပိုပြီးပျက်စီးလွယ်သွားတတ်တာမို့ အလှကုန်ပစ္စည်းတွေကို သိမ်းဆည်းမယ်ဆို အထားအသိုမှန်ဖို့ လိုအပ်ပါတယ်။
၃ ပတ်မှ ၇ ပတ်
ရေမြှုပ်၊ ဖော့ စတဲ့ မိတ်ကပ်လိမ်းတဲ့ပစ္စည်းတွေဟာ သိပ်အကြာကြီး မသုံးသင့်တဲ့အရာတွေပါ။ အရည်နဲ့ရေတွေ စိမ့်ဝင်ပြီးနောက်ပိုင်း ဘက်တီးရီးယားတွေ ပေါက်ပွားလာလို့ ဖြစ်ပါတယ်။ မကြာခဏ ဆေးကြောသန့်စင်ပေးဖို့လည်း လိုအပ်ပါတယ်။
၃ လမှ ၆ လ
မျက်တောင်ကော့ဆေးနဲ့ အိုင်းလိုင်နာရည်တို့ဟာ အဖုံးဖွင့်ပြီးချိန်ကစ ၆ လအတွင်းသာ သုံးသင့်ပါတယ်။ ကောင်တာတွေမှာ အစမ်းသုံးခွင့်ပေးထားတဲ့ မျက်တောင်ကော့ဆေး၊ အိုင်းလိုင်နာရည်တို့ကို မသုံးပါနဲ့။ ဘက်တီးရီးယားတွေကပ်နေလို့ မျက်လုံးကို ထိခိုက်သွားနိုင်ပါတယ်။
၆ လမှ ၁ နှစ်
အရေပြားအတွက်ခရင်မ်၊ အစိုဓာတ်ဖြည့်ခရင်မ် (moisturizer) နဲ့ နေရောင်ကာလူးဆေး၊ ဝက်ခြံပျောက်ဆေး၊ မိတ်ကပ်ရည်၊ ကွန်ဆီလာရည်တို့ကိုတော့ ၁ နှစ်အထိ သုံးလို့ရပါတယ်။ Pump ခေါင်းလေးနဲ့ နှိပ်ပြီးသုံးရတာမျိုးကို ရွေးတာ ပိုကောင်းပါတယ်။ အဖုံးဖွင့်လိုက်၊ ပြန်ပိတ်လိုက်နဲ့ သုံးရတာမျိုးကတော့ ၉ လထက် ကျော်လွန်ပြီး မသုံးသင့်ပါဘူး။
၂ နှစ်
ခေါင်းလျှော်ရည်၊ ပျော့ဆေး၊ ဆံပင်ပုံသွင်းတဲ့အလှကုန်တွေ၊ shaving cream ၊ ရေမွှေး၊ လက်သည်းနီတို့ဟာ ၂ နှစ်လောက်ထိ အထားခံပါတယ်။ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားနိုင်မယ့် အလှကုန် (၄) မျိုး ကိုလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
၃ နှစ်
ချွေးနံ့ပျောက်ဆေး၊ ဆပ်ပြာ၊ ပေါင်ဒါပုံစံမိတ်ကပ်၊ နှုတ်ခမ်းနီ၊ မျက်ခုံးမွေးဆွဲခဲတံ၊ နှုတ်ခမ်းပုံဖော်တဲ့ခဲတံတို့ကတော့ အချိန်ကြာမြင့်စွာ အထားခံနိုင်တဲ့ အရာတွေပါ။ ခဲတံတွေဆိုရင် ၅ နှစ်လောက်အထိတောင်မှ သုံးလို့ရနိုင်ပါသေးတယ်။
Source : Tree Hugger