မုန်တိုင်းလိုမျိုး သဘာဝဘေးအန္တရာယ်တွေက အလွန်ကြောက်ဖို့ကောင်းပါတယ်။ နောက်ပြီး အခုဆိုရင် လေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ နှုန်းဖြင့် အမေရိကန်နိုင်ငံကို ဟာရီကိန်းအာရ်မာ ဝင်ရောက်နေပြီဖြစ်ပါတယ်။
မြန်မာပြည်နဲ့တော့ အလှမ်းဝေးပေမယ့် ဘာလေးဘာ (စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) ကာလမှာ မုန်တိုင်းဆိုတာ ရောက်မလာနိုင်ဘူးလို့ ပြောလို့မရပါဘူး။ မုန်တိုင်းအန္တရာယ် ကာကွယ်ရေးမှာ အရေးပါတဲ့ပစ္စည်းတစ်မျိုးဟာ ပလတ်စတစ်ရေသန့်ဘူးတစ်ဘူးဆိုရင် ယုံမှာလား။
ရေသန့်ဘူးရဲ့အသုံးဝင်ပုံ
အမှန်တကယ်တော့ ရာသီဥတုဆိုးဝါးပြင်းထန်နေချိန်မှာ ရေသန့်ဘူးတစ်ဘူးဆိုတာ အလိုအပ်ဆုံးအရာဝတ္ထုတစ်ခုဖြစ်မှာပါ။ ဒါပေမယ့် အထဲမှာပါတဲ့ ရေသန့်ကို သောက်သုံးဖို့တင် မကပါဘူး။ ရေသန့်ဘူး အခွံကိုလည်း မိမိအသက်အန္တရာယ်ကို ရှောင်ရှားဖို့ အသုံးပြုနိုင်ပါသေးတယ်။
မုန်တိုင်းဝင်ပြီဆိုရင် ရေကြီးရေလျှံခြင်းဖြစ်မှာပါပဲ။ အဲဒီအချိန်မှာ ရေတွင်း၊ ရေကန်တွေထဲက ရေတွေက ဘက်တီးရီးယားပိုးမွှားတွေ၊ အညစ်အကြေးတွေ၊ ဓာတုပစ္စည်းတွေ ပါဝင်နေတဲ့အတွက် သောက်သုံးလို့အဆင်မပြေနိုင်ပါဘူး။ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဖျားနာမှုဖြစ်ပွားခြင်းကို ရှောင်ရှားဖို့ မုန်တိုင်းအသံကြားတာနဲ့ ရေသန့်ဘူးတွေ ပါကင်လိုက် ဝယ်ဆောင်ထားသင့်တာ အမှန်ပါပဲ။
ဆွဲဆောင်မှုအားကောင်းတဲ့ လူတစ်ယောက်ဖြစ်လိုတယ်ဆိုရင်
နောက်ပြီးတော့ ဘုံဘိုင်ကရေကိုပဲ ပြန်လည်ကြိုချက်ပြီး သောက်သုံးမယ်ဆိုရင်လည်း ရေသန့်ဘူးအလွတ်တွေက ထည့်သောက်ဖို့အတွက် အသုံးဝင်နေစေမှာပါ။ နောက်တစ်ခုက ရေသန့်ဘူးတွေကို ခါးလည်လောက်ကဖြတ်ပြီး ထည့်စရာခွက် အဖြစ်လည်း အသုံးပြုနိုင်ပါသေးတယ်။
မုန်တိုင်းဝင်ပြီဆိုရင် လျှပ်စစ်မီးတွေပြတ်တောက်တာကလည်း သဘာဝပါပဲ။ လျှပ်စစ်မီးပြတ်တောက်ပြီဆိုရင် အလင်းရောင် ရဖို့အတွက် ဖယောင်းတိုင်တွေကို သုံးလည်းရပေမယ့် ဖယောင်းတိုင်က ရေစိုရင်၊ လေတိုက်ရင် မီးငြိမ်းနိုင်ပါတယ်။ ခဏခဏလည်း မီးပြန်ညှိရနိုင်ပါတယ်။
အဲဒီလိုအချိန်မျိုးမှာလည်း ရေသန့်ဘူးတွေက အသုံးဝင်ပြန်ရော။ လက်နှိပ်ဓာတ်မီးငယ်လေးတစ်လက်ကို ရေသန့်ဘူးတစ်လုံးရဲ့ ဖင်မှာ တိတ်နဲ့ကပ်ထားလိုက်မယ်ဆိုရင် ပလတ်စတစ်နဲ့ အထဲမှာပါဝင်တဲ့ ရေကြောင့် ဖြာထွက်နေတဲ့အလင်းရောင်ကို ပေးစွမ်းနိုင်မှာပါ။ အဲဒီကရတဲ့ အလင်းရောင်နဲ့ အခန်းတစ်ခန်းကို အလင်းရောင်ပေးနိုင်သလို အခန်းထဲမှာပိတ်မိနေမယ်ဆိုရင်လည်း ကယ်ဆယ်မယ့်လူတွေလာဖို့ အချက်ပြမီးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
ဒါတွေဟာ မုန်တိုင်းရာသီ ရေလျှံရေကြီးချိန်မှာ ရေသန့်ဘူးတွေနဲ့ လုပ်လို့ရတဲ့ အရာတွေပါပဲ။
Source: Reader's Digest