စာကို နှစ်များစွာ ရေရှည်လုပ်ရမယ့် ကျောင်းသားတွေအနေနဲ့ သူတို့ရဲ့ စာလုပ်ပုံအလေ့အထတွေကို ဂရုစိုက်သင့်ပါတယ်။ စာပြီးတာနဲ့ စာပဲထပ်လုပ်နေလို့ မရပါဘူး။ ဟန်ချက်ညီတဲ့ နေ့စဉ် စာလေ့လာပုံမျိုး လိုအပ်ပါတယ်။
၁ - ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ
ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ရှိရမှာ ဖြစ်ပါတယ်။တစ်နေရာတည်းမှာ အကြာကြီးထိုင်ပြီးလေ့လာနေရတာ၊ နေ့စဉ်နေ့တိုင်း ဒီနယ်ပယ်ကိုပဲ လေ့လာနေရတဲ့အခါမျိုးတွေမှာ ဖြစ်ပေါ်လာတဲ့ ဖိစီးမှုတွေကို ပြေပျောက်စေဖို့ ဖြစ်ပါတယ်။ အဆက်မပြတ်လေ့လာတာထက် ၅ မိနစ်ကနေ ၁၅ မိနစ်လောက်ထိ အမြဲတမ်း နားချိန်ယူပေးပါ။ ဒီလို နားချိန်ယူတာက သင့်လေ့လာမှုကို ပိုလည်း ထိရောက်စေပါတယ်။ သင့်စိတ်ကိုပြေလျော့စေပြီး အချက်အလက်တွေကို ပိုမိုစုပ်ယူနိုင်စွမ်းရှိပါတယ်။ အကောင်းဆုံးကတော့ မိနစ် ၉၀ တိုင်း မိနစ် ၂၀ လောက် အနားယူတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ မျက်လုံးခဏမှိတ်ပြီး မှေးနေလို့လည်း ရပါတယ်။
(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - စာမေးပွဲဖြေခါနီးရင် စိုုးရိမ်တတ်သူတွေ သိသင့်တဲ့အချက် (၅) ချက်)
၂ - လမ်းလျှောက်
ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုဟာ စာကို အာရုံစိုက်လုပ်နေတာကြောင့် ဖြစ်ပေါ်လာတဲ့ တင်းမာနေတဲ့ စိတ်တွေကို ပြေလျော့စေပါတယ်။ တီထွင်ဆန်းသစ်တဲ့ စိတ်ကူးတွေကိုလည်း ရရှိလာစေပါတယ်။ စာလုပ်တာနားတဲ့အချိန်မှာ အနီးအနားတစ်ဝိုက်လမ်းလျှောက်တာ အကောင်းဆုံးဖြစ်ပါတယ်။
၃ - ပြောင်းလဲ
ဘာသာရပ်တွေကို ပြောင်းလဲ လေ့လာဖို့လည်း လိုပါတယ်။ သင် သဘောကျတာက သမိုင်းဘာသာရပ်မျိုးဖြစ်ပေမယ့် လောလောဆယ်အရေးကြီးတာက အင်္ဂလိပ်စာဖြစ်တာကြောင့် အင်္ဂလိပ်စာလုပ်နေရပါတယ်။ ဒါပေမဲ့ ငြီးငွေ့မှုကိုတအားခံစားရတဲ့အခါ သင်သဘောကျတဲ့ သမိုင်းဘာသာရပ်မျိုးကို ပြောင်းလေ့လာတာမျိုးလည်း လုပ်သင့်ပါတယ်။ စာလုပ်ပြီးသားလည်း ဖြစ်သလို လူလည်း စိတ်ပြန်လည်ရွှင်လန်းလာပါတယ်။
၄ - အိပ်ရေးပျက်မခံနဲ့
အိပ်ရေးလုံးဝအပျက်မခံပါနဲ့။ ဒီ့အတွက် သင့်စာလုပ်ချိန် ပုံမှန်ထားပြီး ပုံမှန်လုပ်ဖို့ လိုပါတယ်။ ဘယ်နေ့မှာ ဘာလုပ်မယ်လို့ ဇယားဆွဲထားပြီး ဒီဇယားအတိုင်း လုပ်ဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ သင့်စာလုပ်ပုံဟာ အစီစဉ်တကျမရှိဘဲ အိပ်ရေးပျက်တဲ့ညတွေလည်း ရှိလာမှာပါ။ အိပ်ရေးပျက်ခြင်းဟာ သင့်မှတ်ညဏ်ကိုလည်း ထိခိုက်စေမှာ ဖြစ်ပါတယ်။
၅ - ကစားပါ
အားကစားတစ်ခုခု လုပ်ကြည့်ပါ။ မနက်ခင်းထပြီး လမ်းလျှောက်တာ၊ ပြေးတာမျိုးလည်း လုပ်လို့ရပါတယ်။ စာပြီးတာနဲ့ စာပဲလုပ်နေတာဟာ သင့်ကျန်းမာရေးကို ထိခိုက်ပြီး သင့်တွေးခေါ်ပုံကိုပါ ထိခိုက်နိုင်ပါတယ်။ ကျောင်းစာနဲ့မပတ်သက်တဲ့ကိစ္စတွေမှာ သင့်တွေးခေါ်မှုဟာ အားနည်းလာနိုင်ပါတယ်။
Photos & Source: OEBd