ဒီခန္ဓာကိုယ်လေးတွေလောက် လှတဲ့ခန္ဓာကိုယ်ဆိုတာ ရှိပါဦးမလား။ ပိန်လည်းမပိန်၊ ဝလည်းမဝ ကျစ်ကျစ်လျစ်လျစ်လေးနဲ့ လှနေပုံက အရမ်းစတိုင်လ်ကျပါတယ်။ တစ်ခု သတိထားရမှာကတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်လေးက လှတယ်ဆိုပြီး အဝတ်အစားနဲ့ ဖက်ရှင်ကို ဂရုမစိုက်ကြတာပါပဲ။ ဝတ်ချင်တာဝတ်ပြီး အလှပျက်သွားအောင် မလုပ်လိုက်ပါနဲ့။ ကိုယ်နဲ့လိုက်ဖက်တာလေးတွေကို ဆင်မြန်းပြီး လန်းလန်းလေးနေလိုက်လေ။
၁။ ကိုယ်နဲ့ကွက်တိ
ကိုယ့်ခန္ဓာကိုယ်လေးက လှနေပြီးသားဆိုတော့ ကိုယ်နဲ့ကွက်တိဖြစ်နေတာလေးတွေဝတ်ရင် အရမ်းကြည့်ကောင်းပါတယ်။ ပွလွန်းတာ၊ ကျပ်လွန်းတာတွေထက် ကိုယ်နဲ့အတိ ဖြစ်နေတဲ့ဝတ်စုံလေးတွေကိုရွေးပါ။ အကျႌတွေ ချောင်သွားပြီဆိုလည်း ပြန်ပြီးကျဉ်းလိုက်ဖို့ မပျင်းပါနဲ့။
၂။ အရောင်
အရောင်တွေအများကြီး စပ်ထားတဲ့ ဝတ်စုံတွေလည်း သိပ်မလိုက်လှပါဘူး။ အရောင်အဖျော့ကနေ အသင့်အတင့်ရင့်တဲ့ အရောင်တွေက သင့်ကို ပိုမိုကြည့်ကောင်းစေပါလိမ့်မယ်။
၃။ အစင်း
ကန့်လန့်စင်းတွေကို မဝတ်လေ ကောင်းလေပါပဲ။ ဒေါင်လိုက်စင်းတွေက ကျစ်လျစ်တဲ့ခန္ဓာကိုယ်ပိုင်ရှင်လေးတွေနဲ့ လိုက်ဖက်ပါတယ်။ ကိုယ့်အရပ်ကို ပိုရှည်သွားစေတယ်လေ။
၄။ စကတ်
အတိုဖြစ်ဖြစ်၊ အရှည်ဖြစ်ဖြစ် ကြိုက်တာသာဝတ် ကြည့်လို့ကောင်းတယ်။ ဒါပေမဲ့ ဟိုမရောက်ဒီမရောက် ဒူးဖုံးသာသာ စကတ်တွေဝတ်ရင်တော့ ဂွမ်းရော။
၅။ ဘောင်းဘီဝတ်မယ်ဆိုရင်
ဘောင်းဘီဝတ်မယ်ဆိုရင်တော့ သတိထားပြီးရွေးပါ။ ကိုယ်က ကျစ်လျစ်တဲ့ခန္ဓာကိုယ်ပိုင်ရှင်ပါ။ ပိန်ပိန်သွယ်သွယ်လေးမဟုတ်တာကို မမေ့ပါနဲ့။ ဘောင်းဘီရှည်ဝတ်ရင် ဖိနပ်ကိုဖုံးလောက်တဲ့အထိ ရှည်တာကိုရွေးသင့်ပါတယ်။ ဒါပေမဲ့ ကြမ်းတိုက်သလိုဖြစ်နေမယ့် ဘောင်းဘီမျိုးတော့ မဖြစ်ရပါဘူး။ အတိုလေးတွေဝတ်လည်း ကြည့်ကောင်းပါတယ်။ အတိုဝတ်လို့ အလှဆုံး ခန္ဓာကိုယ်လေးဆိုတော့ ဂျင်းဘောင်းဘီတိုလေးတွေဝတ်ရင် သိပ်ကိုကြည့်ကောင်းနေမှာ။
၆။ ဖိနပ်
အရပ်ရှည်ချင်ရင်တော့ ဒေါက်ဖိနပ်သာစီးပါ။ စီးရတာ သက်သောင့်သက်သာဖြစ်မယ့် ဒေါက်မြင့်ဖိနပ်ကို ရွေးသင့်ပါတယ်။ ဒေါက်ပါတဲ့ လေဒီရှုးတွေနဲ့ လိုက်ဖက်ပါတယ်။ ခြေကျင်းဝတ်မှာ ကြိုးတွေယှက်သိုင်းထားတဲ့ ဖိနပ်ပါးတွေနဲ့ သိပ်မလိုက်ပါဘူး။ ကိုယ့်ကို အရပ်ပုသလိုဖြစ်စေတယ်။
၇။ Accessories
ကိုယ့်အရပ်ကို ပိုရှည်တဲ့အသွင် မြင်စေချင်ရင် ခါးပတ်ကို ဘယ်နေရာမှာပတ်ရမလဲဆိုတာ သိထားဖို့လိုမယ်နော်။ ခါးမှာမပတ်နဲ့ ခါးအပေါ် ရင်ခေါင်းနားလေးမှာပတ်ရင် ကိုယ်လုံးပိုလှတယ်။ အိတ်အကြီးကြီးတွေနဲ့ မလိုက်ဘူးဆိုတာလည်း မှတ်ထားပါ။ လက်ဝတ်ရတနာဆိုလည်း ပြူးပြူးပြဲပြဲကြီးတွေနဲ့ မလိုက်ဖက်ပါဘူး။
Source : Women Talks