သူငယ်ချင်းတစ်ယောက်ကို စွန့်ခွာလိုက်တာဟာ သင့်မှာ ပြောင်းလဲမှုတွေ ရှိနေပြီဆိုတဲ့ လက္ခဏာပါ။ အသက်ကြီးလာတာနဲ့အမျှ အလုပ်တွေပြောင်းလေ သူငယ်ချင်းတွေပြောင်းလေပါပဲ။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်လာလေ ရင့်ကျက်မှုနည်းတဲ့ သူငယ်ချင်းတွေကို စွန့်ခွာမိလေပါပဲ။ ဒါပေမယ့် ဘယ်အရွယ်ပဲရောက်ရောက် သင်လိုအပ်တဲ့ သူငယ်ချင်း သုံးမျိုး ရှိပါတယ်။
၁ - တစ်ယောက်တည်း မဟုတ်ဘူးကွ
ကိုယ်ဟာ တစ်ယောက်တည်းမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် သိနေစေဖို့ ဖြစ်ပါတယ်။ လူတိုင်းမှာ အားနည်းချက်တွေ ရှိပါတယ်။ မကျေနပ်တာတွေ အမြဲတမ်းရှိနေပါတယ်။ တခြားလူကို ပြောပြလိုက်ရင် ကိုယ့်အပေါ် တစ်မျိုးမြင်သွားမှာ စိုးတဲ့ကိစ္စတွေလည်း ရှိပါတယ်။ ကိုယ့်အားနည်းချက်၊ ကိုယ့်တွေးပုံခေါ်ပုံတွေကို နားလည်တဲ့ သူငယ်ချင်းမျိုး လိုတာ ဖြစ်ပါတယ်။ သူတို့နဲ့စကားပြောလိုက်ရတာနဲ့ ကိုယ့်မှာ တင်းထားတဲ့ စိတ်တွေလျော့ကျပြီး သက်သောင့်သက်သာ ဖြစ်သွားတဲ့ သူငယ်ချင်းမျိုး ဖြစ်ပါတယ်။ အားနည်းချက်တွေရှိနေတဲ့ ကိုယ့်ကိုယ်ကိုယ်တောင် သူတို့နဲ့တွေ့ရင် အရှိတိုင်းလက်ခံလိုက်ပါတယ်။ အားနည်းချက်တွေရှိတော့လည်း ဘာဖြစ်လဲ၊ ငါ့ဘက်မှာရှိတဲ့ သူငယ်ချင်းတွေ ရှိသေးတယ်ဆိုတာမျိုးပါ။
၂ - ပေါတောတော
အသက်ကြီးလာတာနဲ့အမျှ ဘဝမှာ ဖိအားတွေ များလာပါတယ်။ လေးလေးနက်နက်နေတာတွေများလာပြီး မွမ်းကြပ်လာပါတယ်။ တစ်ခါတစ်လေ ရူးတူးတူးပေါတောတော ပုံမျိုးနဲ့ လွပ်လွပ်လပ်လပ် နေချင်တာပါ။ ဒါကြောင့် တချို့လူတွေ သူငယ်ချင်းအချင်းချင်း ပြောနေတဲ့စကားကို ဘေးကလူတွေနားထောင်ရင် ဘာတွေ ပြောနေမှန်းမသိပါဘူး။ သူတို့အချင်းချင်း စနေကြတဲ့ စကားမျိုးဆို ပိုဆိုးပါတယ်။ ဘာရယ်စရာမှ မပါဘဲလည်း ရယ်နေတတ်ကြပါတယ်။ ရူးနေကြတာလားလို့တောင် မေးရမယ့် ပုံပါပဲ။
(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး -ကိုယ့်ကြောင့် ကိုယ့်ဘေးကလူတွေ စိတ်မညစ်ရစေဖို့ )
၃ - ကူညီဦးကွာ
တွေ့လိုက်တိုင်း ပေါတောတောနဲ့ ဟာသတွေပဲ လုပ်နေလို့ မရပါဘူး။ ကူညီတတ်သူလည်း လိုပါတယ်။ ကိုယ့်ပြဿနာ ကိုယ်ရှင်းရမယ်၊ လောကကြီးမှာ ဘယ်သူ့မှ ကူညီမှာ မဟုတ်ဘူးဆိုတဲ့ အတွေးက မမှန်ပါဘူး။ သင့်ဘက်ကစပြီး လှိုက်လှိုက်လှဲလှဲနဲ့ ကူညီကြည့်တတ်တဲ့ အကျင့်သာ လုပ်ထားပါ။ အပေါင်းအသင်းတွေဟာ သင့်ဘက်မှာ အမြဲရှိနေတာကို တွေ့ရမှာပါ။ ငွေကြေးကူညီခဲ့လို့ ငွေကြေးပြန်မကူညီနိုင်ဘူးဆိုရင်တောင် တခြားကူညီနိုင်တာတွေနဲ့ သင့်ဘက်က အမြဲရှိနေမှာပါ။
(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - ယောကျ်ားလေးတွေ စိတ်တိုတာ နားညီးလို့ပါ)
Photo & Source: Lifehack