နာမည်ကျော်အမျိုးသမီး အလှကုန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Veet ရဲ့အမွှေးချွတ်ဆေးကြော်ငြာကို ပါကစ္စတန် အမျိုးသမီး ခရစ်ကတ်အသင်းခေါင်းဆောင် ဆာနာမီယာကပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီးတဲ့နောက် လူမှုကွန်ယက်ပေါ်မှာ အုတ်အုတ်ကျက်ကျက်ဖြစ်ခဲ့ပါတယ်။
Youtube ပေါ်မှာအရင်ဆုံးတင်ခဲ့တဲ့ Veetကြော်ငြာမှာ ပါကစ္စတန်မင်းသမီး မာဟီရာခံ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အဲဒီကြော်ငြာမှာ ဒေါက်မြင့်ဖိနပ် နဲ့ ပန်းရောင်ဂါဝန်ကျပ်ကျပ်ကို ဝတ်ဆင်ထားတဲ့ မင်းသမီးက တက္ကသိုလ်ဝင်းထဲက ဘက်စကတ်ဘောကွင်းကို ဝင်လာပြီး ဘောလုံးကိုခြင်းထဲကို ပစ်သွင်းဖို့ လုပ်တဲ့အချိန်က ကွင်းထဲက ကျောင်းသူလေးတစ်ယောက်နဲ့ လက်မောင်းခြင်းပွတ်တိုက်မိသွားပါတယ်။ ကျောင်းသူလေးက “ချောမွတ်နေတာပဲ”လို့ ပြောလိုက်တဲ့အခါမှာ မင်းသမီးက “ဒါတင်ဘယ်ကမလဲ။ အားလုံးကောင်းတယ်”လို့ ပြန်ပြောလိုက်တာဖြစ်ပါတယ်။
Veet ရဲ့ အဲဒီကြော်ငြာနဲ့ပတ်သက်ပြီး ပါကစ္စတန်အမျိုးသမီး ခရစ်ကတ်အသင်းခေါင်းဆောင် ဆာနာမီယာက “အမျိုးသမီးအားကစားသမားရဲ့လက်ဟာ ချောမွတ်နေဖို့ မလိုဘူး၊ သန်မာဖို့ပဲလိုတယ်” လို့သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာပြောခဲ့ပြီးနောက် အဲဒီဗွီဒီယိုကို ဖေ့စ်ဘွတ်ပေါ်မှာ ၇၀၀လောက်က ရှဲခဲ့ကြပါတယ်။
အလှကုန်ကြော်ငြာတွေကို ထောက်ခံလေ့မရှိတဲ့သူအနေနဲ့ အခုတကြိမ်မှာတော့ အားကစား နဲ့ပတ်သက်ပြီး ပါဝင်လာတဲ့အတွက် အခုလို ထုတ်ပြောလိုက်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။
“အမျိုးသမီးငယ်လေးတွေကို အပေါ်ယံ အသားအရောင် နဲ့ အသားအရေ စတာတွေဟာ အရေးမကြီးဘူးလို့ မက်ဆေ့ချ်မပေးတဲ့အပြင် ဒါဟာ body shamming ကို အားပေးအားမြှောက်လုပ်တာနဲ့ တူတူပဲ” လို့သူ့ရဲ့ ပို့စ်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အနုပညာရှင်တွေအနေနဲ့ အမျိုးသမီးတွေကို သူတို့ရဲ့ ခန္ဓာကိုယ်အပေါ်မှာ အားငယ်စိတ်မထားပဲ၊ သူတို့မျှော်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိအောင် အားပေးဖို့ တောင်းဆိုထားပါတယ်။
ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတို့မှာ အသားဖြူဆေး whitening cream တွေနဲ့ အမွှေးချွတ်ဆေးတို့ဟာ အမျိုးသမီးတွေကြားမှာ အရောင်းရဆုံး အလှကုန်ပစ္စည်းတွေဖြစ်ပြီး၊ အမျိုးသမီးတွေကို မိမိကိုယ်မိမိယုံကြည်မှုနည်းစေတဲ့အကြောင်းအရင်းလည်း ဖြစ်စေတယ်လို့ အမျိုးသမီးရေးလှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။
Share